လက်နက်ကြီးကျ၍ မောင်တောဒေသခံ မွတ်ဆလင် ၅ ဦး ဒဏ်ရာရ

" ညအချိန် လူတွေ အိပ်ပျော်နေချိန်မှာ ရွာထဲကို လက်နက်ကြီးကျလာတာ။ နတ်မြစ်ဝ နေဗီတွေကနေ ပစ်ခတ်လိုက်တာဖြစ်တယ်။ ဒဏ်ရာရတဲ့အထဲမှာ စစ်ဘေးရှောင်တွေများတယ် " ဟု မောင်တောဒေသခံ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

By Admin 19 Oct 2024

အောက်တိုဘာ ၁၉ ရက်က မောင်တောမြို့နယ်၊ ဒုညောင်ပင်ကြီး(မွတ်ဆလင်)ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားသည့် ဒေသခံအချို့။  ဓာတ်ပုံ - Arakan Princess Media
အောက်တိုဘာ ၁၉ ရက်က မောင်တောမြို့နယ်၊ ဒုညောင်ပင်ကြီး(မွတ်ဆလင်)ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားသည့် ဒေသခံအချို့။ ဓာတ်ပုံ - Arakan Princess Media

DMG ၊ အောက်တိုဘာ ၁၉

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဒုညောင်ပင်ကြီး(မွတ်ဆလင်)ကျေးရွာတွင် အောက်တိုဘာ ၁၉ ရက်၊ နံနက် ၁ နာရီကျော်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ မွတ်ဆလင် ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒုညောင်ပင်ကြီးရွာနှင့် အနီးနား နတ်မြစ်ဝတွင် ရှိနေသည့် စစ်ကောင်စီ၏ ရေယာဉ်များက ညည့်အချိန်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားကြခြင်းဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

" ညအချိန် လူတွေ အိပ်ပျော်နေချိန်မှာ ရွာထဲကို လက်နက်ကြီးကျလာတာ။ နတ်မြစ်ဝ နေဗီတွေကနေ ပစ်ခတ်လိုက်တာဖြစ်တယ်။ ဒဏ်ရာရတဲ့အထဲမှာ စစ်ဘေးရှောင်တွေများတယ်။ စစ်ကောင်စီဟာ ဒေသခံတွေ မနေရဲအောင် တမင်ပစ်ခတ်နေတာလို့ ပြောရမယ် " ဟု မောင်တောဒေသခံ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ဒဏ်ရာရသူများမှာ ဒုညောင်ပင်ကြီး (မွတ်ဆလင် )ကျေးရွာမှ အသက် ၄၂ နှစ် အရွယ် အေနာပိုလ်ဟာဆောင်အပါအဝင် မောင်တောမြို့၊ ကညင်တန်းရပ်ကွက်မှ ဒုညောင်ပင်းကြီးရွာတွင် စစ်ဘေးရှောင်နေသူများဖြစ်သည့် အသက် ၁၇ နှစ်အရွယ် ရာဘီယာဘော်ဆော်ရီ၊ အသက် ၆၅ နှစ်အရွယ် အမတ်ခေါ်ဘီရ်၊ အသက် ၃၄ နှစ်အရွယ် မာမတ်အီနစ်နှင့် အသက် ၂၉ နှစ်အရွယ် မာမတ်အယာစ်တို့ဖြစ်သည်။

လက်ရှိတွင် ဒဏ်ရာရသူများကို လုံခြုံရာ ဆေးခန်းများတွင် အာရက္ခတပ်တော် (AA) က ဆေးကုသပေးနေကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် မောင်တောမြို့ရှိ နောက်ဆုံး လက်ကျန်စခန်းတစ်ခုဖြစ်သည့် နခခ(၅) တပ်ရင်းကို AA က အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယင်းအနီးတဝိုက်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

ဒုညောင်ပင်ကြီးကျေးရွာမှာ မောင်တောမြို့တောင်ပိုင်း ၅ မိုင်ခန့်အကွာတွင်ရှိပြီး တိုက်ပွဲဖြစ်ပွားမှုနှင့် လုံးဝမသက်ဆိုင်သည့် နေရာဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အရပ်သားများနေထိုင်ရာ ကျေးရွာများကို စစ်ကောင်စီသည် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေခြင်းဟု မောင်တောဒေသခံ စစ်ဘေးရှောင်နောက်တစ်ဦးက ပြောသည်။

" ဒီရွာတွေက နခခ ၅ နဲ့လည်း တော်တော်လှမ်းတယ်။ တိုက်ပွဲတွေလည်း မရှိဘူး။ ဒါကြောင့် အရပ်သားတွေရှိရာကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကျူးလွန်မှု တစ်ခုဖြစ်တယ်" ဟု သူက ဆိုသည်။

လက်ရှိတွင် ဒုညောင်ပင်ကြီးနှင့် အနီးနားက ဂေါ်ဒူသာရ၊ ခူနာဖာရာ၊ သရေကုန်းတန်း၊ နှာခေါင်းတိုစသည့် ကျေးရွာတို့မှ ဒေသခံများမှာ လက်နက်ကြီးအန္တရာယ်ကို ကြောက်ရွံ့၍ ထွက်ပြေးနေကြကြောင်း သိရသည်။

နခခ ၅ တပ်ရင်းမှလွှဲ၍ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းအားလုံးကို သိမ်းပိုက်ထားသည့် AA သည် လက်ကျန်တပ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည်။