မောင်တော နခခ (၆) နှင့် နခခ (၉) ကို AA သိမ်းပိုက်

မောင်တောမြို့နယ်ထဲမှ စစ်ကောင်စီတပ်စခန်း အများအပြားကို AA က ထိုးစစ်ဆင်သိမ်းပိုက်ထားပြီး လက်ရှိတွင် လေးမိုင် နခခ (၂)၊  မြို့သူကြီး နခခ (၅)၊ မောရဝတီ နခခ (၄) တို့သာ ကျန်ရှိတော့သည်။ 

By Admin 07 Jun 2024

မောင်တောခရိုင်ရှိ ‘ခထီးလှ’နယ်ခြားစောင့်စခန်းအား AA က သိမ်းပိုက်ပြီးနောက် (၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်) 
မောင်တောခရိုင်ရှိ ‘ခထီးလှ’နယ်ခြားစောင့်စခန်းအား AA က သိမ်းပိုက်ပြီးနောက် (၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်) 

DMG ၊ ဇွန် ၇ 

ရခိုင်ပြည်၊ မောင်တောမြို့နယ်တောင်ပိုင်းရှိ အင်းဒင်နယ်ခြားစောင့်ရဲတပ်ရင်း နခခ (၆)နှင့် မြင်းလွှတ် နယ်ခြားစောင့်ရဲတပ်ရင်း နခခ (၉) တို့အား အာရက္ခတပ်တော်(AA) က သိမ်းပိုက်လိုက်ပြီဟု သတင်းရရှိသည်။ 

မြင်းလွှတ်နခခ (၉)ကို ယနေ့ နံနက်ပိုင်းနှင့် အင်းဒင် နခခ(၆)ကို ယမန်နေ့ ဇွန်လ ၆ ရက် အာရုဏ်တက်ချိန်တွင် သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း DMG ၏ ခိုင်လုံသတင်းရင်းမြစ်များက ပြောသည်။

“နခခ (၉) ကို သိမ်းထားတာတော့ ဟုတ်တယ်။ စစ်ကောင်စီတပ်သားတွေက ထွက်ပြေးသွားတာ။ အခု အဲဒီမှာ နယ်မြေရှင်းလင်းရေးလုပ်နေရသေးတယ်။ အင်းဒင်ကတော့ အပြီးသတ်သိမ်းထားပြီ” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ခခ(၉) မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မောရဝတီ နခခ (၄) သို့ ထွက်ပြေးသွားကြကြောင်း ၎င်းက ပြောသည်။ 

အငူမော် - မောင်တော ကားလမ်းအနီး ကျောက်ပန္ဒူကျေးရွာအနီးရှိ နယ်ခြားစောင့်စခန်း (၂) ခုကို ဇွန်လ ၂ ရက်တွင် AA က သိမ်းပိုက်ပြီးနောက် နခခ (၆)နှင့် နခခ (၉)ကို ဆက်လက် ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ 

မောင်တောတိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းအပါအဝင် မောင်တောမြို့ပေါ် တပ်စခန်းများနှင့် စစ်တွေမြို့ရှိ တပ်စခန်းများမှ လက်နက်ကြီးပစ်ကူများဖြင့် ခုခံတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။  

“အင်းဒင်ကို အပြီးသတ်သိမ်းပြီးတာနဲ့ နခခ (၂)နဲ့ နခခ (၉) ကို တစ်နေ့တည်းမှာ နာရီပိုင်းပဲ ခြားတယ်၊ ချက်ချင်း ထိုးစစ်ဆင်ခဲ့တာ။ တိုက်ပွဲကတော့ ပြင်းသထက် ပြင်းလာနေတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။ 

မောင်တောမြို့နယ် ရွှေတောင်နှင့် စံပယ်ကုန်း ကျေးရွာကြားတွင်လည်း တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။ 

လက်ရှိတွင် မောင်တောမြို့ထဲ၌ ပြည်သူအချို့ ပိတ်မိနေပြီး၊ ၎င်းတို့ထဲမှအချို့ကို စစ်ကောင်စီတပ်နှင့် ပူးပေါင်းအဖွဲ့ ARSA၊ RSO  တပ်ဖွဲ့ဝင်များက ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်း သတင်းရင်းမြစ်နောက်တစ်ဦးက ပြောသည်။

“ပြည်သူတချို့ကို ဓားစာခံအဖြစ် ဖမ်းထားတယ်။ ဖမ်းထားတဲ့အရေအတွက်ကိုတော့ မသိရသေးဘူး။ အေအေကလည်း မြို့ထဲဝင်ဖို့ အခက်အခဲရှိနေသေးတော့ မြို့တွင်းအခြေနေကို အသေးစိတ်သိရဖို့ အခက်အခဲရှိနေတယ် ” ဟု သူက ပြောသည်။ 

မောင်တောမြို့နယ်ထဲမှ စစ်ကောင်စီတပ်စခန်း အများအပြားကို AA က ထိုးစစ်ဆင်သိမ်းပိုက်ထားပြီး လက်ရှိတွင် လေးမိုင် နခခ (၂)၊  မြို့သူကြီး နခခ (၅)၊ မောရဝတီ နခခ (၄) တို့သာ ကျန်ရှိတော့ကြောင်း သိရသည်။ 

စစ်ကောင်စီကလည်း AA ထိုးစစ်ကိုခုခံရန် စနိုက်ပါသမား ၃၀၀ ဝန်းကျင်နှင့် စစ်ကောင်စီတပ်သားများ အပါအဝင် စစ်သင်တန်းဆင်းမွတ်ဆလင် စုစုပေါင်းအင်အား ၄,၀၀၀ ခန့်ကို မောင်တောမြို့အတွင်း အင်အားဖြည့်ထားကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်များ ပြောပြချက်အရ သိရသည်။

ဗီဒီယိုများ