- ရခိုင်တွင် ၃ လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် ဒေသခံ ၃၀၀ ကျော် သေဆုံးဒဏ်ရာရ
- ပါကစ္စတန် အဓိကရုဏ်းများကြောင့် သေဆုံးသူ ၁၃၀ ကျော်သွားပြီဟု တာဝန်ရှိသူများ ပြောကြား
- တရားစွဲခံထားရသော သားဖြစ်သူကို သမ္မတဘိုင်ဒန် လွတ်ငြိမ်းချမ်းသာပေး
- ဆေးဝါးရှားပါးမှုကြောင့် သံတွဲက စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်များ မွေးဖွားရန် စိုးရိမ်နေကြ
- လေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ကုတ်စစ်ဘေးရှောင် ၂ ဦး သေဆုံး၊ ၁၉ ဦးထက်မနည်း ဒဏ်ရာရ
ထိုင်းတွင် အထောက်အထားမဲ့ နေထိုင်သူများကို ငွေဒဏ်အပြင် နေထိုင်ခွင့် ပိတ်ပင်မည်
လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနှင့်အညီ ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်၍ နေထိုင်ခွင့်သက်တမ်းတိုးမှုများကို ဆောက်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံသားများအနေဖြင့် သံရုံးသို့လာရောက် သက်တမ်းတိုးရန် မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
09 Nov 2024
DMG ၊ နိုဝင်ဘာ ၉
ထိုင်းနိုင်ငံတွင် အထောက်အထားမဲ့ နေထိုင်သူများကို ငွေဒဏ်အပြင် ပြန်လည် ဝင်ရောက်နေထိုင်ခွင့်ကိုလည်း ပိတ်ပင် တားမြစ်သွားမည်ဟု မြန်မာသံရုံး (ဘန်ကောက်) မှ နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်လိုက်သည်။
လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနှင့်အညီ ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်၍ နေထိုင်ခွင့်သက်တမ်းတိုးမှုများကို ဆောက်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံသားများအနေဖြင့် သံရုံးသို့လာရောက် သက်တမ်းတိုးရန် အသိပေးထားသည်။
သက်တမ်းကုန်ဆုံးနေသည့် အထောက်အထားများဖြင့် နေထိုင်နေကြသူများအနေဖြင့်လည်း ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာခြင်းမရှိလျှင် အရေးယူသွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
“ဒီဟာက သက်သက် ဒီကအလုပ်သမားတွေကို ငွေညှစ်တာပါဗျာ။ သက်တမ်းမကုန်ခင် သံရုံးသွားပြီး သက်တမ်းတိုးလည်း ပွဲစားလက်ထဲ ထိုးထည့်တာပဲ။ ပြီးတော့ ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ အချိန်တွေ အကြာကြီး စောင့်ခိုင်း၊ သက်တမ်းကုန်သွားတော့မှ သူတို့တောင်းချင်သလို တောင်းတော့တာပါပဲ” ဟု ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။
သက်တမ်းလွန်နေထိုင်သူများသည် တစ်ရက်လျှင် ဘတ်ငွေ ၅၀၀ နှုန်းဖြင့် အမြင့်ဆုံး ရက်ပေါင်း (၄၀) ထက်မပိုသည့် ဒဏ်ကြေးငွေကို လူဝင်မှုကြီးကြပ်ရေးဗျူရိုသို့ ပေးဆောင်ရမည်ဖြစ်ပြီး နေထိုင်ခဲ့သည့် သက်တမ်းအတိုင်း ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့် ပိတ်ပင်သွားမည်ဖြစ်သည်။
သက်တမ်းလွန်အဖြစ် (၃) လ ကျော်နေလျှင် ပြန်လည်ဝင်ရောက်ခွင့် (၁) နှစ်၊ (၁) နှစ်ကျော်နေလျှင် ပြန်လည် ဝင်ရောက်ခွင့် (၃) နှစ်၊ (၃) နှစ်ကျော်နေလျှင် ပြန်လည်ဝင်ရောက်ခွင့် (၅) နှစ်နှင့် (၅) နှစ်ကျော်နေလျှင် ပြန်လည်ဝင်ရောက်ခွင့် (၁၀) နှစ်အထိ ပိတ်ပင်သွားမည် ဖြစ်သည်။
“ထိုင်းအစိုးရအနေနဲ့ သူတို့ဘက်မှာ နိုင်ငံရေးကိစ္စတွေကြောင့် ဥပဒေအပြောင်းအလဲတွေရှိနေတယ်။ အဲဒါကြောင့် အလုပ်သမားတွေအတွက် သက်တမ်းတိုးဖို့ ကြန့်ကြာနေတာတွေရှိတယ်။ လုပ်ငန်းရှင်တွေ ဘက်ကလည်း ဆက်ပြီး မလုပ်ပေးတာတွေ ရှိတယ်။ ပွဲစားနဲ့ခိုင်းတော့လည်း ငွေတအားကုန်တာကြောင့် ခက်ခဲနေကြတယ်” ဟု အလုပ်သမားရေး တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
သက်တမ်းတိုးမည်ဆိုပါက တစ်ကြိမ်လျှင် ထိုင်းဘတ်ငွေ တစ်သောင်းအထိ ကုန်ကျနိုင်ပြီး အလုပ်သမားများ အတွက် ငွေကြေးကုန်ကျမှုများပြားကာ မြန်မာသံရုံးမှလည်း ကူညီဆောင်ရွက်ပေးမှု အားနည်းကြောင်း အလုပ်သမားအရေး လှုပ်ရှားသူများက ပြောဆိုကြသည်။
“အထောက်အထားတွေ မရှိဘဲနေတာ တော်တော်ကြာပြီ။ အခြေအနေကိုကြည့်လို့ ဆင်ဆင်ခြင်ခြင် နေနေရတယ်။ အဖမ်းခံရရင် ငွေနဲ့ပြန်လွှတ်ပေးတာ ရှိသလို၊ မြန်မာဘက် ပို့ဆောင်ခံရတာတွေလည်း ရှိတော့ သတိထားရတယ်” ဟု ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ နေထိုင်သူတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်လုပ်ကိုင်ရန် MOU နည်း၊ အသိအမှတ်ပြု CI စာအုပ်နှင့် အလုပ်လုပ်ကိုင်ရန် Pink Card ပြုလုပ်၍ လုပ်ကိုင်နိုင်သည်။ ယင်းအပြင် တစ်ပတ်စာ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ဖြင့်လည်း တစ်ပတ်တစ်ကြိမ် သက်တမ်းတိုးနေထိုင်ခြင်း၊ တစ်လ ဘတ်ငွေ ၃၀၀ ထိုင်းရဲကဒ်များဖြင့် နေထိုင်ခြင်းအပြင် နေထိုင်ရာရပ်ကွက်၊ ကျေးရွာထောက်ခံစာများဖြင့် နေထိုင်မှုများလည်းရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် အစိုးရအပြောင်းအလဲဖြစ်ပြီးနောက် ရွှေ့ပြောင်းလုပ်သားများနှင့်ပတ်သက်၍ အရေးတယူ ဆောင်ရွက်မှုများကို လုပ်ဆောင်လျက်ရှိသည်။ ထိုင်နိုင်ငံအတွင်း နှစ်ပေါင်း ၁၇ နှစ်မှ ၂၅ နှစ်ကြာသည်အထိ ရွှေ့ပြောင်းနေထိုင်သူ ၅ သိန်းနီးပါးကို နိုင်ငံသားဖြစ်ခွင့်ပေးသွားမည်ဟု ထိုင်းအစိုးရက ကြေညာထားပြီး ယင်းထဲတွင် မြန်မာနိုင်ငံသား အများအပြား ပါဝင်သည်။