ရသေ့တောင်တွင် လက်နက်ကြီးကျ၍ အရပ်သား ၂ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ 

ဩဂုတ်လ ၂၈ ရက် ညဉ့်အချိန်တွင် စစ်တွေမြို့နယ်ရှိ စစ်ကောင်စီနေဗီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးမှာ မိုးစဲကျွန်း၊ ဆားပြင်ကြီးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး သေဆုံးဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်သည်။

29 Aug 2024

ရသေ့တောင်တွင် လက်နက်ကြီးကျ၍ အရပ်သား ၂ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ 

DMG ၊ ဩဂုတ် ၂၉

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ဆားပြင်ကြီးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး၊ ကလေးငယ်နှစ်ဦးအပါအဝင် ၄ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဩဂုတ်လ ၂၈ ရက် ညဉ့်အချိန်တွင် စစ်တွေမြို့နယ်ရှိ စစ်ကောင်စီနေဗီမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးမှာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး သေဆုံးဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်သည်။ 

ရသေ့တောင်ဒေသခံတစ်ဦးက “ည ၁၁ နာရီအချိန်ရှိမယ်။ ရွာသားတွေကအိပ်နေကြပြီ။ အဲဒီအချိန်မှာ လက်နက်ကြီးက ကျေးရွာအတွင်းကျပေါက်တော့ နှစ်‌ယောက်က ပွဲချင်းပြီးသေသွားတယ်။ လေးယောက်တော့ ကျည်စထိမှန်ပြီး ဒဏ်ရာရသွားကြတယ်” ဟု ပြောသည်။ 

လက်နက်ကြီးကြောင့် အသက် (၃၈)နှစ်အရွယ် ဦးအောင်မျိုးထွန်းနှင့် အသက် (၁၆) နှစ်အရွယ် မောင်လှိုင်ကိုထွန်း တို့ သေဆုံးသွားပြီး အသက် (၃၆)နှစ်အရွယ် ဒေါ်လှိုင်လှိုင်ဝင်း၊ မမြတ်စုလှိုင် (၆)နှစ်၊ မောင်ကောင်းမြတ်နိုင် (၅)နှစ်နှင့် အသက် (၄၀) အရွယ် ဒေါ်မရွှေသန်းတို့မှာ ဒဏ်ရာအသီးသီးရရှိသွားသည်။ 

ဒဏ်ရာရရှိသူများမှာ နီးစပ်ရာနေရာတွင် ဆေးကုသမှုခံယူနေပြီး ယင်းအထဲမှ အသက် (၅)နှစ်အရွယ် မောင်ကောင်းမြတ်နိုင်မှာ ဒဏ်ရာပြင်းထန်၍ စိုးရိမ်ရကြောင်း သိရသည်။  

စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်နေမှုကြောင့် ထိခိုက်သေဆုံးမှုများရှိနေ၍ ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည်။ 

“စစ်ကောင်စီနေဗီက လက်နက်ကြီးတွေပစ်တော့ မနေရဲတော့ဘူးလေ။ မနေက ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးတာရှိတော့ ကြောက်သွားကြတယ်။ အခုရွာသားအများစုက ထွက်ပြေးနေကြတယ်” ဟု မိုးစဲကျွန်း ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်ကလည်း စစ်တွေ ရွှေမင်းဂံရေတပ်စခန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးနှစ်လုံးမှာ ရသေ့တောင်၊ စေတီပြင်စစ်ရှောင်စခန်းတွင် ကျရောက်ပေါက်ကွဲမှုကြောင့် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့သည်။  

ရခိုင်ဒေသအတွင်း စစ်ရှုံးနေသော စစ်ကောင်စီသည် အရပ်သားနေထိုင်ရာ မြို့/ရွာများကို လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်နေ၍ ထိခိုက်သေဆုံးသူ လစဉ်တိုးလျက်ရှိသည်။

“စစ်ကောင်စီဟာ စစ်ပွဲဆိုင်ရာဥပဒေအရ အရပ်သားဆိုတဲ့အရာကို ဘေးဖယ်ပြီး မဆန်မခြင် သတ်ဖြတ်နေတာက အင်မတန်မှ ယုတ်ညံ့တဲ့လုပ်ရပ်ဖြစ်တယ်” ဟု လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။

ယခုလအတွင်း ရခိုင်တွင် စစ်ကောင်စီ၏ လက်နက်ကြီး/ငယ်ပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှုကြောင့် မောင်တော၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်၊ သံတွဲမြို့နယ်တို့တွင် အရပ်သား ထိခိုက်သေဆုံးသူ ၅၀ ဦးထက်မနည်း ရှိနေသည်။