စစ်အေးခေတ်နောက်ပိုင်း ပထမဆုံးအဖြစ် ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားလက်နက်အင်အား ကြီးထွားလာမည်ဟု SIPRI ထုတ်ပြန်

ဆယ်စုနှစ်များစွာအတွင်း နျူကလီးယားလက်နက် အသုံးပြုမှုအန္တရာယ်မှာ အကြီးမားဆုံးဖြစ်နေချိန်၌ စစ်အေးတိုက်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လာမည့်နှစ်များတွင် ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားလက်နက်အင်အားသည် ကြီးထွားလာမည်ဟု မျှော်လင့်ထားကြောင်း ပဋိပက္ခနှင့် လက်နက်ဆိုင်ရာ ထိပ်တန်းအကြံပေးအဖွဲ့ တစ်ဖွဲ့က ဇွန် ၁၃ ရက်တွင် ပြောကြားလိုက်သည်။

14 Jun 2022

၁၉၄၆ ခုနှစ်က နျူကလီးယားလက်နက် စမ်းသပ်မှုတစ်ခုတွင် ပေါက်ကွဲမှုအပြီး မှိုသဏ္ဍန်တိမ်တိုက်များ တက်လာသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - Reuters)

DMG ၊ ဇွန် ၁၄

ဆယ်စုနှစ်များစွာအတွင်း နျူကလီးယားလက်နက် အသုံးပြုမှုအန္တရာယ်မှာ အကြီးမားဆုံးဖြစ်နေချိန်၌ စစ်အေးတိုက်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လာမည့်နှစ်များတွင် ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားလက်နက်အင်အားသည် ကြီးထွားလာမည်ဟု မျှော်လင့်ထားကြောင်း ပဋိပက္ခနှင့် လက်နက်ဆိုင်ရာ ထိပ်တန်းအကြံပေးအဖွဲ့ တစ်ဖွဲ့က ဇွန် ၁၃ ရက်တွင် ပြောကြားလိုက်သည်။

ရုရှား၏ ယူကရိန်းနိုင်ငံ အပေါ်ကျူးကျော်မှုနှင့် ယူကရိန်းအားအနောက်နိုင်ငံများ၏ ပံ့ပိုးကူညီမှု တို့သည် နျူကလီးယား လက်နက်ပိုင်ဆိုင်ထားသည့်ကမ္ဘာ့နိုင်ငံ ကိုးနိုင်ငံအကြားတွင် တင်းမာမှုများ မြင့်တက်လာစေခဲ့ကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI) မှ အကြံပေးအဖွဲ့က သုတေသနအသစ်တစ်ခု၌ ပြောကြားခဲ့သည်။

နျူကလီးယားလက်နက် အရေအတွက်သည် ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလမှ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလအတွင်း အနည်းငယ်ကျဆင်းသွားသော်လည်း နျူကလီးယားအင်အားကြီးနိုင်ငံများက ချက်ချင်းအရေးယူဆောင်ရွက်ခြင်း မပြုပါက ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားထိပ်ဖူးများ သိုလှောင်မှုသည် ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ်အဖြစ် မကြာမီ မြင့်တက်လာနိုင်သည်ဟု စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန SIPRI ကပြောကြားသည်။

"နျူကလီးယားလက်နက်နိုင်ငံအားလုံးသည် ၎င်းတို့၏လက်နက်တိုက်များကို တိုးမြှင့်ခြင်း သို့မဟုတ် အဆင့်မြှင့်တင်ခြင်းပြုလုပ်လျက်ရှိနေပြီး အများစုသည် နျူကလီယားနှင့်သက်ဆိုင်သော အပြောအဆိုများကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နေပြီး ၎င်းတို့၏စစ်ရေးဗျူဟာများတွင် နျူကလီးယားလက်နက်များပါဝင်သည့် အခန်းကဏ္ဍကို တိုးမြှင့်နေကြသည်" ဟု SIPRI မှ အစုလိုက်အပြုံလိုက်လက်နက်ဖျက်ဆီးမှုအစီအစဉ်၏ ဒါရိုက်တာ ဝယ်ဖရက်ဝမ်က အကြံပေးအဖွဲ့၏ ၂ဝ၂၂ နှစ်ထုတ်စာအုပ်တွင် ပြောကြားခဲ့သည်။

"ဒါက အရမ်းစိုးရိမ်ရတဲ့ လမ်းကြောင်းပါ" ဟုလည်း ဒါရိုက်တာ ဝယ်ဖရက်ဝမ်က ပြောကြားသည်။

အထူးစစ်ဆင်ရေးဟု ရုရှားအစိုးရကခေါ်ဆိုသည့် ရုရှားက ယူကရိန်းကို ကျူးကျော်မှုအပြီး သုံးရက်အကြာတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှား၏ နျူကလီးယားတပ်ဖွဲ့အား အရေးပေါ် သတိထားရမည့် အဆင့်တွင် ထားရှိခဲ့သည်။

ရုရှား၏လမ်းကြောင်းပေါ်တွင် အဟန့်အတားအဖြစ်ရှိနေကြသည့် နိုင်ငံများအနေဖြင့်လည်း "၎င်းတို့၏သမိုင်းတစ်ခုလုံးတွင် တစ်ကြိမ်တစ်ခါမျှ မတွေ့မမြင်ဖူးသည့်" ဖြစ်လာမည့် အကျိုးဆက်များ ရှိလာလိမ့်မည်ဟု သတိပေးထားခဲ့သည်။

ရုရှား၏ ကမ္ဘာ့အကြီးဆုံး နျူကလီးယားလက်နက်တိုက်တွင် ဒုံးကျည်ထိပ်ဖူးပေါင်း ၅၉၇၇ ခုရှိပြီး အမေရိကန်ထက်အရေအတွက် ၅၅ဝ ခန့်ပိုများသည်။ ထိုနှစ်နိုင်ငံသည် ကမ္ဘာ့နျူကလီးယားထိပ်ဖူးများ၏ ၉ဝ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားသော်လည်း တရုတ်နိုင်ငံသည် ခန့်မှန်းခြေဒုံးကျည်ကျင်းသစ်ပေါင်း ၃ဝဝ ကျော်ဖြင့် တိုးချဲ့မှုပြုလုပ်နေသည်ဟု စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန SIPRI ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာ့နျူကလီးယားထိပ်ဖူး အရေအတွက်သည် ၂ဝ၂၁ ခုနှစ် ဇန်နဝါရီလတွင် ၁၃,ဝ၈ဝ ရှိရာမှ ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလတွင် ၁၂,၇ဝ၅ သို့ ကျဆင်းသွားခဲ့ကြောင်း SIPRI ကပြောကြားသည်။ ခန့်မှန်းခြေအားဖြင့် ၃၇၃၂ ခုသော နျူကလီးယားထိပ်ဖူးများကို ဒုံးကျည်များ၊ လေယာဉ်များနှင့်အတူ ဖြန့်ကျက်ထားပြီး ရုရှား သို့မဟုတ် အမေရိကန်ပိုင်သည့် နျူကလီးယားထိပ်ဖူး ၂ဝဝဝ နီးပါးကိုမူ အဆင်သင့် အနေအထားတွင် ထိန်းသိမ်းထားသည်။