လူမျိုးရေးအဓိကရုဏ်းဖြစ်အောင် စစ်ကောင်စီနှင့်အပေါင်းပါများက အရှိန်မြှင့်လုပ်ဆောင်နေ

ရခိုင်ဒေသတွင်စစ်ရှုံးနေသော စစ်ကောင်စီသည် လူမျိုးရေး၊ ဘာသာရေး  အဓိကရုဏ်းဖြစ်ပွားစေရန် ရည်ရွယ်ပြီး နည်းလမ်းမျိုးစုံဖြင့် အရှိန်အဟုန်မြှင့်လုပ်ဆောင်နေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ထုတ်ပြန်သည်။

By Admin 20 May 2024

ဘူးသီးတောင်တိုက်ပွဲကြောင့် AA ထိန်းချုပ်နယ်မြေထဲသို့  ထွက်ပြေးခိုလှုံလာကြသော မွတ်ဆလင်များအား မေလ (၈) ရက်နေ့က တွေ့ရစဉ်။ 
ဘူးသီးတောင်တိုက်ပွဲကြောင့် AA ထိန်းချုပ်နယ်မြေထဲသို့  ထွက်ပြေးခိုလှုံလာကြသော မွတ်ဆလင်များအား မေလ (၈) ရက်နေ့က တွေ့ရစဉ်။ 

DMG ၊ မေ ၂၀ 

ရခိုင်ဒေသတွင်စစ်ရှုံးနေသော စစ်ကောင်စီသည် RSO၊ ARSA ၊ ARA လက်နက်ကိုင်အဖွဲ့များနှင့်အတူ စစ်ရေးပူးပေါင်းဆောင်ရွက်ခြင်းများ ဆက်တိုက်လုပ်ဆောင်ကာ လူမျိုးရေး၊ဘာသာရေး  အဓိကရုဏ်းဖြစ်ပွားစေရန် ရည်ရွယ်ပြီး နည်းလမ်းမျိုးစုံဖြင့် အရှိန်အဟုန်မြှင့်လုပ်ဆောင်နေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ယနေ့ ထုတ်ပြန်သည်။

“စစ်ရှုံးစစ်ကောင်စီဟာ ယုတ်မာတဲ့ အကြံအစည်တွေနဲ့ အာရက္ခဒေသအတွင်း လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ ဖြစ်ပွားစေဖို့ ကြိုးကိုင်ဖန်တီးလျက်ရှိတယ်” ဟု AA က ဆိုသည်။ 

စစ်ကောင်စီသည် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့မှ မွတ်ဆလင်များ၊ RSO၊ ARSA၊ ARA နှင့် အကြမ်းဖက်လိုသော မွတ်ဆလင်လူငယ်များအား စစ်သင်တန်းများပေးကာ လက်နက်တပ်ဆင်ပေးခြင်း၊ လက်ရှိဖြစ်ပွားနေသော ရခိုင်ဒေသတိုက်ပွဲများအတွင်း အသုံးပြုခြင်းများ လုပ်ဆောင်နေသည်ဟုလည်း AA ထုတ်ပြန်ချက်တွင် ဆိုထားသည်။ 

နိုင်ငံရေး၊ စစ်ရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက “ရခိုင်နဲ့ မွတ်ဆလင်တွေ ပဋိပက္ခဖြစ်ရင် AA ရဲ့ တော်လှန်ရေးလမ်းကြောင်းပြောင်းသွားမယ်၊ ကျဆုံးသွားမယ်၊ အဲဒီလိုပုံစံနဲ့ ရခိုင်နဲ့ မွတ်ဆလင်ကို အောက်လမ်းနည်းနဲ့ ရန်တိုက်ပေးတဲ့အဆင့်ရောက်လာတယ်။ ဒီဟာတွေက ရခိုင်နဲ့ မွတ်ဆလင်တွေရဲ့ အတူယှဉ်တွဲနေထိုင်ရေးကို အနှောင့်အယှက်ဖြစ်စေတယ်” ဟု ပြောသည်။  

စစ်ကောင်စီသည် ၎င်းတို့သင်တန်ပေးထားသော မွတ်ဆလင်များနှင့်အတူ ဘူးသီးတောင်မြို့ထဲရှိ ရခိုင်၊ ဟိန္ဒူနှင့် အခြားမွတ်ဆလင်မဟုတ်သူများပိုင်ဆိုင်သော အိမ်များအားလုံးနီးပါးကို ဧပြီလအတွင်းက မီးရှို့ဖျက်ဆီးခဲ့ကြောင်း AA က ထုတ်ပြန်သည်။ 

ယင်းအပြင် RSO၊ ARSA၊ ARA အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်နေသော နိုင်ငံတကာရောက် အရပ်ဖက်အဖွဲ့အစည်းအမည်ခံ ကိုယ်ကျိုးရှာအဖွဲ့အစည်းများကလည်း စစ်ကောင်စီ၏ အာဘော်နှင့်တူညီသော စကားလုံးများကို “ပုလင်းတူ ဗုံးဆို့” ဆိုသကဲ့သို့ ရည်ရွယ်ချက်ရှိရှိ ထုတ်ပြန်ပြောဆိုလျက်ရှိသည်ဟု ဆိုသည်။ 

ယင်းသို့ မဟုတ်မမှန်လုပ်ကြံသတင်းများကို ပြောဆိုနေခြင်းမှာ မိမိတို့အဖွဲ့အစည်း၊ အာရက္ခဒေသနေ ရခိုင်လူမျိုး၊ ရခိုင်မျိုးနွယ်စုများနှင့် မွတ်ဆလင်များကြား ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ခင်စည်းလုံးမှု၊ သဟဇာတဖြစ်မှုများအား တမင်ပျက်ပြားစေရန်ရည်ရွယ်ပြီး စစ်ကောင်စီအလိုကျ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ 

ရခိုင်အရေးနှင့်ပတ်သက်၍ သတင်းအမှားများ ပြောဆိုရေးသားနေသူများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ULA/ AA က ဆိုထားသည်။  

ဘူးသီးတောင်၊ မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြစဉ် စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်သင်တန်းဆင်း မွတ်ဆလင်များက နေအိမ်၊ ဈေးဆိုင်ခန်းများအား ဖောက်ထွင်းဖျက်ဆီးမှုများကို ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုထားကြသည်။ 

ရခိုင်ပြည်တွင် စစ်ရှုံးနေသော စစ်ကောင်စီသည် ရခိုင်နှင့် မွတ်ဆလင် အသိုင်းဝိုင်းကြား သွေးထိုးလှုံ့ဆော်မှုများဖြင့် လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေ၍ သတိထားကြရန် လိုအပ်ကြောင်း နှစ်ဖက်အသိုင်းအဝိုင်းနှင့် AA က ထောက်ပြထားသည်။