- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
- ရခိုင်ရေပိုက်နက်ထဲသို့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများ ခိုးဝင် ငါးဖမ်းမှု များပြားလာ
အရှေ့တောင်အာရှနိုင်ငံတွေ မျက်စိကျလာတဲ့ နျူကလီးယားအင်အား (၁)
ပူတင်က ၎င်း၏ နျူကလီးယားလက်နက်များကို အသင့်ပြင်ဆင်ထားရန် တပ်လှန့်ပြီးနောက် ထွက်ပေါ်လာသည့် ဤစကားကို နျူကလီးယားတိုက်ခိုက်မှု ပြုလုပ်ရန် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြသည်။ နေတိုးနှင့် အနောက်လုံခြုံရေး မဟာမိတ်များသည်လည်း ချီတုံချတုံဖြစ်ကုန်ကြသည်။ ပဏ္ဍိတ်အချို့က ပူတင်၏ နျူကလီးယားခြိမ်းခြောက်မှုသည် ယူကရိန်းအပေါ် ပေးအပ်နေသည့် အထောက်အပံ့များကို ကန့်သတ်ကြရန် အနောက်ဒီမိုကရေစီနိုင်ငံများအား ပြောကြားသည့်အဓိပ္ပာယ်ဟု ယူဆကြသည်။
30 Aug 2022
မကြာသေးမီကကျင်းပခဲ့သည့် အာဆီယံဆွေးနွေးပွဲတစ်ရပ်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တစ်ယောက် စိုးရိမ်စိတ်များ ပြည့်နေပုံပေါ်သည်။
”လက်ရှိကမ္ဘာ့အခင်းအကျင်းက ခန့်မှန်းဖို့ခက်ပါတယ်။ နိုင်ငံတွေအချင်းချင်း ခြိမ်းခြောက်နေကြလို့ နျူကလီးယားစစ် ဒါမှမဟုတ် တတိယကမ္ဘာစစ်ကြီး ဖြစ်ပေါ်လာနိုင်ခြေ ရှိနေချိန်မှာ ကမ္ဘာကြီးဟာ အစိတ်စိတ်အမြွာမြွာ ပြိုကွဲနေတယ်” ဟု အာဆီယံဥက္ကဌတစ်ဦးအနေဖြင့် သူက သတိပေးသည်။
ထိုနည်းနှင်နှင်ပင် ရှေ့အစောပိုင်း လအနည်းငယ်ကလည်း စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းသည် ဒေသတွင်းနျူကလီးယားအားပြိုင်ပွဲ အသစ်တစ်ရပ်၏ တစ်စစကြီးထွားလာနိုင်ခြေကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့သည်။
“ဂျပန်နဲ့ တောင်ကိုရီးယားမှာဆိုရင် အကဲဆတ်တဲ့ ကိစ္စရပ်တွေဟာ လူသိရှင်ကြား ဖြစ်လာနေပြီ။ ဒီအထဲမှာ သူတို့မြေမှာ နျူကလီးယားလက်နက်တွေ နေရာချထားခွင့် ပြုမလား၊ နောက်တစ်ဆင့် ထပ်တက်ရင် ဒီလိုလက်နက်မျိုး ကိုယ်တိုင်ဖန်တီးနိုင်စွမ်းကို တည်ဆောက်မလား ဆိုတာတွေပါတယ်” ဟု လီရှန်လွန်းက Nikkei’s Future of Asia အစည်းအဝေးတွင် ပင်တိုင်ဟောပြောချက်တစ်ခု၌ ထည့်သွင်းပြောကြားခဲ့သည်။
“ဒါပေမဲ့ ကျွန်တော်တို့တွေဟာ ဒေသတွင်းလုံခြုံရေးကို တစ်နိုင်ငံချင်းစီရဲ့ ပုဂ္ဂလရှုထောင့်ကနေသာ ကြည့်ကြမယ်ဆိုရင် ကျွန်တော်တို့ဟာ လက်နက်ပြိုင်ဆိုင်မှုတစ်ရပ်နဲ့ မတည်ငြိမ်မှုတစ်ရပ်ပဲ နောက်ဆုံးကြုံလာရမှာ” ဟုလည်း သူကဆိုသည်။
အရှေ့တောင်အာရှတစ်ဝန်းမှ ကိုယ်စားလှယ်များသည် ၁၉၉၅ ခုနှစ်၌ အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ဇုန် စာချုပ် (SEANWFZ) ကို လက်မှတ်ရေးထိုးရန် ဘန်ကောက်တွင် လာရောက်တွေ့ဆုံခဲ့ကြသည်။ အဆိုပါသဘောတူစာချုပ်ကို ဘန်ကောက် သဘောတူညီချက် ဟုလည်း ခေါ်ကြသည်။
အဆိုပါ သဘောတူညီချက်၌ သတ်မှတ်ထားသည့်ဇုန်အတွင်း သို့မဟုတ် ဇုန်ပြင်ပ မည်သည့်နေရာတွင်မဆို နျူကလီးယားလက်နက်များ တည်ဆောက်ခြင်း၊ ထုတ်လုပ်ခြင်း သို့မဟုတ် လက်ခံရယူခြင်း၊ ပိုင်ဆိုင်ခြင်း၊ ထိန်းချုပ်ထားခြင်း၊ နေရာချထားခြင်း၊ စမ်းသပ်ခြင်း၊ အသုံးပြုခြင်း မပြုလုပ်ရန် ကတိကဝတ်ပြုကြောင်း ထည့်သွင်း ဖော်ပြထားသည်။
ဆယ်စုနှစ်သုံးခုခန့် အကြာ၌ နျူကလီးယားခေတ်သစ်ဟု အချို့က ရှုမြင်ကြသည့် ကာလတစ်ခုကို ယူကရိန်းစစ်ပွဲက သယ်ဆောင်လာခဲ့သည်။ ပြီးခဲ့သည့်နှစ်က စတင်အသက်ဝင်ခဲ့ပြီး ဖျက်သိမ်းရေးပါ တောင်းဆိုထားသည့် နျူကလီးယားလက်နက်များ တားဆီးရေးစာချုပ်သည်လည်း ပုံမှန်ထက်ပို အားလျော့သွားရပြီဖြစ်သည်။
ယူကရိန်းကျူးကျော်စစ် စတင်ပြီး မကြာမီ၌ပင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြားဝင်စွက်ဖက်သည့် မည်သည့်နိုင်ငံမဆို “သမိုင်းမှာ တစ်ခါမှမမြင်ခဲ့ဖူးတဲ့ ပုံစံမျိုးနဲ့” အကျိုးဆက်များ ရင်ဆိုင်ရမည်ဟု သတိပေးခဲ့သည်။
ပူတင်က ၎င်း၏ နျူကလီးယားလက်နက်များကို အသင့်ပြင်ဆင်ထားရန် တပ်လှန့်ပြီးနောက် ထွက်ပေါ်လာသည့် ဤစကားကို နျူကလီးယားတိုက်ခိုက်မှု ပြုလုပ်ရန် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြသည်။ နေတိုးနှင့် အနောက်လုံခြုံရေး မဟာမိတ်များသည်လည်း ချီတုံချတုံဖြစ်ကုန်ကြသည်။ ပဏ္ဍိတ်အချို့က ပူတင်၏ နျူကလီးယားခြိမ်းခြောက်မှုသည် ယူကရိန်းအပေါ် ပေးအပ်နေသည့် အထောက်အပံ့များကို ကန့်သတ်ကြရန် အနောက်ဒီမိုကရေစီနိုင်ငံများအား ပြောကြားသည့်အဓိပ္ပာယ်ဟု ယူဆကြသည်။
ဤအရေးမှ အာရှအတွက် စိုးရိမ်ဖွယ်ရာ နှစ်ချက်ပေါ်လာသည်။ တစ်ချက်မှာ ပါကစ္စတန်နှင့် မြောက်ကိုရီးယားကဲ့သို့ နျူကလီးယားနိုင်ငံများအနေဖြင့် အနောက်၏ဖိအားကို အံတုကာ နျူကလီးယားလက်နက်များ မစွန့်လွှတ်ဘဲနေခြင်းသည် မှန်ကန်သည့်ဆုံးဖြတ်ချက် ဖြစ်သည်ဟု ပိုမိုခိုင်မာစွာ ယုံကြည်လာကြမည့်အရေး ဖြစ်သည်။
ကီယက်ဗ်သည် ဆိုဗီယက်ခေတ် နျူကလီးယားလက်နက်များကို စွန့်လွှတ်ရန် ၁၉၉၄ တွင် သဘောတူခဲ့သည်။ အပြန်အလှန်အားဖြင့် ရုရှား၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့က ယူကရိန်း၏ နယ်မြေပိုင်ဆိုင်မှုကို လေးစားအသိအမှတ်ပြုမည် ဆိုသည့်ကတိနှင့်ဖြစ်သည်။ ရုရှား၏ ၂၀၁၄ ခုနှစ်က ကရိုင်းမီးယားကို တိုက်ခိုက်သိမ်းယူမှုနှင့် ဖေဖော်ဝါရီလတွင် အင်အားပြည့် ကျူးကျော်မှုတို့က အဆိုပါကတိကို ဆုတ်ဖြဲပစ်လိုက်သည်။
အကယ်၍သာ ယူကရိန်းတွင် အဆိုပါနျူကလီးယားလက်နက်များ ပိုင်ဆိုင်ထားဆဲဖြစ်လျှင် ပူတင်အနေဖြင့် မည်သည့်အခါမှ တိုက်ခိုက်နိုင်ခြေမရှိဟု အများက တွက်ချက်ကြသည်။
ဒုတိယအချက်မှာ အခြားသော နျူကလီးယားလက်နက်ပိုင် နိုင်ငံများကလည်း ယခုအချိန်၌ ပူတင်၏လမ်းကြောင်းအတိုင်း လိုက်လျှောက်ရုံသာဟု ယူဆလျက်ရှိနိုင်သည့်အရေး ဖြစ်သည်။ အနောက်ဒီမိုကရေစီနိုင်ငံများ သို့မဟုတ် ဒေသတွင်းပြိုင်ဘက်များကသာ အလွန်အမင်း ဝေဖန်လာကြမည်ဆိုပါက ဤနိုင်ငံများအနေဖြင့် နျူကလီးယားတိုက်ခိုက်မှု ပြုလုပ်မည်ဟု ခြိမ်းခြောက်လိုက်ရုံသာ ဖြစ်လေသည်။
အီရန်နိုင်ငံသည် ၎င်း၏ပထမဆုံးဗုံးအတွက် သန့်စင်ပြီးယူရေနီယံ အလုံအလောက်ရှိထားပြီဟု ကုလသမဂ္ဂက ယခုနှစ်အစောပိုင်းတွင် ပြောကြားခဲ့သည်။ ပါကစ္စတန်သည် ၎င်း၏လက်နက်အင်အားကို ဖြည့်တင်းလျက်ရှိသည်။ ဘေကျင်းသည် တောင်တရုတ်ပင်လယ်တွင် နျူကလီးယားရေငုပ်သင်္ဘောများ နေရာချထားရန် ရည်ရွယ်ချက်ရှိသည်ဟူသော ခန့်မှန်းတွက်ချက်မှုများ ရှိနေချိန်၌ တရုတ်သည်လည်း ၎င်း၏နျူကလီးယားအစီအစဉ်ကို မြန်မြန်ဆန်ဆန် တိုးချဲ့လျက်ရှိသည်။
အကြံပေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ကမ္ဘာ့ရေးရာ ချီကာဂိုကောင်စီက ပြီးခဲ့သောနှစ်တွင် လေ့လာချက်တစ်ရပ် ပြုလုပ်ခဲ့သည်။ အဆိုပါလေ့လာချက်အရ တောင်ကိုရီးယားမှ ဖြေဆိုသူ ၇၁ ရာခိုင်နှုန်းက ကိုယ်ပိုင်နျူကလီးယားလက်နက်များ ထုတ်လုပ်မှုကို ထောက်ခံကြကြောင်း တွေ့ရှိရပြီး ၅၆ ရာခိုင်နှုန်းက အမေရိကန်နျူကလီးယားလက်နက်များအား တောင်ကိုရီးယားတွင် နေရာချထားမှုကို ထောက်ခံကြသည်ကို တွေ့ရသည်။
ဘန်ကောက်သဘောတူညီချက်အပြင် သမိုင်းရလဒ်အရပါ အရှေ့တောင်အာရှတွင် မည်သည့်နိုင်ငံကမျှ နျူကလီးယားလက်နက် မပိုင်ဆိုင်ကြပေ။ သို့သော်လည်း ဤနိုင်ငံများသည် နျူလက်နက်ပိုင်ဆိုင်သော နိုင်ငံများနှင့် နီးစပ်မှုတော့ ရှိနေကြသည်။
မြန်မာသည် အိန္ဒိယနှင့် နယ်စပ်ချင်းထိစပ်နေသည်။ အိန္ဒိယသည် ၎င်း၏ သမိုင်းဝင်ပြိုင်ဖက်ဖြစ်သလို နျူကလီးယားပိုင်နိုင်ငံလည်းဖြစ်သည့် ပါကစ္စတန်ကို နျူကလီးယားစစ် ဆင်နွှဲမည်ဟု ခြိမ်းခြောက်လာသည်မှာ နှစ်ပေါင်းများစွာ ရှိနေပြီ။ ပါကစ္စတန်သည် အရှေ့တောင်အာရှနှင့် ကီလိုမီတာ ထောင်ဂဏန်းအနည်းငယ်သာ ကွာဝေးသည်။ မြန်မာ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့သည် ၁၉၆၄ ခုနှစ်တည်းက နျူကလီးယားအင်အား ရှိထားသည့် တရုတ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
အရှေ့တောင်အာရှသည် ယနေ့ကာလတွင် နျူကလီးယားစစ်ပွဲတစ်ရပ်၏ဆိုးကျိုး ကြုံလာရခြေ ရှိနေသလား။
တရုတ်နှင့် ထိုင်ဝမ်အကြား တင်းမာမှုများမှာ တစ်စတစ်စ ပိုမိုကျယ်လောင်လာနေသည်။ ဝါရှင်တန်၏ မကြာသေးခင်က စစ်ကစားမှုများအရ ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး အမေရိကန်နှင့် တရုတ်အကြား ပဋိပက္ခတစ်ရပ်သည် မြန်မြန်ဆန်ဆန် အရှိန်မြင့်တက်ပြီး နျူကလီးယားစစ်အထိ ဖြစ်သွားနိုင်ခြေရှိနေကြောင်း ကောက်ချက်ချနိုင်သည်။
သမားရိုးကျတိုက်ခိုက်မှု တစ်ခုခုက တရုတ်တပ်မတော်၏ နျူကလီးယားအင်အားကို သို့မဟုတ် တရုတ်ပြည်ကွန်မြူနစ်ပါတီကို ခြိမ်းခြောက်မှုရှိလာသည့် အခြေအနေမျိုးတွင် (တရုတ်အနေဖြင့်) နျူကလီးယားလက်နက်များကို အရင်အသုံးပြုရန် (တရုတ်ပြည်လွတ်မြောက်ရေးတပ်မတော်မှ) အချို့သောအရာရှိများသည် ဆွေးနွေးလျက်ရှိသည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်သည့် တရုတ်စစ်ရေးအင်အား အစီရင်ခံစာတွင် ဖော်ပြထားသည်။
မည်သို့ပင်ဆိုစေကာမူ အရှေ့တောင်အာရှဒေသသည် ဤခြိမ်းခြောက်မှုကို ဆယ်စုနှစ်ပေါင်းများစွာ သိထားကြပြီးဖြစ်သည်။
“အရှေ့တောင်အာရှဒေသသည် နျူကလီးယားလက်နက်ပိုင် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ကို ၁၉၆၀ ခုနှစ်များတည်းက ရင်ဆိုင်လာရသည်” ဟု အမျိုးသားမလေးရှားတက္ကသိုလ်မှ မဟာဗျူဟာလေ့လာရေးနှင့် နိုင်ငံတကာဆက်ဆံရေး ဆိုင်ရာ အကြီးတန်းကထိကတစ်ဦး ဖြစ်သူ ဟူချူးပင်က ပြောသည်။
ယခုအချိန်၌ အရှေ့တောင်အာရှအတွက် ပိုကြီးမားသည့်အန္တရာယ်မှာ ပြည်ပအင်အားများထံတွင် ဖြုတ်ချခံရနိုင်သည့် အန္တရာယ်ကို နျူကလီးယားလက်နက်များ ထုတ်လုပ်ခြင်းဖြင့် တွန်းလှန်ရန်အတွက် ရည်ရွယ်သည့် နိုင်ငံငယ်များနှင့် အင်အားကြီးနိုင်ငံများ၏ တိုးချဲ့ဆောင်ရွက်မှု မပြုရေး (NPT) စာချုပ်အပေါ် ကတိကဝတ် မရှိထားကြခြင်းဟု သူမက ပြောသည်။ မြောက်ကိုရီးယားနိုင်ငံ၏ အောင်မြင်မှုကလည်း နိုင်ငံငယ်များအတွက် နမူနာကောင်း ဖြစ်နေသည်ဟု သူမကဆိုသည်။
ပြီးခဲ့သောနှစ်က အောကက်စ် (AUKUS) ဟုသိကြသည့် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့အကြား ချုပ်ဆိုခဲ့ကြသည့် လုံခြုံရေးပဋိညာဉ်တစ်ရပ်တွင် အရှေ့တောင်အာရှဒေသ၏ တောင်ပိုင်း စစ်ရေးမျက်နှာစာနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုအသစ်တစ်ခုကို ဖြည့်စွက်ထားသည်။ အောကက်စ်သဘောတူညီချက်အရ အမေရိကန်နှင့် ယူကေတို့သည် သြစတြေးလျကို နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောရရှိရေးအတွက် ကူညီပံ့ပိုးပေးကြမည် ဖြစ်သည်။
စင်္ကာပူနိုင်ငံရှိ အိုင်စီး-ယူဆော့အီရှက် အင်စတီကျူ့ (ISEAS-Yusof Ishak Institute) သည် ယခုနှစ်အစောပိုင်းတွင် အရှေ့တောင်အာရှအခြေအနေနှင့် ပတ်သက်၍ စစ်တမ်းတစ်ရပ် ထုတ်ပြန်ခဲ့သည်။ အဆိုပါစစ်တမ်းအပေါ် ဒေသတွင်းမှ ဖြေဆိုကြသူ အများစုက အောကက်စ်သည် တရုတ်၏ စစ်အင်အားကြီးမားလာခြင်းကို ချိန်ခွင်လျှာညှိရာ၌ အထောက်အကူဖြစ်မည်ဟု လက်ခံထားကြသည်ကို တွေ့ရသည်။
၂၂.၅ ရာခိုင်နှုန်းကမူ ဤလုပ်ရပ်က ဒေသတွင်း လက်နက်ပြိုင်ဆိုင်မှုကို ပိုအားကောင်းလာစေမည်ဟု ယူဆကြသည်။ နျူကလီးယားလက်နက်များ မပြန့်ပွားရေး စနစ်ကို အလေးမထားမှုများ ရှိလာမည်ဟု ဖြေကြားသူလည်း ၁၂ ရာခိုင်နှုန်း ရှိခဲ့သည်။
ကင်ဘာရာက မိမိတို့အနေဖြင့် နျူကလီးယားလက်နက် လက်ဝယ်ပိုင်ဆိုင်ရန် မရည်ရွယ်ထားကြောင်း ပြောသည်။ သို့သော်လည်း သြစတြေးလျသည် နျူကလီးယားလက်နက် တားမြစ်ရေးစာချုပ်တွင် လက်မှတ်မထိုးထားသလို နျူကလီးယားလက်နက် မပါရှိသည့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ၏ ရည်ရွယ်ချက်ကိုလည်း အချို့က မေးခွန်းထုတ်ကြသည်။
လက်ရှိအထိကတော့ ဤဒေသတွင် ကြီးကြီးမားမား အဖြစ်အပျက်များ မရှိသေးပေ။ သို့သော်လည်း ပြီးခဲ့သောနှစ်က အမေရိကန်တို့၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ယူအက်စ်အက်စ် ကွန်နက်တီကက်သည် တောင်တရုတ်ပင်လယ်တွင် မြေပုံ၌မပါသည့် ရေအောက်တောင်ကုန်းတစ်ခုကို ဝင်တိုက်မိခဲ့သည်။ ဝါရှင်တန်ကတော့ အဖြစ်အပျက်မှန်ကို မပြောဘဲ ထုံးစံအတိုင်း နှုတ်ဆိတ်နေခဲ့သည်။
(ဆက်လက်ဖော်ပြပါမည်။)
လင်းခိုင်
Asia Times တွင်ဖော်ပြထားသည့် ‘To nuke or not to nuke in SE Asia’ ဆောင်းပါးကို ဘာသာပြန်ဆိုပါသည်။