ရခိုင်တွင် တစ်ပတ်အတွင်း အရပ်သား ၆ ဦး ထိခိုက်သေဆုံး 

စက်တင်ဘာ ၃ ရက်နေ့တွင် လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဂွမြို့နယ် ဒိုးတန်းကြီးရွာမှ အသက် (၈၅)နှစ်အရွယ် ဦးမောင်ထွေး သေဆုံးခဲ့ပြီး၊ သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာမှ ကိုမင်းမင်းဦး၊ ကိုမျိုးမင်းထွန်း၊ ဦးစောထွန်း၊ ဒေါ်ညွန့်ရွှေတို့ ဒဏ်ရာရရှိသွားခဲ့သည်။ 

By Admin 07 Sep 2024

စက်တင်ဘာ ၃ ရက်နေ့က သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာ လေကြောင်းပစ်ခတ်ခံရမှု။ ဓာတ်ပုံ - APM 
စက်တင်ဘာ ၃ ရက်နေ့က သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာ လေကြောင်းပစ်ခတ်ခံရမှု။ ဓာတ်ပုံ - APM 

DMG ၊ စက်တင်ဘာ ၇ 

ရခိုင်ပြည် ရသေ့တောင်၊ ဂွ၊ သံတွဲမြို့နယ်တို့တွင် စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှုကြောင့် တစ်ပတ်အတွင်း အရပ်သားတစ်ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိသွားခဲ့သည်။ 

စစ်ရှုံးစစ်ကောင်စီက အရပ်သားများနေထိုင်ရာသို့ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ဂွမြို့နယ်တွင် ၁ ဦးသေဆုံးပြီး၊ သံတွဲမြို့နယ်တွင် ၄ ဦး၊ ရသေ့တောင်မြို့နယ်တွင် ၁ ဦး ဒဏ်ရာအသီးသီးရရှိခဲ့သည်။ 

သံတွဲမြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက “ကျမတို့မှာ နေ့လည်းကြောက်ရ၊ ညလည်းကြောက်ရနဲ့ စိုးရိမ်စိတ်နဲ့ပဲ နေနေရတယ်။ လေယာဉ်တွေက ပိုကြောက်ဖို့ကောင်းတယ်။ တစ်ခေါက်ပစ်ရင် လူတွေအများကြီး သေကြ၊ ထိခိုက်ကြတာတွေကို ကြားရမြင်ရလို့ ကြောက်စိတ်ပဲ ကိန်း‌အောင်းနေတယ်” ဟု ပြောသည်။  

စက်တင်ဘာ ၃ ရက်နေ့တွင် လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဂွမြို့နယ် ဒိုးတန်းကြီးရွာမှ အသက် (၈၅)နှစ်အရွယ် ဦးမောင်ထွေး သေဆုံးခဲ့ပြီး၊ သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာမှ ကိုမင်းမင်းဦး၊ ကိုမျိုးမင်းထွန်း၊ ဦးစောထွန်း၊ ဒေါ်ညွန့်ရွှေတို့ ဒဏ်ရာရရှိသွားခဲ့သည်။ 

ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ဖြူချောင်းကျေးရွာမှ အသက် (၅၀) ကျော်အရွယ် ဒေါ်အေးသိမ်းမေမှာ စစ်ကောင်စီက စက်တင်ဘာ ၂ ရက်တွင် ဂျက်ဖိုင်တာဖြင့် ဗုံးလာကြဲသွား၍ ဗုံးစဲထိမှန်ပြီး ဒဏ်ရာရရှိသွားခဲ့သည်။ 

“ရသေ့တောင်မြို့နယ်မှာ အခုနောက်ပိုင်း လေယာဉ်တွေတအားပျံတယ်၊ ပစ်တာတွေလည်းရှိတယ်။ တိုက်ပွဲမရှိဘဲ ဒီလိုပစ်တာကိုတော့ ကျနော်တို့ ကန့်ကွက်တယ်” ဟု ရသေ့တောင် ဒေသခံတစ်ဦးက ပြောသည်။ 

ရခိုင်တွင် ဩဂုတ်နှင့် ဇူလိုင်လအတွင်း စစ်ကောင်စီ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုနှင့် မြေမြှုပ်မိုင်းကြောင့် အရပ်သား ၉၀ ဦးနှင့် ဒဏ်ရာရရှိသူ ၈၆ ဦးထိရှိကြောင်း DMG က ကောက်ယူထားသော စာရင်းအရ သိရသည်။