မြန်မာနိုင်ငံတွင် လူသားချင်းစာနာမှုအကူအညီ အရေးပေါ် ဖြည့်ဆည်းရန် လိုအပ်ကြောင်း ICRC ပြော

ပဋိပက္ခဒဏ်ခံနေရသည့် နေရာများရှိ လူထုများသည် ကျန်းမာရေးစောင့်ရှောက်မှု၊ မိလ္လာစနစ်၊ သန့်ရှင်းသည့်ရေ၊ အစားအစာနှင့် နေထိုင်ရန်အမိုးအကာများ ရရှိနိုင်မှုတွင် ကြီးမားသည့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း ထုတ်ပြန်ထားသည်။ 

By Admin 10 Sep 2024

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဥက္ကဌ Mirjana Spoljaric (ဓာတ်ပုံ - ICRC)
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဥက္ကဌ Mirjana Spoljaric (ဓာတ်ပုံ - ICRC)

DMG ၊ စက်တင်ဘာ ၁၀ 

စစ်ရေးပဋိပက္ခ အရှိန်မြင့်တက်နေသည့် မြန်မာနိုင်ငံတွင် ပိုမိုများပြားလာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို  အဆောတလျင် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ စက်တင်ဘာ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။ 

ပဋိပက္ခဒဏ်ခံနေရသည့် နေရာများရှိ လူထုများသည် ကျန်းမာရေးစောင့်ရှောက်မှု၊ မိလ္လာစနစ်၊ သန့်ရှင်းသည့်ရေ၊ အစားအစာနှင့် နေထိုင်ရန်အမိုးအကာများ ရရှိနိုင်မှုတွင် ကြီးမားသည့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ နေရကြောင်း ထုတ်ပြန်ထားသည်။ 

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခြေအနေများ ပိုမိုယိုယွင်းလာနေသည့်အချိန်တွင် ICRC ဥက္ကဋ္ဌ Mirjana Spoljaric သည် စက်တင်ဘာ ၅ ရက်မှ ၉ ရက်နေ့အထိ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ ထုတ်ပြန်ထားခြင်း ဖြစ်သည်။ 

မြန်မာနိုင်ငံတွင်ရှိသည့် မိသားစုအများအပြားသည် အခြေခံဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုမရှိဘဲ နေထိုင်နေကြပြီး အစားအစာပြတ်လပ်မှုနှင့် ရင်ဆိုင်‌ကြုံတွေ့နေရသည့်အပြင် သန့်ရှင်းသည့် မိလ္လာစနစ် ရရှိအသုံး ပြုနိုင်မှုမှာလည်း  အကန့်အသတ်များရှိနေကြောင်း ICRC ဥက္ကဋ္ဌက ပြောသည်။ 

ပဋိပက္ခနှင့် အခြားသော အကြမ်းဖက်မှုအခြေအနေများကြောင့် အကြောက်တရားများနှင့် နေထိုင်နေရပြီး အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ဆက်လက်မဆောင်ရွက်နိုင်သဖြင့် မရေတွက်နိုင်အောင် များပြားသည့် လူထုအတွက် ဆက်လက်အသက်ရှင်ရပ်တည်နိုင်ရန် နည်းလမ်းများ မရှိတော့ဟုလည်း ဆိုသည်။ 

ယင်းအပြင် လူထု၏ သွားလာနိုင်မှုနှင့် ကုန်ပစ္စည်းစီးဆင်းမှုအပေါ် ချမှတ်ထားသည့် တားမြစ်ကန့်သတ်ချက်များ ကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မှု လျော့နည်းလာသည့် အခြေအနေတွင် ရပ်ရွာ လူထုအများအပြားအတွက် အလွန်အရေးကြီးသည့် ဝန်ဆောင်မှုများ ရရှိနိုင်သည့်အပေါ် အကန့်အသတ်ဖြစ်လာကြောင်း ICRC မှ ထုတ်ပြန်ထားသည်။ 

ICRC ဥက္ကဋ္ဌ Mirjana Spoljaric သည် မြန်မာနိုင်ငံခရီးစဉ်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရာတွင်လည်း ပဋိပက္ခဒဏ်ခံနေရသည့် ဒေသများသို့ သွားရောက်ခွင့်ကို ပိုမိုရရှိနိုင်ရန် တိုက်တွန်းခဲ့ကြောင်း  ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီကလည်း ICRC နှင့် တွေ့ဆုံရာတွင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အကူအညီလိုအပ်နေသည့် ပြည်သူများထံသို့ ထောက်ပံ့မှုများ အမှန်တကယ်ရောက်ရှိစေရေးနှင့် မသက်ဆိုင်သည့် အဖွဲ့အစည်းများထံ မရောက်ရှိစေရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။