တရုတ်နိုင်ငံ၏ ကိုဗစ်-သုည မဟာဗျူဟာ ရေရှည်တည်တံ့နိုင်ခြေမရှိဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြော

တရုတ်နိုင်ငံ၏ အထူးထင်ရှားသော ကိုဗစ်-သုည မဟာဗျူဟာသည် ကပ်ရောဂါကို တိုက်ဖျက်ရာ၌ ရေရှည်တည်တံ့နိုင်ခြေမရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေလ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်အစိုးရအားလည်း အဆိုပါအကြောင်းအရာကို ပြောကြားခဲ့ပြီး မူဝါဒပြောင်းရန်လည်း တောင်းဆိုခဲ့သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

13 May 2022

ဓာတ်ပုံ - AFP

DMG ၊ မေ ၁၃

တရုတ်နိုင်ငံ၏ အထူးထင်ရှားသော ကိုဗစ်-သုည မဟာဗျူဟာသည် ကပ်ရောဂါကို တိုက်ဖျက်ရာ၌ ရေရှည်တည်တံ့နိုင်ခြေမရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေလ ၁၀ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်အစိုးရအားလည်း အဆိုပါအကြောင်းအရာကို ပြောကြားခဲ့ပြီး မူဝါဒပြောင်းရန်လည်း တောင်းဆိုခဲ့သည်ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

နိုင်ငံအတွင်း ကပ်ရောဂါစတင်ချိန်မှစ၍ အဆိုးရွားဆုံး ဖြစ်ပွားပျံ့နှံ့နေမှုကို တိုက်ဖျက်နေရသည့် တရုတ်အစိုးရသည် ရှန်ဟိုင်းရှိလူဦးရေ ၂၅ သန်း၏အများစုကို မိမိတို့၏နေအိမ်များတွင် ရက်သတ္တပတ်များစွာ ပိတ်လှောင်ထားခြင်းဖြင့် ပြင်းထန်သော အစီအမံများကို ချမှတ်ခဲ့သည်။

ဘေဂျင်းတွင် ကန့်သတ်ချက်များကို ဖြည်းဖြည်းချင်း ချမှတ်နေသော်လည်း ကိုဗစ်-သုည မူဝါဒကို ကျင့်သုံးဆဲဖြစ်သည့် စီးပွားရေးမြို့တော်ရှန်ဟိုင်းတွင် အသွားအလာ ကန့်သတ်ထားခြင်းကြောင့် ဖြစ်တောင့်ဖြစ်ခဲ ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားခဲ့သည်။

"ကိုဗစ်-သုည ဗျူဟာအကြောင်းပြောတဲ့အခါမှာ အခုဗိုင်းရပ်စ်ရဲ့ ပုံစံနဲ့ အနာဂတ်မှာ ကျွန်တော်တို့ မျှော်မှန်းထားတဲ့အရာတွေကို ထည့်သွင်းစဉ်းစားကြည့်မယ်ဆိုရင် ရေရှည်တည်တံ့မယ်လို့ မထင်ပါဘူး" ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ တီဒရို့စ်အာဒနွမ်ဂေဘရီရေ့စ်က သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားခဲ့သည်။

“ဒီပြဿနာနဲ့ပတ်သက်ပြီး တရုတ်ပညာရှင်တွေနဲ့ ဆွေးနွေးထားပါတယ်။ ဒီချဉ်းကပ်မှုဟာ ရေရှည်တည်တံ့မှာမဟုတ်ဘူးလို့ ထောက်ပြထားပါတယ်။ အခြားဗျူဟာတစ်ခုဆီ ကူးပြောင်းဖို့က  သိပ်အရေးကြီးပါတယ်" ဟုလည်း အကြီးအကဲက ပြောကြားခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် ကိုဗစ်-၁၉ ကပ်ရောဂါမှ တရုတ်လူမျိုးများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရာတွင် သူ၏ခေါင်းဆောင်မှု၏ အရေးပါမှုကို မြှင့်တင်လိုသည့်အတွက် နိုင်ငံ၏ဗိုင်းရပ်စ်ကူးစက်မှုကို တုံ့ပြန်ရာ၌ အရှိန်အဟုန်ပြင်းသော နိုင်ငံရေးတွန်းအား ရှိနေသည်။

ကိုဗစ်-၁၉ ဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ နည်းပညာပိုင်းဆိုင်ရာ ဦးဆောင်သူ မာရီယာဗန်ကဟို့ဗ်က ကမ္ဘာတစ်ဝန်းရှိ ဗိုင်းရပ်စ်ကူးစက်မှုအားလုံးကို ရပ်တန့်ရန် မဖြစ်နိုင်ကြောင်း ပြောကြားသည်။

" ကမ္ဘာလုံးအတိုင်းအတာနဲ့ ကျွန်မတို့ရဲ့ပန်းတိုင်က ရောဂါဖြစ်ပွားမှုအားလုံးကိုရှာဖွေပြီး ကူးစက်မှုအားလုံးကို ရပ်တန့်ဖို့ မဟုတ်ပါဘူး။ လက်ရှိအချိန်မှာ ဒါက တကယ်တမ်း မဖြစ်နိုင်ပါဘူး" ဟုသူမကဆိုသည်။

"ဒါပေမယ့် ကျွန်မတို့ လုပ်ရမှာက ဗိုင်းရပ်စ်က ပြင်းထန်တဲ့အဆင့်မှာ ပျံ့နှံ့နေတာကြောင့် ကူးစက်မှုကို လျှော့ချဖို့ပါပဲ" ဟု သူမကပြောကြားသည်။