ဆောက်လုပ်ရေးဒုဝန်ကြီးဟောင်း၊ ညွှန်ကြားရေးမှုးချုပ် ၄ ဦး အပါအဝင် ပဲခူးတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း တို့ကို အဂတိမှုဖြင့်အရေးယူ

ယခင် NLD ပါတီ အရပ်သားအစိုးရ လက်ထက်တွင် ခန့်အပ်ခံထားရသည့် ဆောက်လုပ်ရေး ဒုဝန်ကြီးဟောင်း၊ ညွှန်ကြားရေးမှူးချုပ် ၄ ဦးနှင့် ပဲခူးတိုင်းလမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်းတို့ကို အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် စစ်ကောင်စီမှ ဒီဇင်ဘာ ၁ ရက်တွင် အရေးယူလိုက်ကြောင်းသိရသည်။

03 Dec 2021

ပုံစာ - စစ်ကောင်စီမှ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသည့် ပဲခူးတိုင်း NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်အချို့အားတွေ့ရစဉ်

DMG ၊ ဒီဇင်ဘာ ၃

ယခင် NLD ပါတီ အရပ်သားအစိုးရ လက်ထက်တွင် ခန့်အပ်ခံထားရသည့် ဆောက်လုပ်ရေး ဒုဝန်ကြီးဟောင်း၊ ညွှန်ကြားရေးမှူးချုပ် ၄ ဦးနှင့် ပဲခူးတိုင်းလမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်းတို့ကို အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် စစ်ကောင်စီမှ ဒီဇင်ဘာ ၁ ရက်တွင် အရေးယူလိုက်ကြောင်းသိရသည်။

ဆောက်လုပ်ရေးဒုဝန်ကြီးဟောင်းဦး ကျော်လင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဏာရေးနှစ်တွင် ကျေးလက်ဦးစီးဌာနမှ သတ်မှတ်ပေးခြင်းမရှိသည့် ရန်ပုံငွေကျပ် ၃၆၈ သန်းအပါအဝင် ၂၀၂၀-၂၀၂၁ ဘဏ္ဏာရေးနှစ်အတွက် ငွေကျပ် ၁၉၄.၄၃ သန်း တောင်းခံမှုများပြုလုပ်ခဲ့ပြီး မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းပြုပြင်ရေးအတွက် တောင်းယူကာ အလွဲသုံးစွဲမှုပြုထားကြောင်း စစ်ကောင်စီ၏ အဂတိတိုက်ဖျက်ရေးကော်မရှင်အဖွဲ့မှ စွပ်စွဲထားသည်။

ထို့အပြင် လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်အောင်မြင့်ဦး (ယခု အတွင်းဝန်) ကိုလည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မင်းကင်းမြို့နယ် ကျောက်အိုးတံတား အသစ်တည်ဆောက်ရေးအတွက် ညွှန်ကြားချက်ဖြင့်ဆိုပြီး ၂၀၂၀ ဇူလိုင်လအတွင်း တည်ဆောက်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်မှ တံတားပြင်ဆင်ထိန်းသိမ်းရေး ရန်ပုံငွေ သိန်း ၁၂၀၀ ကျပ်အသုံးပြုခြင်းသည်နိုင်ငံတော်ဘဏ္ဍရေးစီမံခန့်ခွဲမှုဆိုင်ရာ အပိုဒ် ၄၆ နှင့် အပိုဒ် ၁၂၃ ကို ချိုးဖောက်မှုဖြစ်နေကြောင်း အဂတိတိုက်ဖျက်ရေးအဖွဲ့က ထပ်မံဆိုထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ မဲဆွယ်ရေးအတွက် ငွေကြေးတောင်းခံမှု ပြုလုပ်ခဲ့သည်ဟုဆိုပြီး ၂၀၂၀ ခုနှစ် ဇူလိုင် နှင့် စက်တင်ဘာလတွင် ဆောက်လုပ်ရေးကုမ္ပဏ္ဏီနှစ်ခုမှ ငွေသိန်း ၆၀၀ ကျပ်ကို ညွှန်ကြားရေးမှူးချုပ် ဦးကျော်လင်း၏ ကိုယ်ရေးအရာရှိမှတဆင့် တောင်းခံယူမှုအပါအဝင် ပဲခူးတိုင်း စက်မှု၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီးဟောင်း ဦးသန်းဝင်းကိုလည်း ပဲခူးမြို့ရှောင်လမ်းပြုပြင် တည်ဆောက်ရေးအတွက် တင်ဒါခေါ်ဆိုရာတွင် နည်းစနစ်မှုနှင့် မကိုက်ညီဘဲ ညွှန်ကြားရေးမှူးချုပ် ဦးကျော်လင်းနှင့်ပက်သက်သည့် ကုမ္ပဏ္ဍီကို တင်ဒါပေးအပ်ခဲ့ခြင်း အစိုးရငွေလုံးငွေရင်းရငွေ ၃၂ သန်းခန့်ကို ပိုမိုကုန်စေခဲ့ခြင်းကြောင့် နိုင်ငံတော်ဘဏ္ဍာငွေကြေးကို ထိခိုက်မှုအပေါ် စုံစမ်းစစ်ဆေးထားကြောင်း စစ်ကောင်စီသတင်းစာတွင် ဖော်ပြထားသည်။

ထိုစစ်ဆေးပေါ်ပေါက်ချက်များအရ ဆောက်လုပ်ရေးဒုဝန်ကြီးဟောင်း ဦးကျော်လင်းနှင့် ပဲခူးတိုင်း စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဝန်ကြီးဟောင်း ဦးသန်းဝင်းအပါအဝင် ညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော်၊ ဦးအောင်မြင့်ဦးနှင့် ဦးနေအောင်ရဲမြင့်တို့ကို အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ တို့ဖြင့် စစ်ကောင်စီအဂတိတိုက်ဖျက်ရေးအဖွဲ့မှ တရားစွဲဆိုထားကြောင်း သိရသည်။

ဆောက်လုပ်ရေးဒုဝန်ကြီးဟောင်း ဦးကျော်လင်းသည် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၏ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ပဲခူးတိုင်း စက်မှု၊ လျှပ်စစ်နှင့် လမ်းပန်းဝန်ကြီးဟောင်း ဦးသန်းဝင်းသည် ပဲခူးမြို့နယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည်။

ပဲခူးတိုင်း ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များဖြစ်သည့် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်း အပါအဝင် ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်တို့ကို စစ်ကောင်စီမှ အာဏာသိမ်းယူသည့် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်မှစပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နိုင်ငံရေးပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲထားသည်။

ထိုထိန်းသိမ်းတရားစွဲဆိုခံရသည့် လွှတ်တော်ကိုယ်စားလှယ်များမှ ပဲခူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေသည် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုအပြင် ကိုယ်တွင်းနှလုံးရောဂါ ဖောက်မှုကြောင့် ကလိဆေးရုံတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။