ချင်းနှင့် ရခိုင် မိတ်ဆွေဖွဲ့သင့်ကြောင်း မီဇိုရမ်ဝန်ကြီးချုပ် ပြော

အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ်ကို ရောက်ရှိနေသော မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက စက်တင်ဘာလ ၄ ရက်နေ့ ချင်းလူထုနှင့်တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

By Admin 05 Sep 2024

ဓာတ်ပုံ - VOC
ဓာတ်ပုံ - VOC

DMG ၊ စက်တင်ဘာ ၅

ချင်းလူမျိုးနှင့် ရခိုင်လူမျိုးမှာ မိတ်ဆွေကောင်းအဖြစ် ရှိနေသင့်ပြီး အာရက္ခတပ်တော်နှင့် စစ်မက်ဖြစ်ပွားခြင်းထက် ချစ်ကြည်ရင်းနှီးမှု ယူသင့်ကြောင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ဝန်ကြီးချုပ်က ပြောလိုက်ကြောင်း ချင်းသတင်းဌာနများတွင် ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စု အင်ဒီးယားနားပြည်နယ်ကို ရောက်ရှိနေသော မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာက စက်တင်ဘာလ ၄ ရက်နေ့ ချင်းလူထုနှင့်တွေ့ဆုံပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အာရက္ခတပ်တော် AA နဲ့ ကျနော်တို့ပြဿနာဖြစ်ရင် သူတို့က အင်အားပိုကောင်းတယ်။ သူတို့မှာ အင်အား တော်တော်များတယ်။ ဒါကြောင့် တိုက်ပွဲမဟုတ်ဘဲ ချစ်ကြည်ရင်းနှီးရမယ် သူငယ်ချင်းအဖြစ် မိတ်ဆွေဖွဲ့ရမယ်။ CNF ဖြစ်ဖြစ် Chin Brotherhood ဖြစ်ဖြစ် Chinland Council ဖြစ်ဖြစ် ZRA အရှေ့ပိုင်း အနောက်ပိုင်းတိုင်းပဲဖြစ်ဖြစ် AA ဖြစ်စေ၊ PDF တွေဖြစ်စေ ငါတို့တော်လှန်တိုက်ခိုက်နေတဲ့အရာက အတူတူပဲ” ဟု မီဇိုရမ်ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။

“ဒါကြောင့် မိမိတို့အချင်းချင်းကြား ပြဿနာဖြစ်နေရင် စစ်ကောင်စီအတွက်ကတော့ ဝမ်းသာစရာဖြစ်မှာပေါ့။ ဒါကြောင့် အာရက္ခတပ်တော် AA ကိုလည်း သူငယ်ချင်းမိတ်ဆွေအဖြစ်ဖွဲ့ရမယ်။ အဲလိုမဟုတ်ရင် လောင်တလိုင်ထိလာပြီး အနှောင့်အယှက်ပေးနိုင်တယ်” ဟု ဆက်ပြောသည်။

အဆိုပါတွေ့ဆုံပွဲတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား စည်းလုံးညီညွတ်မှု အားကောင်းလာစေရေး၊ ဘာသာရေးအသင်းအဖွဲ့နှင့် အရပ်ဖက်အဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရေးတို့ကို အလေးထား ပြောဆိုသွားခဲ့သည်။

လက်ရှိတွင် AA သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို စစ်ကောင်စီလက်ထဲမှ သိမ်းပိုက်ထားပြီး ချင်းတော်လှန်ရေးတပ် CNF/CAN နှင့် တင်းမာမှုတစ်ချို့ရှိနေသည်။ မတူပီမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင် ၂ ဦးကို စစ်သုံ့ပန်းအဖြစ် CNF က ဖမ်းဆီးထားသည်။

သို့သော်လည်း Chin Brotherhood အဖွဲ့နှင့် AA တို့မှာ ကောင်းမွန်သည့် မဟာမိတ်ဆက်ဆံရေးရှိနေပြီး မြေပြင်တိုက်ပွဲများတွင် တပ်ပေါင်းစုအဖြစ် တိုက်ခိုက်နေသည်။