- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အိန္ဒိယရဲ့ အင်ဒို-ပစိဖိတ် မူဝါဒအတွက် အရေးပါတဲ့နေရာမှာ ရှိနေတဲ့ မြန်မာ
၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်နေ့က ဝန်ကြီးချုပ် နာရင်ဒြာမိုဒီဟာ ရှန်ဂရီလာဆွေးနွေးပွဲ မိန့်ခွန်းစကားမှာ အိန္ဒိယရဲ့ အင်ဒို-ပစိဖိတ်မူဝါဒကို တရားဝင်ကြေညာခဲ့ပါတယ်။ အိန္ဒိယဟာ အမှီအခိုကင်း၊ လွတ်လပ်ပြီး အားလုံးပါဝင်တဲ့ အင်ဒို-ပစိဖိတ် စနစ်တစ်ခုကို ဒေသတွင်းမှာ ဦးဆောင်ဦးရွက် အားပေးတယ်လို့လည်း မိုဒီက ဆိုပါတယ်။
31 Jan 2021
ရာဗီချန်ဒရာကူးမား မြန်မာပြန်ဆိုသည်။
၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်နေ့က ဝန်ကြီးချုပ် နာရင်ဒြာမိုဒီဟာ ရှန်ဂရီလာဆွေးနွေးပွဲ မိန့်ခွန်းစကားမှာ အိန္ဒိယရဲ့ အင်ဒို-ပစိဖိတ်မူဝါဒကို တရားဝင်ကြေညာခဲ့ပါတယ်။ အိန္ဒိယဟာ အမှီအခိုကင်း၊ လွတ်လပ်ပြီး အားလုံးပါဝင်တဲ့ အင်ဒို-ပစိဖိတ် စနစ်တစ်ခုကို ဒေသတွင်းမှာ ဦးဆောင်ဦးရွက် အားပေးတယ်လို့လည်း မိုဒီက ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ အိန္ဒိယဟာ အမေရိကန်၊ ဂျပန်၊ သြစတြေးလျတို့နဲ့ ဆက်ဆံရေး အားကောင်းခိုင်မာစေဖို့ အတွက် ခြေလှမ်းကြီးတွေကို လေးနိုင်ငံလုံခြုံရေးဒိုင်ယာလော့ ကနေတစ်ဆင့် အကောင်အထည်ဖော်နေပါပြီ။ ဒီနေရာမှာ အလေးအနက် သတိပြုရမှာတစ်ခုက အိန္ဒိယဟာ လေးနိုင်ငံအုပ်စုကို အင်ဒို-ပစိဖိတ်နဲ့ တိုက်ရိုက်ချိတ်ဆက်ဖို့ ရှောင်နေခဲ့တယ် ဆိုတဲ့အချက်ပါ။
အိန္ဒိယအစိုးရဟာ အရှေ့တောင်အာရှ နိုင်ငံတွေရဲ့ သံသယကို အဆုံးသတ်နိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ အင်ဒို-ပစိဖိတ်မူဝါဒမှာ နယူးဒေလီရဲ့ “အရှေ့မျှော်မူဝါဒ” နဲ့ အာဆီယံနိုင်ငံတွေကို ဗဟိုပြုပြီးဆောင်ရွက်ဖို့လည်း တောင်းဆိုထားပါတယ်။
ဒါပေမဲ့ အင်ဒို-ပစိဖိတ် ဒေသတွင်းစနစ် ပေါ်ထွက်လာဖို့အတွက်ဆိုရင် ပိုမြန်ပြီး ပိုကြီးတဲ့ ခြေလှမ်းတွေ လှမ်းဖို့လိုတယ် ဆိုတာကို အိန္ဒိယမူဝါဒချမှတ်သူတွေ တဖြည်းဖြည်း သဘောပေါက်လာကြပါတယ်။ ၂၀၁၉ နိုဝင်ဘာလမှာတော့ မိုဒီဟာ ဘန်ကောက်မှာကျင်းပတဲ့ ၁၄ ကြိမ်မြောက် အရှေ့အာရှညီလာခံမှာ အင်ဒို-ပစိဖိတ် သမုဒ္ဒရာများစီမံချက်ကို ကြေညာခဲ့ပါတယ်။
မကြာသေးခင်ကာလတွေမှာ ဒီကိစ္စကို အရိပ်အရောင်ပြန်မြင်လာရပါတယ်။ ပြည်ပရေးရာဝန်ကြီး ဆူဘရာမာဉာဏ်ဂျိုက်ရှန်ကာဟာ သီရိလင်္ကာနိုင်ငံကို ဇန်နဝါရီလ ၅ ရက်ကနေ ၇ ရက်အထိ အလည်အပတ် သွားရောက်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ သူက အိန္ဒိယနဲ့ အိမ်နီးချင်းနိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုကို အင်ဒို-ပစိဖိတ် သမုဒ္ဒရာများစီမံချက် အောက်မှာ မြှင့်တင်နိုင်တဲ့အကြောင်း ခိုင်ခိုင်မာမာ ပြောပါတယ်။ အခက်အခဲ အတက်အကျတွေ ရှိနေပေမယ့် အိန္ဒိယဟာ ပါကစ္စတန်ကလွဲရင် ကျန်တဲ့ အရှေ့တောင်အာရှ နိုင်ငံတိုင်းနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လာပါတယ်။
ဒီလိုတိုးမြှင့်မှုတွေ ရှိနေပေမယ့်လည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း အိမ်နီးချင်းနိုင်ငံတွေအပေါ် ထားတဲ့ အိန္ဒိယရဲ့ မူဝါဒကို မေးခွန်းထုတ်မှုတွေ ပေါ်ထွက်လာနေပါတယ်။ အရှေ့တောင်အာရှမှာ တရုတ်ရဲ့ သြဇာလွမ်းမိုးမှု မြင့်တက်လာနေတာက အဓိက အကြောင်းပြချက်ပါ။
အာဆီယံသို့ တံခါးပေါက်
အာဆီယံနိုင်ငံတွေထဲမှာ အိန္ဒိယနဲ့ မြေပြင်ရေပြင် ကီလိုမီတာ ၁၆၀၀ ကျော် အထိ ဆက်စပ်နေတာ မြန်မာ တစ်နိုင်ငံပဲရှိပါတယ်။ မြန်မာနဲ့ အိန္ဒိယဟာ အခုဆို ပူးတွဲစစ်ဆင်ရေးတွေလည်း ပုံမှန် ဆောင်ရွက်မှု ရှိနေသလို နှစ်နိုင်ငံအကြား ရေပြင်ကင်းလှည့်အစီအစဉ်တွေ မျှဝေတာ၊ စစ်တပ်အဆင့် ဆွေးနွေးတိုင်ပင်တာတွေလည်း ရှိနေပါတယ်။
အိန္ဒိယရေတပ်ဟာ မြန်မာရေတပ်က တပ်ဖွဲ့ဝင်တွေကိုလည်း သင်တန်းပေးပါတယ်။ နှစ်နိုင်ငံ ကြည်းတပ်တွေဟာ နယ်စပ်တစ်လျှောက်က အစွန်းရောက်အုပ်စုတွေကိုလည်း နှိမ်နင်းလျက်ရှိပါတယ်။
အင်ဒို-ပစိဖိတ် သမုဒ္ဒရာများ စီမံချက်မှာ ကဏ္ဍကြီး ခုနစ်ခုရှိပါတယ်။
၁။ ဘေးအန္တရာယ်လျှော့ချရေးနဲ့ ဘေးအန္တရာယ် စီမံခန့်ခွဲရေး
၂။ စွမ်းဆောင်ရည်မြှင့်တင်ရေးနဲ့ အရင်းအမြစ်များ မျှဝေရေး
၃။ ရေကြောင်းသွားလာမှု လုံခြုံရေး
၄။ အဏ္ဏဝါဂေဟဗေဒ
၅။ အဏ္ဏဝါသယံဇာတများ
၆။ သိပ္ပံ၊ နည်းပညာနဲ့ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု
၇။ ကုန်သွယ်ရေးလမ်းကြောင်းချိတ်ဆက်မှု
မြန်မာဟာ အိန္ဒိယကို အရှေ့တောင်အာရှနဲ့ ချိတ်ဆက်ပေးပါတယ်။ အထူးသဖြင့် အရှေ့မြောက်ပိုင်းက ဒေသတွေနဲ့ ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ စီးပွားရေးနဲ့ လူထုဆက်ဆံရေး ရှုထောင့်ဘက်က ကြည့်ရင်လည်း အထူးအရေးပါနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း အမေရိကန်၊ ဂျပန်အပါအဝင် နိုင်ငံကြီးတွေနဲ့ ဆွေးနွေးမှုတွေဟာ အိန္ဒိယအတွက် အခွင့်အလမ်းတွေ ပေါ်ထွက်လာစေပါတယ်။ ဒါပေမဲ့ ဒီအခွင့်အလမ်းတွေဟာ သတ်သတ်မှတ်မှတ်နိုင်ငံတွေဆီကပဲ ရရှိတာဖြစ်သလို နဂိုသဘောတူထားပြီးသား အချက်တွေအပေါ် မူတည်ဆောင်ရွက်ကြတာသာ ဖြစ်ပါတယ်။ အိန္ဒိယရဲ့ အရှေ့မျှော်မူဝါဒ၊ အင်ဒို-ပစိဖိတ်နဲ့ အိမ်နီးချင်းနိုင်ငံများအပေါ် ထားရှိတဲ့ မူဝါဒတွေအတွက် အင်ဒို-ပစိဖိတ်သမုဒ္ဒရာများ စီမံချက်ဟာ အရေးပါတဲ့နေရာမှာ ရှိနေပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေမှာ အိန္ဒိယဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးတွေ အလေးထား ဆောင်ရွက်လာပါတယ်။ အိန္ဒိယကလွှဲပေးလိုက်တဲ့ ဆင်ဒူးဗီယာ ရေငုပ်သင်္ဘော ဟာ မြန်မာ့ရေတပ်ရဲ့ ပထမဆုံး ရေငုပ်သင်္ဘောဖြစ်လာပါတယ်။ ဒါကို မြန်မာအပေါ် တရုတ်ရဲ့လွှမ်းမိုးမှုကို ချေဖျက်တဲ့ အိန္ဒိယရဲ့ ခြေလှမ်းတစ်ရပ်အဖြစ် မြင်နိုင်ပါတယ်။ တရုတ်က သူ့ရဲ့သြဇာကို နီပေါ၊ ဘင်္ဂလားဒေရှ့်နဲ့ သီရိလင်္ကာနိုင်ငံတွေမှာ တိုးမြှင့်နေချိန် အိန္ဒိယရဲ့ ဒီလုပ်ရပ်ဟာ အထူးအရေးပါပါတယ်။
ပြီးခဲ့တဲ့နှစ်ကဆိုရင် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ စစ်တပ်က အကြီးအကဲနှစ်ယောက် မြန်မာနိုင်ငံကို အတူတူရောက်ရှိလာကြပါတယ်။ ဒါဟာ အိန္ဒိယသမိုင်းမှာ နိုင်ငံပြင်ပကို ထိပ်တန်းခေါင်းဆောင်နှစ်ယောက် ပထမဆုံးအကြိမ် အတူတကွ ခရီးထွက်ကြတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် အိန္ဒိယရဲ့ မဟာဗျူဟာနဲ့ သံတမန်ရေးရာ စဉ်းစားချက်မှာ မြန်မာဟာ နေရာကြီးကြီး ရထားမှန်း ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။
နှစ်ရက်တာ မြန်မာခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ဟာ့ရှ်ဗာဟန် ရှရင်းဂလားနဲ့ ကြည်းတပ်ဦးစီးချုပ် ဗိုလ်မှူးကြီးနာရာဗင်းတို့ဟာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အပါအဝင် ဝန်ကြီးသုံးလေးဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ နှစ်နိုင်ငံအကြား စစ်ဘက်နဲ့ မဟာဗျူဟာရေးရာ ပူးပေါင်းဆောင်ရွက်မှု ရှိနိုင်ခြေ အရမ်းများပါတယ်။ နာရာဗင်းရဲ့ ခရီးစဉ်အတွင်း ဒီအချက်တစ်ချို့ကို ထုတ်ဖော်ဆွေးနွေးခဲတယ်လို့ မျှော်လင့်ရပါတယ်။
အိန္ဒိယဟာ မြန်မာနိုင်ငံအတွင်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးများလာနေတာကို စိတ်ပူပါတယ်။ တရုတ်စီးပွားရေးတွေ မြန်မာပြည်ထဲမှာ အများကြီးရှိပြီး စွမ်းအင်ကဏ္ဍမှာ အထူးများပြားပါတယ်။ အိန္ဒိယဟာ မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အခွင့်ကောင်းယူပြီး စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံလိုစိတ် ရှိပါတယ်။ ဒါကြောင့်ပဲ ရန်ကုန်မြို့အနီးမှာ အမေရိကန်ဒေါ်လာ ၆ ဘီလျံတန်ဖိုးရှိတဲ့ ရေနံချက်စက်ရုံ ဆောက်လိုတာ ဖြစ်နိုင်ပါတယ်။
မြန်မာဟာ အိန္ဒိယရဲ့ အိမ်နီးချင်းဦးစာပေး မူဝါဒနဲ့ အရှေ့မျှော်မူဝါဒမှာ အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်နေပါတယ်။ ဒီလိုမျိုး စီးပွားရေး၊ ယဉ်ကျေးမှု၊ ပုံစံချင်းဆင်တဲ့လူမှုစရိုက် စတာတွေ ရှိနေရက်သားနဲ့ မြန်မာဟာ အိန္ဒိယအတွက် အထူးအရေးပါတဲ့ နေရာမှာ ရောက်သင့်သလောက် မရောက်နိုင်သေးတာဟာ နှမြောစရာဖြစ်ပါတယ်။
မြန်မာနဲ့ အိန္ဒိယနှစ်နိုင်ငံလုံးမှာ ပြည်သူအများစုဟာ စိုက်ပျိုးမွေးမြူရေး ကဏ္ဍကို အဓိက မှီခိုနေကြဆဲ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် စိုက်ပျိုးမွေးမြူရေးအပိုင်းမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဟာ အထူးအရေးပါတဲ့ နေရာမှာ ရှိနေပါတယ်။
အိန္ဒိယအရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်ဟာ မြန်မာနဲ့ အထူးကောင်းမွန်တဲ့ ဆက်ဆံရေး ရှိပါတယ်။ မီဇိုရမ်ပြည်နယ်ဟာလည်း မိုဒီရဲ့ အရှေ့မျှော်မူဝါဒမှာ အထူးစိတ်ဝင်စားခြင်း ခံနေရပါတယ်။
နှစ်ပေါင်းများစွာ ကြန့်ကြာနေခဲ့တဲ့ အိန္ဒိယရဲ့ စစ်တွေရေနက်ဆိပ်ကမ်း စီမံကိန်းဟာ လာမယ့်မတ်လမှာ အသင့်ဖြစ်တော့မယ်လို့ ယူဆရပါတယ်။ ဒီအတိုင်းသာ ဖြစ်ခဲ့မယ်ဆိုရင်
အထူးခြေလှမ်းကြီးတစ်ရပ် ဖြစ်လာမှာပါ။ စစ်တွေဆိပ်ကမ်းဟာ အိန္ဒိယအတွက် မြန်မာနဲ့ သာမက အရှေ့တောင်အာရှက တခြားနိုင်ငံတွေနဲ့ ကုန်သွယ်ရေးကိုပါ အထောက်အကူပြုမှာ ဖြစ်ပါတယ်။
မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေအပေါ် အလေးထားဆက်ဆံပြီး သူတို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေရေးဟာ အိန္ဒိယရဲ့တာဝန် ဖြစ်ပါတယ်။ အိန္ဒိယရဲ့ မူဝါဒချမှတ်သူတွေ ဒီအချက်ကို အလေးမထားသေးသရွေ့တော့ အိန္ဒိယဟာ သူ့အိမ်နီးချင်းနိုင်ငံတွေအတွက် ယုံကြည်ရတဲ့မိတ်ဖက်ကောင်း ဖြစ်လာမှာမဟုတ်ကြောင်းပါ။
ရာဗီချန်ဒရာကူးမား
(Asia Times မှာဖော်ပြထားတဲ့ “Myanmar plays a vital role in India’s Indo-Pacific policy” ကို ဆီလျော်အောင် မြန်မာပြန်ဆိုပါတယ်။)