စစ်ကောင်စီ၏ အင်တာနက်ဆင်ဆာဖြတ်တောက်ရေးတွင် ပါဝင်နေသည့်ကုမ္ပဏီများကို အရေးယူပေးရန် JFM တောင်းဆို

Justice For Myanmar ၏ စုံစမ်းသုတေသနပြုမှုအရ စစ်ကောင်စီ၏ ဒစ်ဂျစ်တယ်ထောက်လှမ်းမှုနှင့် အင်တာနက် ဆင်ဆာဖြတ်တောက်မှုအစီအစဉ်တွင် တရုတ်ကုမ္ပဏီနှစ်ခုဖြစ်သည့် Geedge Networks နှင့် China National Electronics Import and Export Corporation (CEIEC) တို့ ပါဝင်ပတ်သက်နေသည်။

By Admin 20 Jun 2024

ဓာတ်ပုံ - Geedge Networks
ဓာတ်ပုံ - Geedge Networks

DMG ၊ ဇွန် ၂၀

စစ်ကောင်စီဆောင်ရွက်နေသော ဒစ်ဂျစ်တယ်ထောက်လှမ်းရေးနှင့် အင်တာနက်ဆင်ဆာဖြတ်တောက်ရေးတွင် ပါဝင်နေသည့် တရုတ်နှင့် မြန်မာကုမ္ပဏီများအား အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် Justice For Myanmar (JFM) က ဇွန်လ ၁၉ ရက်တွင် ထုတ်ပြန်တောင်းဆိုလိုက်သည်။ 

စစ်ကောင်စီသည် မြန်မာနိုင်ငံအတွင်း ဒစ်ဂျစ်တယ်အာဏာရှင်စနစ်တစ်ရပ် တည်ဆောက်ရန် အရှိန်မြှင့်တင် ဆောင်ရွက်နေပြီး၊ အင်တာနက်အသုံးပြုသူများ စုံစမ်းထောက်လှမ်းရေးနှင့် အင်တာနက် ဆင်ဆာဖြတ်တောက်ရေး ကြိုးပမ်းရာ၌ တရုတ်နိုင်ငံထုတ် ပစ္စည်းကိရိယာများ၊ နည်းပညာများနှင့် ပံ့ပိုးကူညီမှုများရရှိထားကြောင်း Justice For Myanmar ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

Justice For Myanmar ၏ စုံစမ်းသုတေသနပြုမှုအရ စစ်ကောင်စီ၏ ဒစ်ဂျစ်တယ်ထောက်လှမ်းမှုနှင့် အင်တာနက် ဆင်ဆာဖြတ်တောက်မှုအစီအစဉ်တွင် တရုတ်ကုမ္ပဏီနှစ်ခုဖြစ်သည့် Geedge Networks နှင့် China National Electronics Import and Export Corporation (CEIEC) တို့ ပါဝင်ပတ်သက်နေကြောင်း ဆိုသည်။  

ထိုကုမ္ပဏီများနှင့် စစ်ကောင်စီတို့ကြား စီးပွားရေးလုပ်ကိုင်နိုင်ရန်အတွက် မြန်မာခရိုနီကုမ္ပဏီ Mascots Group of Companies က ကြားခံပွဲစားအဖြစ် လုပ်ပေးခဲ့ပြီး စစ်ကောင်စီသည် ၎င်းတို့၏အစီအစဉ်ကို မေလကုန်ပိုင်း၌ စတင်အသက်သွင်းခဲ့ကြောင်း JFM က ထုတ်ပြန်သည်။ 

“တရုတ်ကုမ္ပဏီတွေနဲ့ သူတို့ရဲ့ မြန်မာခရိုနီအပေါင်းပါတွေက စုံစမ်းထောက်လှမ်းရေးနဲ့ အင်တာနက်ဆင်ဆာ ဖြတ်တောက်ရေး နည်းပညာတွေကို တရားမဝင်စစ်အုပ်စုထံ ပေးအပ်နေပြီး၊ ဒါက လူသန်းပေါင်းများစွာအပေါ် ထိခိုက်သက်ရောက်မှုတွေ ရှိလာမှာဖြစ်ပါတယ်” ဟု Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

မြန်မာနိုင်အတွင်း လူသုံးများသည့် Facebook အပါအဝင် အင်တာနက်စာမျက်နှာအများအပြားကို စစ်ကောင်စီက ပိတ်ပင်ထား၍ ဝင်ရောက်ကြည့်ရှုလိုပါက Virtual Private Network (VPN) ကို အသုံးပြုကြရသည်။ 

စစ်ကောင်စီက အင်တာနက်ဆင်ဆာဖြတ်တောက်ရေးကို စတင်လိုက်သည့်အခါ တချို့ VPN များအသုံးပြု၍ မရတော့ဘဲ၊ ဖုန်းထဲ၌ VPN ဆော့ဖ်ဝဲရှိသူများကိုလည်း စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေ၍ ပြည်သူများမှာ သတင်းသိပိုင်ခွင့် ဆုံးရှုံးနေကြရသည်။  

“အရင်သုံးခဲ့တဲ့ VPN တွေ သုံးမရတော့ဘူး။ ကျမအသိတစ်ယောက်ဆီက ဝယ်သုံးလို့ရတဲ့ VPN Link ပေးတယ်။ အဲဒီ VPN ကို ဝယ်ပြီးတော့ သုံးနေရတယ်။ စစ်ကောင်စီကတော့ ပြည်သူတွေအပေါ် နည်းမျိုးစုံနဲ့ ဖိနှိပ်နေတာပဲ” ဟု ရခိုင်ပြည်၊ မင်းပြားမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ပြည်သူများအပေါ် ညှင်းပန်းသတ်ဖြတ်မှု၊ မတရားဖမ်းဆီးမှုနှင့် ထုတ်ဖော်ပြောဆိုသူများကို လိုက်လံဖမ်းဆီးနေချိန် တရုတ်နည်းပညာသစ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုကို ထပ်ဆင့် ပံ့ပို့ပေးနေခြင်းဖြစ်ကြောင်း Justice For Myanmar က ဆိုထားသည်။ 

ထို့ကြောင့် စစ်ကောင်စီကို ကူညီပေးနေသည့် ကုမ္ပဏီများအပေါ် ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှုမှတစ်ဆင့် အရေးယူဆောင်ရွက်မှုများကို အမြန်ဆုံးလုပ်ဆောင်ကြရန် Justice For Myanmar က တိုက်တွန်းထားသည်။ 

Justic For Myanmar သည် စစ်ရာဇဝတ်မှုများနှင့် အတိဒုက္ခရောက်မှုများမှ အကျိုးအမြတ်ရရှိနေသော ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များကို ဖော်ထုတ်ရန်အတွက် သုတေသနပြုလေ့လာခြင်း၊ ဒေတာအချက်အလက်များကို ပုံဖော်ခြင်းနှင့် အစီရင်ခံခြင်းတို့ကို ဆောင်ရွက်နေသည့် လျှို့ဝှက်တက်ကြွလှုပ်ရှားသူ အုပ်စုဖြစ်သည်။ 

ဗီဒီယိုများ