- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မိုင်းလားရောက် ရခိုင်ဒေသခံ ထောင်နှင့်ချီ အလုပ်လက်မဲ့ဖြစ်နေ
တရုတ်-မြန်မာနယ်စပ်ဂိတ် ပိတ်ထားမှုကြောင့် ဆောက်လုပ်ရေးပစ္စည်းများ ဝင်ရောက်မှုမရှိ၍ အလုပ်ရပ်နားထားရသည်မှာ ၂ လခန့် ကြာမြင့်လာပြီဟု ဆောက်လုပ်ရေးသမားများက ပြောသည်။
29 Nov 2024
DMG ၊ နိုဝင်ဘာ ၂၉
တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် ရှမ်းပြည်နယ်၊ မိုင်းလား(ခရိုင်) ဒေသရောက် ရခိုင်ပြည်အတွင်းမှ ဆောက်လုပ်ရေးအလုပ်သမား ထောင်နှင့်ချီမှာ အလုပ်လက်မဲ့ ဖြစ်နေကြောင်း သိရသည်။
တရုတ်-မြန်မာနယ်စပ်ဂိတ် ပိတ်ထားမှုကြောင့် ဆောက်လုပ်ရေးပစ္စည်းများ ဝင်ရောက်မှုမရှိ၍ အလုပ်ရပ်နားထားရသည်မှာ ၂ လခန့် ကြာမြင့်လာပြီဟု ဆောက်လုပ်ရေးသမားများက ပြောသည်။
“ဆောက်လုပ်ရေးပစ္စည်းတွေ မဝင်တော့ လက်ကျန်ပစ္စည်းတွေနဲ့ အလုပ်လုပ်နေရတာ။ အဲဒီပစ္စည်းတွေ ကုန်တော့ အလုပ်နားထားရတယ်။ အလုပ်မလုပ်ရတော့ စားသောက်ရေးကအစ အကုန်လုံး ထိခိုက်လာတယ်” ဟု မိုင်းလားတွင် ဆောက်လုပ်ရေးလုပ်ကိုင်နေသည့် ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားသည့် ချင်းရွှေဟော်နှင့် တရုတ်နိုင်ငံ နန်းစံနယ်စပ်ဂိတ်၊ လောက်ကိုင်မြို့နယ် ရန်လုံကြိုင်း နယ်စပ်ဂိတ်၊ မူဆယ်ခရိုင်အတွင်းက ကြူကုတ်(ပန်ဆိုင်း)နှင့် မုံးကိုး စသည့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များကို တရုတ်ဘက်မှ ကုန်သွယ်ခွင့် ပိတ်ပင်ထား၍ ဆောက်လုပ်ရေးလုပ်ငန်းများ အခက်ကြုံတွေ့ နေရခြင်းဖြစ်သည်။
“ကိုယ့်ဒေသကို ပြန်ဖို့ကလည်း လမ်းပိတ်ထားလို့ အဆင်မပြေဘူး။ ဒီမှာနေတော့လည်း ငွေမရှိရင် ဘာမှ အဆင်မပြေဘူး။ အားလုံးက သောင်တင်နေကြပြီ” ဟု အထက်ပါ ရခိုင်ဒေသခံက ပြောသည်။
အလုပ်ရပ်နားချိန်မှစ၍ ဆောက်လုပ်ရေးအလုပ်သမားများမှာ အလုပ်ရှင်ထံမှ လစာမရကြပေ။ လက်ရှိတွင် အခြေခံစားကုန်နှင့် လူသုံးကုန်ပစ္စည်းများမှာလည်း ဈေးနှုန်းအဆမတန် မြင့်တက်လာနေမှုကြောင့် ပိုပြီး အခက်ကြုံတွေ့နေရသည်ဟု ပြောဆိုကြသည်။
နယ်စပ်ဂိတ် ပြန်ဖွင့်မည့်ကိစ္စနှင့် ပတ်သက်၍လည်း တစ်စုံတစ်ရာ သတင်းမကြားရသဖြင့် ရေရှည်အတွက် မိုင်းလားရောက် ဆောက်လုပ်ရေးသမားများက စိုးရိမ်နေကြသည်။
မိုင်းလားရောက် ရခိုင်လုပ်သားနောက်တစ်ဦးက “ရေရှည်ဆိုရင်တော့ ဒီထက်ပိုဆိုးလာပြီး အကုန်လုံး ဘဝပျက်ကြမယ်။ မြန်မာဖက်ကို ပြန်ဖို့ကလည်း လမ်းခရီးအဆင်မပြေ။ ဒီမှာ ဆက်နေဖို့ကလည်း ငွေမရှိရင် မပြေဘူး။ ကျနော်တို့က ကြားမှာ သောင်တင်နေသလို ဖြစ်နေပြီ” ဟု ပြောသည်။
တရုတ်သည် ရှမ်းမြောက်က တိုက်ပွဲများ ရပ်တန့်ရန် ဖိအားပေးသည့်အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ထိစပ်နေသည့်နယ်စပ်ဂိတ်များကို ၂၀၂၄ ဩဂုတ်လဆန်းပိုင်းမှစ၍ ပိတ်ပင်ထားခြင်း ဖြစ်သည်။
ထိုသို့ ပိတ်ထားသည့်အတွက် နယ်စပ်တစ်လျှောက်မြို့နယ်များက ဒေသခံများမှာ စားသောက်ကုန်၊ ဆေးဝါး၊ ဆောက်လုပ်ရေးပစ္စည်းအပါအဝင် လူသုံးကုန်ပစ္စည်းများ ပြတ်လပ်နေပြီး ကုန်ဈေးနှုန်း မြင့်မားမှုဒဏ်ကို ကြုံတွေ့နေကြရသည်။