မြောက်ကိုရီးယားနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နျူကလီးယားလက်နက် အဆင့်အတန်းကိုပါ ထည့်သွင်းသတ်မှတ်

မြောက်ကိုရီးယားနိုင်ငံ၏ အဆင့်ကို နျူကလီးယားလက်နက်နိုင်ငံတော် အဖြစ် မြောက်ကိုရီးယားလွှတ်တော်က ထည့်သွင်းသတ်မှတ်လိုက်ကြောင်း အစိုးရပိုင်သတင်းဌာနက စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဖော်ပြသည်။

By Admin 28 Sep 2023

ပြုံယမ်းတွင်ပြုလုပ်သည့် စစ်ရေးပြပွဲတစ်ခု၌ မြောက်ကိုရီးယား ဟွာဆောင်-၁၅ ဒုံးကျည်များကို တွေ့ရစဉ်။ ဓာတ်ပုံ - KCNA
ပြုံယမ်းတွင်ပြုလုပ်သည့် စစ်ရေးပြပွဲတစ်ခု၌ မြောက်ကိုရီးယား ဟွာဆောင်-၁၅ ဒုံးကျည်များကို တွေ့ရစဉ်။ ဓာတ်ပုံ - KCNA

မြောက်ကိုရီးယားနိုင်ငံ၏ အဆင့်ကို နျူကလီးယားလက်နက်နိုင်ငံတော် အဖြစ် မြောက်ကိုရီးယားလွှတ်တော်က ထည့်သွင်းသတ်မှတ်လိုက်ကြောင်း အစိုးရပိုင် သတင်းဌာနက စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဖော်ပြသည်။

“ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ၏ နျူကလီးယားအင်အား ထူထောင်ရေးမူဝါဒကို နိုင်ငံ၏ အခြေခံဥပဒေအဖြစ် အမြဲတည်ရှိရန် သတ်မှတ်လိုက်ပြီး မည်သည့်အနေအထားမျိုးနှင့်မှ မထီမဲ့မြင် လုပ်ခွင့်မပြု” ဟု အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့တို့တွင် ကျင်းပခဲ့သည့် နိုင်ငံတော်အဆင့် လူထုစည်းဝေးပွဲကြီး၌ ခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြားခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြသည်။

မြောက်ကိုရီးယားလွှတ်တော်သည် လွန်ခဲ့သောတစ်နှစ်က ဥပဒေတစ်ရပ်ကို ကြေညာခဲ့သည်။ အဆိုပါဥပဒေအရ မြောက်ကိုရီးယားကို နျူကလီးယားလက်နက်နိုင်ငံတော်အဖြစ် သတ်မှတ်ထားပြီး ခေါင်းဆောင် ကင်ဂျုံအန်းကလည်း ဤအချက်ကို နောက်ကြောင်းပြန် ပြင်ဆင်၍မရနိုင်ကြောင်း ပြောကြားခဲ့သည်။ ကြိုတင်ကာကွယ်ရေးအတွက် နျူကလီးယားလက်နက် အသုံးပြုခြင်းကိုလည်း အဆိုပါဥပဒေသစ်က ခွင့်ပြုထားသည်။ ယခုအခါ အဆိုပါနျူကလီးယားလက်နက် ဥပဒေကို နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာပါ ထည့်သွင်းအတည်ပြုလိုက်ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း လက်နက်စမ်းသပ် ပစ်ခတ်မှုကို အရေအတွက် စံချိန်တင် ပြုလုပ်ထားပြီး တောင်ကိုရီးယား၊ အမေရိကန်တို့နှင့် ဆက်ဆံရေးမှာလည်း တင်းမာလျက်ရှိသည်။

မြောက်ကိုရီးယားသည် ၂၀၀၆ ခုနှစ်နောက်ပိုင်းတွင် နျူကလီးယားလက်နက် စမ်းသပ်မှုကို ခြောက်ကြိမ်အထိ ပြုလုပ်ခဲ့သည်။ နောက်ဆုံးအကြိမ် စမ်းသပ်ခဲ့သည်မှာ ၂၀၁၇ ခုနှစ်ကဖြစ်ပြီး ယခု ထပ်မံစမ်းသပ်ရန် အစီအစဉ် ရှိနေသည်ဟု တောင်ကိုရီးယားနှင့် အမေရိကန်တို့က ယူဆလျက်ရှိသည်။

ကင်ဂျုံအန်းကမူ အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့သည် သုံးနိုင်ငံ စစ်ရေးမဟာမိတ် ဖွဲ့စည်းထားကြပြီး အာရှဗားရှင်း နေတိုးအဖွဲ့ ဖြစ်လာကာ ဤလုပ်ရပ်သည် စစ်ပွဲနှင့် ရန်လိုမှုများ၏ အကြောင်းရင်းဖြစ်သည်ဟု ပြောကြားထားသည်။

ဗီဒီယိုများ