ဂွမြို့နယ်ရှိ တိုင်ကျိုးနှင့် ပုဂံတောင်စခန်းတို့ကို AA သိမ်းပိုက်
ဂွမြို့နှင့် ၁၇ မိုင်ခန့်အကွာရှိ တိုင်ကျိုးကျေးရွာတွင် နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
07 Nov 2024
DMG ၊ နိုဝင်ဘာ ၇
ရခိုင်ပြည်၊ ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းနှင့် ပုဂံတောင်ဘုရားပေါ်တွင် အထိုင်ချထားသည့် အမြောက်စခန်းအား အာရက္ခတပ်တော်(AA)က နိုဝင်ဘာ ၆ ရက် ညနေပိုင်းတွင် အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ဂွမြို့နှင့် ၁၇ မိုင်ခန့်အကွာရှိ တိုင်ကျိုးကျေးရွာတွင် နိုဝင်ဘာ ၃ ရက်နှင့် ၄ ရက်တို့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီးနောက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“တိုင်ကျိုးမှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းခဲ့တာ။ စစ်ကောင်စီဘက်က လေကြောင်းက ကူပစ်ပေးတာတွေကြောင့် အိမ်တွေ တော်တော်မီးလောင်ကုန်တယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
နိုဝင်ဘာ ၅ ရက်က တိုင်ကျိုးတိုက်ပွဲသို့ စစ်ကူလာသည့် အင်အား ၇၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို မော်ရွှေဂျိုင်အရောက်တွင် AA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅၀ ခန့်သေဆုံးကာ လက်နက်ချသူများအပြင် ဖမ်းဆီးရမိသူများလည်း ရှိကြောင်း သိရသည်။
AA ၏ ထိုးစစ်မှာ ဂွမြို့နှင့် ၁၃ မိုင်ခန့်သာ ကွာဝေးသော ဆပ်သွားကျေးရွာအနီးသို့ ရောက်ရှိလာပြီး စစ်ကောင်စီကလည်း ဆပ်သွားရွာမှစ၍ မြို့ဝင်လမ်းတစ်လျှောက် ခံတပ်များပြုလုပ်ကာ ဧရာဝတီဘက်မှ အင်အားများလည်း ဖြည့်တင်းထားသည်။
“တိုင်ကျိုးကျပြီးရင် ဆပ်သွားဆို ဂွနဲ့ဘယ်လောက်မှ မဝေးတော့ဘူး။ ဆပ်သွားကိုရရင် မြို့ထဲရောက်ဖို့က လွယ်သွားပြီ” ဟု မြေပြင်အခြေအနေသိရှိသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ဂွမြို့အတွင်းသို့ AA ထိုးစစ် မရောက်လာနိုင်စေရန် မြို့ပြင်တွင် ခံစစ်အခိုင်အမာ ပြင်ဆင်ထားပြီး ဂွမြို့အခြေစိုက် ခမရ - ၅၆၂ နှင့် ခမရ- ၅၆၃ တို့တွင် အင်အားဖြည့်ထားသလို ကမ်းသာယာ ကမ်းခြေတွင် အထိုင်ချထားသောအမြောက်တပ်တွင်လည်း စစ်အင်အား တိုးချဲ့ထားသည်။
ဂွမြို့နယ်တွင် ဩဂုတ် ၈ ရက်မှ စတင်ကာ စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေပြီး တိုက်ပွဲကြောင့် ဒေသခံသောင်းနှင့်ချီမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။