စစ်တွေက ABC ကလေးဂေဟာအတွက် ကူညီထောက်ပံ့မှုများ လိုအပ်နေ 

ပုံမှန်ထောက်ပံ့နေသည့် အလှူရှင်များမှာ ဒေသတွင်းမတည်ငြိမ်မှုကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်သွားကြ၍ အလှူငွေလက်ခံရရှိမှု နည်းပါးသွားကြောင်း ဂေဟာတာဝန်ခံ ဦးလမင်းကျော်သူက ပြောသည်။

By Admin 07 Aug 2024

စစ်တွေက ABC ကလေးဂေဟာအတွက် ကူညီထောက်ပံ့မှုများ လိုအပ်နေ 

DMG ၊ ဩဂုတ် ၇

ရခိုင်ပြည်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ABC မိဘမဲ့ကလေးဂေဟာတွင် အလှူရှင်နည်းပါးလာ၍ ပုံမှန်လည်ပတ်ရန် ငွေကြေးထောက်ပံ့မှုများ လိုအပ်နေကြောင်း တာဝန်ရှိသူထံမှ သိရသည်။ 

ပုံမှန်ထောက်ပံ့နေသည့် အလှူရှင်များမှာ ဒေသတွင်းမတည်ငြိမ်မှုကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်သွားကြ၍ အလှူငွေလက်ခံရရှိမှု နည်းပါးသွားကြောင်း ဂေဟာတာဝန်ခံ ဦးလမင်းကျော်သူက ပြောသည်။

“ဟိုအရင်ကဆိုရင် စစ်တွေကတင် မဟုတ်ဘူး။ တခြားမြို့တွေကလည်း လှူပေးကြတာရှိတယ်။ အခုက လူတိုင်း ဒုက္ခရောက်နေကြတာဆိုတော့ မလှူနိုင်ကြတော့ဘူး။ တခါတလေ နိုင်ငံခြားရောက်နေတဲ့ လူတွေဆီက လှူပေးတာရှိတယ်။ ရတဲ့အလှူငွေနည်းနည်းလောက်နဲ့ အဆင်ပြေအောင် လည်ပတ်နေပါတယ်” ဟု ပြောသည်။ 

စစ်တွေမြို့နေပြည်သူ အများစုမှာ တိုက်ပွဲစိုးရိမ်ချက်ကြောင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည်။ 

ABC ဂေဟာတွင် ယခင်က ရာသက်ပန်အလှူငွေလှူဒါန်းသူ၊ နေ့အလိုက်တာဝန်ယူလှူဒါန်းသူများ ရှိခဲ့သော်လည်း လက်ရှိတွင် ထိုအလှူရှင်များ မရှိတော့သဖြင့် ဂေဟာအတွက် အကျပ်အတည်းကြုံနေရခြင်းဖြစ်သည်။

ငွေကြေးအခက်အခဲကြောင့် ကလေးများအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူရန် ခက်ခဲနေပြီး၊ ကျွေးမွေးရေးအပိုင်းတွင်လည်း အာဟာရပြည့်ရုံလောက်သာ ရှိကြောင်း ဦးလမင်းကျော်သူက ပြောသည်။

“ကလေးတွေအတွက် အသုံးအဆောင်၊ နို့မှုန့်၊ ဖြည့်စွက်စာတွေဝယ်ရတာ ပိုပြီ ကျပ်တည်းသွားတယ်။ အရင်လို ဝဝလင်လင် မကျွေးနိုင်တော့ဘူး။ အာဟာရဓာတ် ရရုံလောက်ပဲ စီစဉ်ပေးနေရတယ်” ဟု ပြောသည်။ 

ကလေးငယ်များကို ကောင်းမွန်စွာပြုစုစောင့်ရှောက်ရန် ကူညီထောက်ပံ့မှုများလိုအပ်နေပြီး အလှူရှင်များအနေဖြင့် တတ်နိုင်သည့်ဖက်မှ ထောက်ပံ့စေလိုကြောင်း ဦးလမင်းကျော်သူက တောင်းဆိုသည်။

ဂေဟာတွင် အနယ်နယ်အရပ်ရပ်က မိဘမဲ့ကလေး စုစုပေါင်း ၇၀ ဦးရှိကာ မွေးကင်းစအရွယ်မှ အသက် ၁၅ နှစ်ထိ ရှိပြီး Grade 1 မှ Grade 10 အထိ ကျောင်းတက်ရောက်နေသူ ၅၀ ခန့်ရှိသည်။

ABC ဂေဟာတွင် ကလေးများကို စောင့်ရှောက်ထိန်းကျောင်းရန် ဝန်ထမ်းအင် ၃၆ ဦးရှိခဲ့သော်လည်း လက်ရှိတွင် ၁၆ ယောက်သာ ကျန်ရှိတော့ကြောင်း သိရသည်။