တောင်ကုတ်တွင် စစ်ကောင်စီဗုံးကြဲမှုကြောင့် အရပ်သား ၃ ဦး ဒဏ်ရာရ

ထိတွေ့တိုက်ပွဲ အနည်းငယ်မှလွှဲ၍ တိုက်ပွဲပြင်းထန်မှု မရှိသေးသော တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ထိခိုက်သေဆုံးသူများ တိုးလာနေသည်။ 

By Admin 15 Oct 2024

အောက်တိုဘာ ၄ ရက်နေ့ လေကြောင်းဗုံးကြဲမှုကြောင့် တောင်ကုတ်မြို့နယ်၊ ကင်းတောင်စံပြကျေးရွာမှ ပျက်စီးသွားသည့် နေအိမ်အချို့။ ဓာတ်ပုံ - ပေးပို့ 
အောက်တိုဘာ ၄ ရက်နေ့ လေကြောင်းဗုံးကြဲမှုကြောင့် တောင်ကုတ်မြို့နယ်၊ ကင်းတောင်စံပြကျေးရွာမှ ပျက်စီးသွားသည့် နေအိမ်အချို့။ ဓာတ်ပုံ - ပေးပို့ 

DMG ၊ အောက်တိုဘာ ၁၅

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ပေါက်အင်းကျေးရွာကို အောက်တိုဘာ ၁၄ ရက်၊ ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲမှုကြောင့် အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဒေါ်ခင်မြင့်ဝေ (၃၉) နှစ်၏ ဘယ်ဖက်လက်နှင့် ညာတင်ပါးတွင် ဒဏ်ရာရှိခဲ့သလို ဦးလှထွန်းကျော် (၄၇) နှစ်၏ ဘယ်ဖက်ပါး၊ လက်မောင်း၊ ဒေါ်သန်းသန်းမြိုင် (၆၁) နှစ်၏ လည်ပင်းတွင် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။ 

“ညနေ လေးနာရီကျော်လောက်မှာ မိနစ်နှစ်ဆယ်ခြား တစ်ကြိမ်စီ ဂျက်ဖိုက်တာနဲ့ လာချတာပါ။ ရော့ကတ်လေးလုံး ကြဲချသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဗုံးကြဲမှုကြောင့် ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်အချို့မှာ ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။ 

ထိတွေ့တိုက်ပွဲ အနည်းငယ်မှလွှဲ၍ တိုက်ပွဲပြင်းထန်မှု မရှိသေးသော တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ထိခိုက်သေဆုံးသူများ တိုးလာနေသည်။ 

အောက်တိုဘာ ၇ ရက်က တန်းလွဲရွာမမြို့ကို လေကြောင်းဗုံးကြဲမှုကြောင့် ကလေးငယ်အပါအဝင် ဒေသခံ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ အောက်တိုဘာ ၄ ရက်ကလည်း ကင်းတောင်းစံပြရွာကို  ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် ဒေသခံ ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့သည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားနေထိုင်ရာ မြို့ရွာများကို လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှု ဆက်တိုက်ပြုလုပ်နေ၍ အရပ်သားများမှ နေ့စဉ်နှင့်အမျှ အသက်အန္တရာယ်နှင့် ကြုံတွေ့နေကြရသည်။ 

“တိုက်ပွဲမဖြစ်တဲ့ နေရာတွေကိုပဲ ဗုံးလာကြဲနေတာ။ လူတွေလည်း နေဖို့နေရာ ရှာမရတော့ဘူး။ အရပ်သားဆိုတာ သိရက်နဲ့တောင် ဒီလိုလုပ်လာတော့ လုံခြုံတဲ့နေရာဆိုတာလည်း မရှိတော့ဘူး” ဟု တောင်ကုတ် ဒေသခံတစ်ဦးက ဆိုသည်။ 

ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်ကလည်း တန်းလွဲရွာမမြို့ကို လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့သည်။ 

တောင်ကုတ်မြို့နယ်တွင် စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၁၄ ရက်နေ့အထိ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၅၀ ဦးထက်မနည်းရှိနေသည်။