- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ မလေးရှားသို့ ရွှေ့ပြောင်းမှုများလာ
လက်ရှိ ထိုင်းနိုင်ငံတွင် လုပ်ခလစာနည်းပါးခြင်း၊ အိမ်ငှားခဈေးမြင့်လာခြင်း၊ ကုန်ဈေးနူန်းများမြင့်တက်ခြင်း၊ အထောက်အထား အပြည့်အစုံမရှိသူများ အလုပ်အကိုင်ရှားပါးခြင်းတို့ကြောင့် မလေးရှားနိုင်ငံသို့ ရွှေ့ပြောင်းသူများ ပြားလာကြောင်းသိရသည်။
25 Jan 2025
DMG ၊ ဇန်နဝါရီ ၂၅
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ ယခုနှစ်စပိုင်းတွင် မလေးရှားနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်မှုပိုများလာကြောင်း ကာယကံရှင်များက ပြောသည်။
လက်ရှိ ထိုင်းနိုင်ငံတွင် လုပ်ခလစာနည်းပါးခြင်း၊ အိမ်ငှားခဈေးမြင့်လာခြင်း၊ ကုန်ဈေးနူန်းများမြင့်တက်ခြင်း၊ အထောက်အထား အပြည့်အစုံမရှိသူများ အလုပ်အကိုင်ရှားပါးခြင်းတို့ကြောင့် မလေးရှားနိုင်ငံသို့ ရွှေ့ပြောင်းသူများပြားလာကြောင်း သိရသည်။
“ထိုင်းမှာ အဆင်မပြေလို့ မလေးကို ပြောင်းလာတာ။ ကိုယ့်ပြည်ပြန်ဖို့ကလည်း လမ်းခရီးမလုံခြုံလို့ မပြန်ဖြစ်ဘူး။ ထိုင်းနယ်စပ်ကနေ မလေးကို ပွဲစားတွေနဲ့ သွားရတာ။ တစ်သုတ်ပို့ရင် လူ ၅၀ လောက်ပါတယ်။ အားလုံး မြန်မာတွေပါ” ဟု ထိုင်းနိုင်ငံမှ မလေးရှားနိုင်ငံသို့ ရွှေ့ပြောင်းသွားသူ တစ်ဦးက ပြောသည်။
မြန်မာအများစုနေထိုင်ရာ ဘန်ကောက်၊ မဟာချိုင်မြို့များတွင် အလုပ်သမားနေထိုင်ရန် အိမ်ခန်းငှားရမ်းခမှာ ယခင်က ထိုင်းငွေ ဘတ် ၂,၀၀၀ ဝန်းကျင် ရှိရာမှ ၂၀၂၄ နှစ်ကုန်ပိုင်းမှစ၍ ဘတ် ၃,၀၀၀ ကျော် အထိ မြင့်တက်နေကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ ယခင်က အလုပ်ကိုင်အခွင့်အလမ်းများရရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် တရားဝင်အထောက်အထားနေထိုင်ခွင့် CI စာအုပ်မရှိလျှင် အလုပ်မရကြသဖြင့် ရွှေ့ပြောင်းသူများလာခြင်းဟု အလုပ်သမားများက ပြောသည်။
ယင်းအပြင် ဗီဇာသက်တမ်းကုန်သည့် မြန်မာနိုင်ငံသားအချို့မှာ ၂၀၂၅ ခုနှစ်အတွက် သက်တမ်းတိုးရန် အခက်အခဲများရှိနေခြင်းအပြင် လုပ်ခလစာနည်းပါးခြင်းတို့ကြောင့် မလေးရှားနိုင်ငံသို့ ပွဲစားများမှတစ်ဆင့် သွားနေကြခြင်းဖြစ်သည်။
“အခုနောက်ပိုင်း ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ တိုက်ခန်းဝယ်ယူတာတွေ များလာတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေမတည်ငြိမ်တော့ ထိုင်းနိုင်ငံဘက် အလုပ်လာလုပ်တဲ့သူတွေ တအားများတော့ အလုပ်ကိုင်ရှားတာတွေလည်း ရှိလာတယ်။ ကုန်ဈေးနူန်းကလည်း တအားတက်တယ် ” ဟု မဟာချိုင်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများကို မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကြောင်းဖြင့် ပွဲစားများကပို့ဆောင်နေပြီး အပတ်စဉ် ရာနှင့်ချီ ပို့ဆောင်နေရကြောင်း ပွဲစားအသိုင်းအဝိုင်းများထံမှ သိရသည်။
“ပွဲစားတွေကတော့ လူများများရလေ ကြိုက်လေပဲ။ ဖမ်းဆီးတာတွေရှိလည်း သူတို့က ပို့နေကြတာပါ။ ကျနော့် သူငယ်ချင်းတစ်ယောက်တောင် ထိုင်းကနေ မလေးကိုလာတာ လမ်းမှာအဖမ်းခံလိုက်ရတယ် ” ဟု မလေးရှားနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သား အမျိုးသားတစ်ဦးက ပြောသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကနေ ယခုအချိန်ထိ ထိုင်းရောက် မြန်မာပြောင်းရွှေ့လုပ်သား ၁,၀၀၀ ကျော်အထိ မလေးရှားနိုင်ငံသို့ နည်းလမ်းပေါင်းစုံဖြင့် ထွက်ခွာနေကြပြီး ယင်းအထဲ အချို့မှာ လမ်းခုလတ်တွင် နှစ်ဘက်အာဏာပိုင်များ၏ ဖမ်းဆီးခံရမှုများလည်းရှိနေကြောင်း သိရသည်။
ထို့အပြင် တရားမဝင် မြန်မာများဝင်ရောက်မှု များလာသောကြောင့် မလေးရှား အာဏာပိုင်များမှ နေ့စဉ် ဖမ်းဆီးမှုများလည်း ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် ဖမ်းဆီးမှုများ နေ့စဉ်ရှိနေသော်လည်း လက်ရှိမှာ မြန်မာနိုင်ငံ၏နိုင်ငံရေး အခြေအနေမတည်ငြိမ်ခြင်း အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းတို့ကြောင့် မြန်မာနိုင်ငံကနေ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အခြားနိုင်ငံများသို့ ထွက်ခွာမှုများ ဆက်လက်မြင့်တက်လျှက်ရှိသည်။