ရသေ့တောင် မိုးစဲကျွန်း လေကြောင်းဗုံးကြဲမှု အမျိုးသမီးတစ်ဦး ဒဏ်ရာရ 

စက်တင်ဘာ ၂ ရက် ညနေပိုင်းအချိန် ဂျက်ဖိုင်တာဖြင့် လာရောက်ကြဲချခဲ့သော ဗုံးသီးမှာ ဘုန်းကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲ၍ အနီးအနားရှိ အသက် (၅၀) အရွယ် အမျိုးသမီးမှာ ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။

By Admin 03 Sep 2024

ရသေ့တောင် မိုးစဲကျွန်း လေကြောင်းဗုံးကြဲမှု အမျိုးသမီးတစ်ဦး ဒဏ်ရာရ 

DMG ၊ စက်တင်ဘာ ၃

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် မိုးစဲကျွန်းရှိ ဖြူချောင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့မှုကြောင့် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု သိရသည်။ 

စက်တင်ဘာ ၂ ရက် ညနေပိုင်းအချိန် ဂျက်ဖိုင်တာဖြင့် လာရောက်ကြဲချခဲ့သော ဗုံးသီးမှာ ဘုန်းကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲ၍ အနီးအနားရှိ အသက် (၅၀) အရွယ် အမျိုးသမီးမှာ ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။ 

“ဗုံးစထိပြီး ဒဏ်ရာရသွားတာ။ (ဒဏ်ရာ) အခြေအနေကတော့ သိပ်မပြင်းဘူး။ အခုတော့ ဆေးကုထားတယ်လို့ သိရတယ်” ဟု မိုးစဲကျွန်းဒေသခံတစ်ဦးက ပြောသည်။  

ရသေ့တောင်မြို့နယ်ကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းဗုံးကြဲမှုများ ခပ်စိပ်စိပ်လုပ်လာနေပြီး အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။ 

ဩဂုတ် ၂၈ ရက်ကလည်း မိုးစဲကျွန်း၊ ဆားပြင်ကြီးကျေးရွာသို့ စစ်ကောင်စီနေဗီမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး၊ ၄ ဦး ဒဏ်ရာရရှိခဲ့သည်။ 

“အခုနောက်ပိုင်း နေ့တိုင်းလိုလို ရွာအနီးကနေ လေယာဉ်ပျံတာရှိနေတယ်။ လေယာဉ်ဝဲရင် ကျမတို့မှာ စိုးရိမ်ကြောက်လန့်နေရတယ်” ဟု မိုးစဲကျွန်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်တွင် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးသူ လစဉ်တိုးလာနေပြီး ဩဂုတ်လအတွင်း အရပ်သားသေဆုံးသူ (၃၄) ဦးနှင့် ဒဏ်ရာရရှိသူ (၃၈) ဦး စုစုပေါင်း (၇၂) ဦးအထိရှိကြောင်း DMG မှ ကောက်ယူထားသည့် စာရင်းအရ သိရသည်။