- မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
- လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်ကျေးရွာများ တိမ်းရှောင်
- ဧရာဝတီတွင် စစ်ဘေးရှောင်နေသည့် ဂွဒေသခံ ၁၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- ဂွသို့ တင့်ကားအပါအဝင် စစ်ကား အစီး ၂၀ ကျော်ဖြင့် အင်အားဖြည့်တင်း
- တရုတ်ကုမ္ပဏီ AVIC ထံမှ စစ်ကောင်စီ လေယာဉ်အသစ် ၈ စင်း ဝယ်ယူရရှိထား
ရခိုင်က ကျေးလက်ဒေသများတွင် အကူအညီပေးရန် စိန်ခေါ်မှုများရှိနေဆဲဟု ICRC ထုတ်ပြန်
ရခိုင်ပြည်အတွင်းက ကျေးလက်ဒေသများတွင် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခရီးသွားလာခွင့်ကန့်သတ်ချက်ကြောင့် စိန်ခေါ်မှုများ ရှိနေသေးကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)က ထုတ်ပြန်ထားသည်။
20 Oct 2023
DMG ၊ အောက်တိုဘာ ၂၀
ရခိုင်ပြည်အတွင်းက ကျေးလက်ဒေသများတွင် လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခရီးသွားလာခွင့်ကန့်သတ်ချက်ကြောင့် စိန်ခေါ်မှုများ ရှိနေသေးကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)က ထုတ်ပြန်ထားသည်။
ကျေးလက်ဒေသများတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးရန် အခက်အခဲရှိနေသော်လည်း အရေးတကြီး အကူအညီလိုအပ်သူများကို ကူညီနိုင်ရန်ကြိုးပမ်းနေကြောင်း ICRC မှ အောက်တိုဘာ ၁၉ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“အားလုံးက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သွားရောက်ခွင့်ကို ခွင့်ပြုပေးပြီး အလေးထား လေးစားကာ ကူညီပံ့ပိုးပေးမှသာ အိုင်စီအာရ်စီက ဘေးဖြစ်လွယ်သူတွေဆီကို ရောက်ရှိနိုင်မှာဖြစ်ပါတယ်” ဟု ICRC က ထုတ်ပြန်ထားသည်။
ရခိုင်ပြည်အတွင်း ဝေးလံခေါင်ဖျားဒေသများတွင် “မိုခါ” မုန်တိုင်းအလွန် အကူအညီများ လိုအပ်နေသေးပြီး စစ်ကောင်စီမှ ကူညီထောက်ပံ့မှုမှာလည်း အားနည်းနေဆဲဖြစ်ကာ NGO/INGO နှင့် လူမှုကူညီရေး အသင်းအဖွဲ့များမှ လာရောက်မှုမရှိ၍ အခက်အခဲများရှိနေကြကြောင်း သိရသည်။
“အကူအညီတွေပေးတာက မရှိသလောက်ပါပဲ။ နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း မလာနိုင်။ အစိုးရ(စစ်ကောင်စီ)ကလည်း သွားခွင့်မပြု။ အစိုးရ(စစ်ကောင်စီ)က ခွင့်မပြုဆိုတော့ ကျနော်တို့ ပြည်သူတွေက ထမင်းငတ်ဖို့ပဲကျန်တယ်။ အခုလည်း ဥယျာဉ်တွေပျက်စီး အလုပ်အကိုင်ကလည်းမရှိ ခက်အခဲတွေဖြစ်နေကြတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသ သင်းပုန်းတန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်အထက်ပိုင်း တောဖျားချောင်းဒေသခံများမှာ တောတောင်ကိုအမှီပြုကာ သစ်ခုတ်၊ ဝါးခုတ်နှင့် တောင်ယာစိုက်ပျိုးရေးလုပ်ငန်းတို့ဖြင့် အဓိက အသက်မွေးကြသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဥယျာဉ်ခြံမြေရှိ သီးပင်စားပင်အများအပြား ပျက်စီးသွား၍ ရပ်တည်ရေးအခက်အခဲ ရှိနေကြသည်။
မုန်တိုင်းဒဏ်ကို အဆိုးဝါးဆုံးရင်ဆိုင်ခဲ့ရသော ရသေ့တောင်မြို့နယ်တွင်လည်း မုန်တိုင်းအလွန် ၅ လနီးပါး ကြာမြင့်လာသော်လည်း စားနပ်ရိက္ခာအပြင် အမိုးအကာလုံခြုံမှုအောက်သို့ မရောက်နိုင်သေးသူ အများအပြားရှိနေသေးသည်။
“ဒီမှာက လုံးဝပြန်မလုပ်နိုင်သေးတဲ့ လူတွေလည်းရှိတယ်။ ဒီအတိုင်း အဆင်ပြေသလို တာပေါ်လိပ်တွေနဲ့ နေနေရတုန်းပဲ” ဟု ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှ ဦးထွန်းမြင့်က ပြောသည်။
ရခိုင်ပြည်တွင် မုန်တိုင်းသင့်ပြည်သူများအတွက် အကူအညီပေးရေးနှင့်ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများကို စစ်ကောင်စီက ကန့်သတ်ထားခြင်းကြောင့် ပြန်လည်ထူထောင်ရေးမှာ ပို၍အခက်ကြုံနေကြရသည်။
မြောက်ဦးမြို့နယ်က မြို့နှင့်အလှမ်းဝေးသော မုန်တိုင်းသင့်ကျေးရွာများတွင် ယခုအချိန်ထိ ပြန်လည်ထူထောင်ရေးအတွက် အခက်အခဲများရှိနေသေးကြောင်း သိရသည်။
မြောက်ဦးမြို့နယ်၊ လက်သန်းချေကျေးရွာတွင် မုန်တိုင်းအလွန်ကာလက စစ်ကောင်စီထံမှ စားနပ်ရိက္ခာတချို့သာ ရရှိခဲ့ပြီး အမိုးအကာနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ တစ်စုံတစ်ရာ မရရှိသေးကြောင်း သိရသည်။
“မုန်တိုင်းလွန်တဲ့အချိန်ကစလို့ အစိုးရ(စစ်ကောင်စီ)ဆီက အိမ်ခေါင်မိုးလန်တဲ့ အိမ်ထောင်စုတစ်စုကို ဆန်ဆယ်ဗူး၊ တချို့ဆို ဗူးနှစ်ဆယ် အဲလောက်ပဲရသေးတယ်။ ကျန်တာ ဘာတစ်ခုမှမရသေးဘူး။ ကျမတို့မှာ ပျက်သွားတဲ့အိမ်ကိုတောင် ပိုက်ဆံမတတ်နိုင်လို့ အခုထိ မလုပ်ရသေးဘူး။ အကူအညီတော့ လိုအပ်နေပါတယ်။ ဒါပေမယ့် ပေးတာတွေမှမရှိတာ” ဟု မြောက်ဦးမြို့နယ်၊ လက်သန်းချေကျေးရွာမှ ဒေါ်ဦးကျော့သန်းက ပြောသည်။
ရခိုင်ပြည်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” မုန်တိုင်းကြောင့် နေအိမ်၊ အဆောက်အအုံ အများအပြား ပျက်စီးသွားခဲ့ပြီး ပြည်သူ ၁၁ သိန်းကျော် ထိခိုက်နစ်နာခဲ့ရကာ ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်သည်။
မုန်တိုင်းသင့် ရခိုင်ပြည်တွင် ပြန်လည်ထူထောင်ရေး အရေးပေါ်ကာလ ပြီးဆုံးပြီဖြစ်ကာ ကာလရှည်အနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်းက ပြီးခဲ့သည့် စက်တင်ဘာလ ၂၀ ရက်နေ့ ပြည်နယ်အဆင့်အစည်းအဝေးမှာ ပြောဆိုခဲ့ကြောင်း သိရသည်။