- ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းအနီး စစ်ကောင်စီ လက်နက်ကြီးများ ကျရောက်
- မြန်မာလူဦးရေ တစ်သန်းကျော်အတွက် ရိက္ခာထောက်ပံ့မှုကို ဧပြီလမှ စ၍ WFP ရပ်ဆိုင်းမည်
- ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်နှင့် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် မိုဟာမက်ယူနွတ် တွေ့ဆုံ
- ကျောက်ဖြူ၊ ကြတ္တိန်ရွာကို စစ်ကောင်စီ ဗုံးကြဲမှု ၅ ကြိမ်အထိရှိလာ
- ညောင်ကျိုးစခန်းက အရာရှိအပါအဝင် စစ်ကောင်စီတပ်သားများ တပ်ဆုတ်
စစ်ကောင်စီနေဗီမှ ပစ်ခတ်မှုကြောင့် ပေါက်တောဒေသခံနှစ်ဦး ဒဏ်ရာရ
စစ်တွေနှင့်ထိစပ်နေသော ပေါက်တောမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီး/ငယ်၊ လေကြောင်းဗုံးကြဲမှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ မကြာခဏ ရှိနေသည်။
30 Aug 2024

DMG ၊ ဩဂုတ် ၃၀
စစ်တွေမြို့အရှေ့ဘက် ကုလားတန်မြစ်ကြောင်းရှိ စစ်ကောင်စီနေဗီမှ ပစ်ခတ်မှုကြောင့် ပေါက်တောမြို့နယ်၊ ကြိမ်ခွေမော်ပိုက်ဆိပ်မှ ဒေသခံနှစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။
အသက် (၅၉)နှစ်ရွယ် ဦးလှယဉ်နှင့် အသက် (၄၀)အရွယ် ဦးဝင်းဝင်းတို့နှစ်ဦးမှာ ဩဂုတ် ၂၉ ရက် ညအချိန်တွင် ကုလားတန်မြစ်အတွင်း ငါးဖမ်းနေစဉ် ပစ်ခတ်ခံရ၍ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။
“လူတွေက စားဝတ်နေရေးကျပ်တည်းလာလို့ ရရာအလုပ်ကိုင်ကို ရှာဖွေစားသောက်ကြတာ။ အခုလို ပစ်ခတ်ခံရတော့ ပိုအခက်အခဲဖြစ်သွားကြတယ်” ဟု ကြိမ်ခွေမော်ကျေးရွာသားတစ်ဦးက ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် ဦးလှယဉ်မှာ ညာဖက်ပေါင်နှင့် ဦးဝင်းဝင်းမှာ ညာဖက်ပေါင်၊ ညာဖက်လက်မောင်းတို့တွင် ဒဏ်ရာရရှိသွားပြီး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
“ဦးလှယဉ်မှာ ဒဏ်ရာပြင်းတယ်။ ခြေထောက်ဖြတ်ရမယ့် အခြေအနေရှိတယ်။ သူတို့မိသားစုအနေနဲ့ ငွေကြေးမတတ်နိုင်တော့ ဆေးဝါးစရိတ် အကူအညီလိုအပ်နေတယ်” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့မှုကြောင့် ရခိုင်ဒေသခံများမှာ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ခံစားနေကြရပြီး နည်းမျိုးစုံဖြင့် ရရာအလုပ်ကိုလုပ်ကိုင်ကာ ရုန်းကန်စားသောက်နေကြရသည်။
မိသားစုထမင်းနပ်မှန်ရေးအတွက် ရှာဖွေလုပ်ကိုင်စားသောက်ရင်း ယခုကဲ့သို့ အသက်အန္တရာယ်ကြားများနှင့် ရင်ဆိုင်ကြုံတွေ့ရသူများလည်း အများအပြားရှိနေသည်။
လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက “လက်လုပ်လက်စားတွေက ပိုပြီးစားရေးသောက်ရေး ကျပ်တည်းလာတယ်။ လူဦးရေများတဲ့ မိသားစုတွေဆို ပိုဆိုးတယ်” ဟု ပြောသည်။
စစ်တွေနှင့်ထိစပ်နေသော ပေါက်တောမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီး/ငယ်၊ လေကြောင်းဗုံးကြဲမှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ မကြာခဏ ရှိနေသည်။
ဇွန်လအတွင်း ကြိမ်ခွေမော်ကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့၍ သံဃာတစ်ပါးအပါအဝင် ၄ ဦး ဒဏ်ရာရရှိသွားခဲ့ပြီး ဧပြီလကလည်း ကုလားတန်မြစ်ကြောင်းရှိ စစ်ကောင်စီနေဗီမှ ပစ်ခတ်မှုကြောင့် တောင်ဦးမော်နှင့် အနောက်ရဲကျေးရွာမှ ဒေသခံ ၃ ဦးဒဏ်ရာရရှိခဲ့သည်။