အမ်းမြို့နယ်ရှိ အမြောက်တပ်နှင့် ဆက်သွယ်ရေးတပ်တို့ကို AA ထပ်သိမ်း
အမ်းမြို့နယ်တွင် နပခအပြင် တပ်ရင်း၊ တပ်စခန်း (၁၃) ခုအထိရှိပြီး လက်ရှိတွင် AA က စစ်ကောင်စီတပ်စခန်း (၁၀) ခန့် သိမ်းပိုက်ထားပြီး ကျန်တပ်စခန်းများကို သိမ်းပိုက်နိုင်ရေး AA ဆက်လက်ထိုးစစ်ဆင်နေသည်။
08 Nov 2024
DMG ၊ နိုဝင်ဘာ ၈
AA ၏ ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်မှုနှင့်အတူ အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီ တပ်စခန်းများကို တစ်ခုပြီးတစ်ခု ဆက်တိုက်သိမ်းပိုက်နေပြီး ယမန်နေ့ကလည်း တပ်စခန်းနှစ်ခုကို ထပ်မံ သိမ်းပိုက်ခဲ့သည်။
အမှတ် (၃၇၄) အမြောက်တပ်ရင်းနှင့် အမှတ် (၈) အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်းတို့ကို တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် နိုဝင်ဘာ ၇ ရက်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
“အမ်းမှာ တိုက်ပွဲကတော့ နေရာတိုင်းနီးပါးကို ပြင်းတယ်။ တခြားတပ်ရင်းတွေအပြင် အမတနဲ့ အဆရကို သိမ်းထားပြီဆိုတော့ နောက်ထပ်တိုက်ရမှာ မကျန်သလောက်ပဲ။ နပခလည်း မကြာတော့ဘူး” ဟု စစ်ရေးသတင်းရင်း မြစ်တစ်ဦးက ပြောသည်။
အမ်းမြို့နယ်တွင် နပခအပြင် တပ်ရင်း၊ တပ်စခန်း (၁၃) ခုအထိရှိပြီး လက်ရှိတွင် AA က စစ်ကောင်စီတပ်စခန်း (၁၀) ခန့် သိမ်းပိုက်ထားပြီး ကျန်တပ်စခန်းများကို သိမ်းပိုက်နိုင်ရေး AA ဆက်လက်ထိုးစစ်ဆင်နေသည်။
စစ်ကောင်စီအနေဖြင့် စစ်ရေး၊ ဂုဏ်သိက္ခာပိုင်းအရ အရေးပါသော စစ်တိုင်းဌာနချုပ် မကျဆုံးရေး လေကြောင်းပစ်ကူများဖြင့် အသည်းအသန်ခုခံနေသည်။ သို့သော်လည်း AA၏ ပြင်းထန်သည့် ထိုးစစ်ကြောင့် စစ်ကောင်စီတပ်ဖွဲ့တွင် အများအပြားမှာ ထွက်ပြေး ခိုလှုံမှုများရှိနေကြောင်း သိရသည်။
“နပခအပါအဝင် ကျန်တပ်တွေကလည်း အင်အားနည်းနေပြီ။ ပြီးတော့ တပ်သားတွေထဲကလည်း အလင်းဝင်တာတွေရှိတော့ အေအေသိမ်းပိုက်နိုင်ဖို့က အားသာချက်တွေ ရှိနေပြီလို့ ပြောလို့ရတယ်” ဟု မြေပြင်စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက ပြောသည်။
ရခိုင်တစ်ပြည်လုံး သိမ်းပိုက်ရေး တိုက်ခိုက်သွားမည်ဟု ကြွေးကြော်ထားသော အာရက္ခတပ်တော်(AA)သည် မြေပြင်တွင် စစ်ရေးရည်မှန်းချက်များကို အကောင်အထည်ဖော်နေပြီး ပွင့်လင်းရာသီ ရောက်လာသည်နှင့် တပြိုင်နက် AA ၏ အရှိန်မြှင့်ထိုးစစ်များကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်စွာ ဖြစ်ပွားလာနေသည်။