ငပလီဒေသခံ ၆ ဦးသေဆုံးမှု ၎င်းတို့လက်ချက် မဟုတ်ကြောင်း စစ်ကောင်စီ ငြင်းဆို

စစ်ကောင်စီငြင်းဆန်မှုပေါ် သံတွဲဒေသခံများက လက်မခံကြဘဲ စစ်ကောင်စီရေတပ်စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကြောင့် သေဆုံးသွားခြင်းဟု အတိအကျပြောဆိုကြသည်။ 

By Admin 02 Aug 2024

ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

DMG ၊ ဩဂုတ် ၂

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၈ ရက်က စစ်ကောင်စီပစ်ခတ်သော လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်များအပါအဝင် ဒေသခံ ၆ ဦး သေဆုံးသွားခဲ့သည်။

“အဆိုပါသတင်းနဲ့ပတ်သက်၍ ငပလီမြို့မှ တာဝန်ရှိသူများထံ စုံစမ်းမေးမြန်းမှုများအရ မှန်ကန်မှုမရှိဘဲ ပြည်သူများ အထိတ်တလန့်ဖြစ်စေရန်နှင့် မိမိတို့အပေါ် အထင်အမြင်လွဲမှားစေရန် ရည်ရွယ်၍ လုပ်ကြံရေးသားထားခြင်း” ဟု ယနေ့ (ဩဂုတ် ၂) ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်း သတင်းစာမှတစ်ဆင့် ငြင်းဆန်လိုက်သည်။

စစ်ကောင်စီငြင်းဆန်မှုပေါ် သံတွဲဒေသခံများက လက်မခံကြဘဲ စစ်ကောင်စီရေတပ်စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကြောင့် သေဆုံးသွားခြင်းဟု အတိအကျပြောဆိုကြသည်။ 

ဂျိတ္တောဒေသံအမျိုးသမီးတစ်ဦးက “သူတို့မပစ်ရင် ဘယ်သူပစ်မလဲ။ လက်နက်ကြီးက မောင်ရွှေလေးရေတပ် စခန်းဘက်ကနေ ကျလာတာ။ အဓိက အဲဒီရေတပ်စခန်းသို့ သွားတဲ့လမ်း ဂျိတ္တောကနေ AA လာနိုင်တယ်ဆိုပြီး၊ ဂျိတ္တောဘက်မှာ AA ရှိတယ်ထင်ပြီး ပစ်သွားတာဖြစ်တယ်။ ဒီကိစ္စကို ဒေသခံတွေ အသိဆုံးပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်က ဂျိတ္တောရပ်ကွက်တွင် လက်နက်ကြီးကျ၍ မီးရပ်လမ်းတွင် နေထိုင်သော ဒေါ်မြင့်မြင့်၏ အသက်(၄)နှစ်အရွယ် သားတစ်ဦး၊ အသက် (၅) နှစ်နှင့် (၇) နှစ်အရွယ် သမီးနှစ်ဦး သေဆုံးသွားခဲ့ရသည်။ 

“ကလေးသုံးယောက်က ပွဲချင်းပြီးဆိုသလို ဆုံးသွားတာ။ သူတို့အမေ ဒေါ်မြင့်မြင့်ဆို သွေးလန့်ပြီး ဘယ်ကိုသွားလို့ သွားမှန်းတောင် မသိလိုက်ကြလို့ လူတွေတော်တော်လိုက်ရှာကြရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းအပြင် အဆိုပါနေ့က ဒိုင်းမွန်းဟိုတယ်ရှေ့က နေအိမ်တစ်လုံးကိုလည်း လက်နက်ကြီးထိမှန်ခဲ့ပြီး အသက် ၃၅ နှစ်နှင့် ၅၀ အရွယ်ရှိသော အမျိုးသမီးသုံးဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကုန်ထိ သံတွဲတိုက်ပွဲများအတွင်း လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှုကြောင့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များအပါအဝင် အရပ်သားထိခိုက်သေဆုံးသူဦးရေ ၁၇၀ ထိရှိကြောင်း DMG ၏ စာရင်းများအရ သိရသည်။

သံတွဲမြို့နယ်တွင် တိုက်ပွဲကာလ ၃ လကျော်ကြာမြင့်ပြီး အာရက္ခတပ်တော်က ငပလီအခြေစိုက် တပ်ရင်းနှစ်ခုနှင့် သံတွဲမြို့ကို ထိန်းချုပ်ထားပြီး ကျန်ရှိနေသည့် မောင်ရွှေလေးရေတပ်ကို ဆက်လက်ထိုးစစ်ဆင်လျက် ရှိသည်။

ထို့ကြောင့် အရပ်သားများအနေဖြင့် စစ်ကောင်စီရေတပ်စခန်းအနီး၌ ခရီးသွားလာမှု မပြုလုပ်ကြရန် AA က ထုတ်ပြန်ထားသည်။