ပဋိပက္ခအတွင်း အရပ်သားများနှင့် လူမှုအကူညီပေးနေသူများကို ကာကွယ်ပေးရန် ကုလတောင်းဆို

လူသားချင်းစာနာမှု အကူအညီများပေးနေသည့် နိုင်ငံတကာအဖွဲ့အစည်းများမှာလည်း လုံခြုံရေးအာမခံချက်မရှိ၍ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ရေးနှင့် တခြားလုပ်ငန်းစဉ်ကို ရပ်ဆိုင်းထားရသည်။

By Admin 19 Aug 2024

ပဋိပက္ခအတွင်း အရပ်သားများနှင့် လူမှုအကူညီပေးနေသူများကို ကာကွယ်ပေးရန် ကုလတောင်းဆို

DMG ၊ ဩဂုတ် ၁၉ 

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပဋိပက္ခများအတွင်း လူမှုကူညီရေးလုပ်သားများနှင့် အရပ်သားများအပေါ် ကာကွယ်စောင့်ရှောက်ပေးရန် ယနေ့ကျရောက်သည့် “ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့”တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။ 

ပဋိပက္ခများ မြင့်တက်လာသည်နှင့်အမျှ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေသူများ ကြုံတွေ့ရသည့် အန္တရာယ်များလည်း မြင့်တက်လာကြောင်း UNHCR က ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ရခိုင်၊ ရှမ်း၊ ကချင်၊ စစ်ကိုင်း၊ မန္တလေး စသည့်ဒေသများတွင် စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများကြား တိုက်ပွဲများပြင်းထန်နေသည်။ 

တိုက်ပွဲဖြစ်ပွားနေသည့်ဒေသများနှင့် တော်လှန်ရေးအင်အားစုများ သိမ်းထားသည့် ဒေသများကို စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေ၍ အရပ်သားပြည်သူများမှာ လုံခြုံမှုမရှိဘဲ အကာအကွယ်မဲ့နေကြရသည်။ 

ရခိုင်က လှုမှုကူညီရေးသမားတစ်ဦးက “စစ်ကောင်စီက အရပ်သားတွေကို အကာအကွယ်မပေးတဲ့အပြင် စစ်ဘက်၊ အရပ်ဘက် မခွဲခြားဘဲ ပစ်ခတ်တိုက်ခိုက်နေလို့ အရပ်သား ထိခိုက်သေဆုံးမှုတွေက ပိုပြီးမြင့်တက်လာနေတယ်။ စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်က အရပ်သားတွေရဲ့ အသက်အိုးအိမ်တွေကို ခြိမ်းခြောက်နေဆဲဖြစ်တယ်” ဟု ပြောသည်။

အာရက္ခတပ်တော်(AA) သိမ်းပိုက်ထားသည့် မြောက်ဦးမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဩဂုတ် ၁၀ ရက်တွင် လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား ၆ ဦးသေဆုံးပြီး၊ ၁၀ ဦး ပြင်းထန်ဒဏ်ရာရှိသွားသည်။ 

လူသားချင်းစာနာမှု အကူအညီများပေးနေသည့် နိုင်ငံတကာအဖွဲ့အစည်းများမှာလည်း လုံခြုံရေးအာမခံချက်မရှိ၍ စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ရေးနှင့် တခြားလုပ်ငန်းစဉ်ကို ရပ်ဆိုင်းထားရကြောင်း ပြောကြသည်။ 

“တိုက်ပွဲစဖြစ်ကတည်းက လမ်းတွေပိတ်ဆို့လိုက်လို့ လုပ်ကိုင်ရတော်တော်လေး ခက်ခဲသွားတယ်။ မြေပြင် ကွင်းဆင်းနိုင်ဖို့လည်း လုံခြုံရေးအာမခံချက်မရှိဘူး။ တချို့မြို့နယ်တွေဆိုရင် လုပ်ငန်းရပ်နားလိုက်ရတာရှိတယ်” ဟု နိုင်ငံတကာအဖွဲ့အစည်းတစ်ခုတွင် လုပ်ကိုင်နေသည့် ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်တိုက်ပွဲမစတင်မီ မိုခါမုန်တိုင်းပြီးကတည်းက စစ်ကောင်စီသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများ သွားလာကူညီခွင့်ကို တင်းကျပ်စွာပိတ်ဆို့ထားခြင်း ဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ တိုက်ပွဲဖြစ်ပွားချိန်တွင်လည်း ကုန်းလမ်း၊ ရေလမ်း ခရီးသွားလာခွင့်ကို ပိတ်ပင်လိုက်ပြန်သည်။

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ဒေသတွင် တိုက်ပွဲနယ်မြေကျယ်ပြန့်လာနှင့်အတူ နေရပ်စွန့်ခွာသူဦးရေမှာလည်း မြင့်တက်လာနေသည်။ ထို့ကြောင့် စားဝတ်နေရေးအပါအဝင် ဆေးဝါးအကူအညီ လိုအပ်ချက် မြင့်မားနေ၍ နိုင်ငံတကာအဖွဲ့များကို လွတ်လပ်စွာ သွားလာကူညီခွင့်ပေးရန် ကမ္ဘာ့လူသားချင်း စာနာထောက်ထားမှုနေ့တွင် စစ်ဘေးရှောင်များက တောင်းဆိုကြသည်။ 

“စစ်ဘေးရှောင်လာတာ ၄ လလောက်ရှိပြီး နိုင်ငံတကာအဖွဲ့တွေဆီက အကူအညီထောက်ပံ့မှု လုံးဝမရသေးဘူး။ ဒေသတွင်းအရပ်ဖက်အဖွဲ့ကပဲ ဆန်ရိက္ခာတချို့နဲ့ ငွေသားတချို့ ထောက်ပံ့မှုရသေးတယ်။ လုံလောက်မှုတော့ မရှိဘူး” ဟု ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ဘေးရှောင်နေသည့် စစ်တွေဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။