ရခိုင်တွင် သွေးလှူရှင်အသင်းများ အားနည်းလာ၍ အရေးပေါ်လူနာများ အခက်ခဲဖြစ်

လူနာများအတွက် အရေးပေါ်သွေးလိုအပ်ချက်ကို အချိန်မီမသွင်းပေးနိုင်ပါက အသက်ဆုံးရှုံးနိုင်သဖြင့် စစ်ဘေးသင့် ရခိုင်ဒေသခံများ၏ လူမှုဘဝအတွက် စိုးရိမ်ရသည့်အခြေအနေဖြစ်သည်။ 

By Admin 01 Aug 2024

ရခိုင်တွင် သွေးလှူရှင်အသင်းများ အားနည်းလာ၍ အရေးပေါ်လူနာများ အခက်ခဲဖြစ်

DMG ၊ ဩဂုတ် ၁ 

စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသမှာ လူမှုကူညီရေးအသင်းအဖွဲ့များ လုပ်ငန်းလည်ပတ်မှု အားနည်းသွားသဖြင့် အရေးပေါ်သွေးလိုအပ်ချိန် အလွယ်တကူရရှိရန် ခက်ခဲနေပြီး လူနာရှင်များကိုယ်တိုင် မြေပြင်ကွင်းဆင်းပြီး သွေးအလှူခံနေကြရသည်။

မြို့နယ်အသီးသီးရှိ လူမှုကူညီအဖွဲ့များမှာ တိုက်ပွဲကြောင့် တိမ်းရှောင်နေခြင်း၊ စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းလည်ပတ်ရန် ခက်ခဲနေပြီး၊ အများစုမှာ ရပ်တန့်ထားရကြောင်း သိရသည်။

လူမှုရေးကူညီရေးအဖွဲ့များ မလည်ပတ်နိုင်ခြင်း၏ အကျိုးဆက်အဖြစ် အရေးပေါ်လူနာများ ဆေးဝါးကုသရန် ခက်ခဲလာခြင်းအပြင်၊ လူနာများအတွက် သွေးအရေးပေါ်လိုအပ်ချိန် သွေးရရှိရန် အခက်အခဲကြုံလာရသည်။ 

ဒေသတွင်း လူမှုကူညီရေး လုပ်ဆောင်နေသူတစ်ဦးက “လူမှုအဖွဲ့အစည်းတွေ အရင်လိုမရှိတော့ ဒေသခံတွေက အဘက်ဘက်မှာ အခက်အခဲနဲ့ ကြုံနေရတယ်။ ပုံမှန်သွေးအလှူရှင်လည်း မရှိတော့ဘူး။ ဆိုတော့ လူနာရှင်တွေမှာ ကိုယ်တိုင်သွေးလိုက်ရှာရတဲ့ အခြေနေတွေရှိလာတယ်” ဟု ပြောသည်။ 

ယခင်ကဆိုလျှင် ဆေးရုံများတွင် သွေးလှူဘဏ်များရှိပြီး အသင်းဝင်များမှာ ပုံမှန်လာရောက်ပြီး သွေးလှူဒါန်းခြင်း၊ အထိမ်းအမှတ်နေ့အဖြစ် သွေးလှူသူများရှိခဲ့သည်။ လက်ရှိတွင် ဒေသတွင်းတိုက်ပွဲကြောင့် တိမ်းရှောင်နေရသဖြင့် သွေးအလှူရှင်များ ပြန့်ကြဲသွားပြီး လူနာများအတွက် အရေးပေါ် သွေးလိုအပ်ချက်မှာ မြင့်မားလာသည်။

ပုဏ္ဏားကျွန်းမြို့နယ်မှ မွေးလူနာတစ်ဦး၏ အမျိုးသားက “အရင်တုန်းကတော့ သွေးတစ်လုံးရဖို့ ပိုက်ဆံပေးပြီး ဝယ်လို့ရသေးတယ်။ အခုက သွေးတစ်လုံးရဖို့ ခြေလျင်လျှောက်ပြီး အလှူခံရတယ်။ ရင်းနှီးရာလူတွေနဲ့ နေအိမ်တွေအပြင် တွေ့ရာလူတွေကို မေးမြန်းပြီးရှာရတယ်။ ဒီကာလမှာ သွေးရဖို့ ဘယ်လောက်ခက်ခဲလဲ ဆိုတာကို သွေးရှာဖူးသူတိုင်း သိပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လကလည်း ပေါက်တောမြို့နယ်မှ ကိုယ်ဝန်ဆောင်တစ်ဦး ကလေးမွေးဖွားပြီးနောက် သွေးလိုအပ်ချက်ကို အချိန်မီ မသွင်းပေးနိုင်ခဲ့၍ အရေးပေါ်ဆေးဝါးကုသမှု ခံယူခဲ့ရကြောင်း မိသားစုဝင်အမျိုးသမီးတစ်ဦးက ပြောသည်။ 

“မနက်ကတည်းက သွေးသွင်းရမှာကို B သွေးရှာမရလို့ လိုက်ရှာတာ ညနေလောက်မှပဲ သွင်းလိုက်ရတယ်” ဟု ပြောသည်။

စစ်ရေးပဋိပက္ခဖြစ်ပွားနေသော မိုင်းပေါက်ကွဲခြင်း၊ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်သူများ၊ မွေးလူနာများ စသည့် အကြောင်းအမျိုးမျိုးကြောင့် သွေးလိုအပ်ချက်ရှိသည့်လူနာများ အများအပြားရှိနေသည်။ 

လူနာများအတွက် အရေးပေါ်သွေးလိုအပ်ချက်ကို အချိန်မီမသွင်းပေးနိုင်ပါက အသက်ဆုံးရှုံးနိုင်သဖြင့် စစ်ဘေးသင့် ရခိုင်ဒေသခံများ၏ လူမှုဘဝအတွက် စိုးရိမ်ရသည့်အခြေအနေဖြစ်သည်။ 

လူမှုကူညီရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက “လူမှုကူညီရေးအဖွဲ့တွေ အရင်လိုမရှိတော့ ဒေသခံတွေမှာ အရမ်းခက်ခဲလာတယ်။ သွေးလိုအပ်ချက်ကော တခြား လိုအပ်ချက်တွေအတွက်ပါ ခက်ခဲတယ်။ အလုပ်လုပ်မယ့်လူ မရှိတော့ဘူးလေ။ မြို့တစ်မြို့မှာ တစ်ခုခုဖြစ်ပြီဆိုရင် ဒီလူမှုကူညီရေးအဖွဲ့တွေကပဲ ကူညီပေးနေတာ။ အခုက အဲဒီအဖွဲ့တွေ မရှိတော့ဘူးဆိုတော့ ကျန်တဲ့ ဒေသခံတွေအတွက် အများကြီး ခက်ခဲတယ်” ဟု  ပြောသည်။ 

ရခိုင်ဒေသအတွင်း စစ်ရေးအရ အရေးနိမ့်နေသော စစ်ကောင်စီသည် ဆေးရုံ၊ ဆေးခန်းများကို ပစ်မှတ်ထားပြီး လေကြောင်းပစ်ခတ်မှုများ မကြာခဏပြုလုပ်နေ၍ ဒေသခံများ၏ ကျန်းမာရေးဆိုင်ရာ ဆေးကုသမှုခံယူမှုမှာ စိန်ခေါ်မှုများစွာ ရှိနေသည်။