- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
- ရခိုင်တွင် ဇန်နဝါရီလအတွင်း အရပ်သားထိခိုက်သေဆုံးမှု ၃ ဆခန့် မြင့်တက်
သမ္မတဟောင်းထရမ့် နျူကလီးယားရေငုပ်သင်္ဘော ထိပ်တန်းလျှို့ဝှက်ချက်များကို သြစတြေးလျစီးပွားရေးသမားအား ပြောကြားခဲ့
သမ္မတဟောင်းဒေါ်နယ်ထရမ့်သည် အမေရိကန် နျူကလီးယားရေငုပ်သင်္ဘောများနှင့် ပတ်သက်သည့် ထိပ်တန်းလျှို့ဝှက်ချက်များအား သြစတြေးလျ စီးပွားရေးသမားတစ်ဦးကို ပြောကြားခဲ့သည်ဟု နယူးယောက်တိုင်းမ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
06 Oct 2023
DMG ၊ အောက်တိုဘာ ၆
သမ္မတဟောင်းဒေါ်နယ်ထရမ့်သည် အမေရိကန် နျူကလီးယားရေငုပ်သင်္ဘောများနှင့် ပတ်သက်သည့် ထိပ်တန်းလျှို့ဝှက်ချက်များအား သြစတြေးလျ စီးပွားရေးသမားတစ်ဦးကို ပြောကြားခဲ့သည်ဟု နယူးယောက်တိုင်းမ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သမ္မတသက်တမ်း ကုန်ဆုံးပြီးနောက် များမကြာမီ၌ ဖလော်ရီဒါပြည်နယ်ရှိ ၎င်းပိုင်ဆိုင်သော သီးသန့်ကလပ်၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု အောက်တိုဘာလ ၅ ရက်နေ့က ဖော်ပြလိုက်ခြင်း ဖြစ်သည်။
ထရမ့်ပြောကြားခဲ့သူသည် ဘီလျံနာစီးပွားရေးလုပ်ငန်းရှင် အန်ထော်နီပရက်ဖြစ်သည်ဟု အမည်မဖော်လိုသည့် သတင်းရင်းမြစ်များကို ကိုးကားပြီး တိုင်းမ်သတင်းက ဖော်ပြသည်။ အန်ထော်နီသည် ကမ္ဘာ့အကြီးဆုံး ထုပ်ပိုးရေးကုမ္ပဏီအုပ်စုကို ဦးဆောင်နေသူဖြစ်သည်။
ထရမ့်က သူ့အား အမေရိကန်ရေငုပ်သင်္ဘောများ ပုံမှန်သယ်ဆောင်သော နျူကလီးယားထိပ်ဖူး အရေအတွက် အတိအကျကို ပြောကြားခဲ့သည်ဟု သတင်းက ဆိုသည်။ ရုရှား ရေငုပ်သင်္ဘောများမသိအောင် ၎င်းတို့အနီးသို့ အမေရိကန် ရေငုပ်သင်္ဘောများ မည်မျှအကွာအဝေးအထိ ချဉ်းကပ်နိုင်သည်ကိုပါ ထရမ့်က အတိအကျ ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။
ပရက်သည် ထရမ့်ထံမှ ရရှိခဲ့သော အဆိုပါသတင်းကို နောက်ပိုင်းတွင် လူအများအပြားထံသို့ ထပ်ဆင့် ပြောကြားခဲ့သည်ဟု အေဘီစီသတင်းတစ်ရပ်ကလည်း ဖော်ပြသည်။ ပရက်ပြောကြားခဲ့သူများတွင် နိုင်ငံခြားအရာရှိ တစ်ဆယ်ကျော်၊ ၎င်းပိုင်ကုမ္ပဏီမှ ဝန်ထမ်းများနှင့် သတင်းထောက်များပါ ပါဝင်သည်။
ထရမ့်၏ ပြောကြားချက်များသည် အမေရိကန် နျူကလီးယားရေတပ်အတွက် အန္တရာယ် ဖြစ်နိုင်ခြေ ရှိနေသည်ဟု ရင်းမြစ်များ၏ ပြောကြားချက်များကို ကိုးကားပြီး တိုင်းမ်က ရေးသားထားသည်။
ဖက်ဒရယ်ရှေ့နေများသည် ထရမ့်အား သမ္မတရာထူးသက်တမ်း ကုန်ဆုံးပြီးနောက် လျှိုဝှက်အချက်အလက်များအား ၎င်းပိုင်နေအိမ်၌ သိမ်းဆည်းထားမှုဖြင့် စုံစမ်းစစ်ဆေးလျက်ရှိသည်။ အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး ပရက်ကိုလည်း နှစ်ကြိမ်တိုင်တိုင် စစ်ဆေးထားပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
သမ္မတဟောင်းထရမ့်သည် လျှို့ဝှက်သတင်းအချက်အလက် ဖိုင်များ သိမ်းဆည်းထားသည့် အမှုအပြင် နောက်ထပ်သုံးမှုနှင့်လည်း ရင်ဆိုင်နေရသည်။ ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို ပြောင်းပြန်လှန်ပြီး အာဏာဆက်လက် စွဲကိုင်ရန် ကြိုးပမ်းမှုဖြင့် ဗဟိုတရားရုံးနှင့် ဂျော်ဂျီယာပြည်နယ်တို့တွင် တရားစွဲဆိုခံထားရသော အမှုများနှင့် အပြာသရုပ်ဆောင် အမျိုးသမီးတစ်ဦးအား ငွေပေးခဲ့မှုတို့ဖြစ်သည်။