ရခိုင် မြို့နယ်အချို့တွင် MPT ဖုန်းလိုင်းပြတ်တောက်နေ

အမ်းမြို့နယ် တပ်တောင်မြို့၊ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့၊ ပေါက်တောမြို့နယ် မြေငူကျွန်းရှိ ပြိုင်းတောင်၊ ချိုင်ပြင်၊ ကုလားတဲ စသည့်ကျေးရွာများနှင့် မာန်အောင်မြို့နယ် ပြင်ကောက်၊ ကမင်း ကျေးရွာတို့တွင် ဖုန်းလိုင်းပြတ်တောက်မှု ဖြစ်ပေါ်နေသည်။ 

By Admin 27 Nov 2023

ရခိုင် မြို့နယ်အချို့တွင် MPT ဖုန်းလိုင်းပြတ်တောက်နေ

DMG ၊ နိုဝင်ဘာ ၂၇

ရခိုင်ပြည် အမ်း၊ မြေပုံ၊ ပေါက်တောနှင့် မာန်အောင်မြို့နယ်ရှိ ဒေသအချို့တွင် MPT ဖုန်းလိုင်း ပြတ်တောက်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။

အမ်းမြို့နယ် တပ်တောင်မြို့၊ မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့၊ ပေါက်တောမြို့နယ် မြေငူကျွန်းရှိ ပြိုင်းတောင်၊ ချိုင်ပြင်၊ ကုလားတဲ စသည့်ကျေးရွာများနှင့် မာန်အောင်မြို့နယ် ပြင်ကောက်၊ ကမင်း စသည့် ကျေးရွာတို့တွင် ဖုန်းလိုင်းပြတ်တောက်မှုများ ဖြစ်ပေါ်နေသည်။ 

“MPT လိုင်းက လုံးဝမရဘူး။ ဆက်သွယ်ရေးတာဝါတိုင်တွေမှာ ဆီကုန်သွားလို့လို့ ပြောကြတယ်။ ဖုန်းလိုင်းမရတော့ အင်တာနက်လည်း မရတော့ဘူးလေ။ တခြား SIM ကတ် ရှိနေသေးလို့ အဆက်အသွယ် ရနေသေးတာ” ဟု ပေါက်တောမြို့နယ်၊ မြေငူကျွန်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ရခိုင်တွင် နိုဝင်ဘာ ၁၃ ရက်မှစ၍ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက ကုန်းလမ်း၊ရေလမ်းအားလုံးကို ပိတ်ဆို့ထားသည်။ ထို့ကြောင့် သယ်ယူပို့ဆောင်ရေး ခက်ခဲနေသဖြင့် ဖုန်းတာဝါတိုင်များ၏ မီးစက်တွင် စက်သုံးဆီ မဖြည့်တင်းနိုင်၍ လိုင်းပြတ်တောက်နေခြင်းဖြစ်သည်။

အမ်းမြို့နယ် တပ်တောင်မြို့နှင့် မြေပုံမြို့နယ်၊ ကမ်းထောင်ကြီးမြို့တို့တွင် ဖုန်းတာဝါတိုင်များကို လျှပ်စစ်မီးဖြင့် လည်ပတ်နေသော်လည်း လျှပ်စစ်မီးပြတ်တောက်နေချိန် မီးစက်ဖြင့် လည်ပတ်ရာတွင် စက်သုံးဆီကုန်သွားသဖြင့် ဖုန်းလိုင်းပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

ကမ်းထောင်းကြီးမြို့ခံ အမျိုးသမီးတစ်ဦးက “ဖုန်းလိုင်းက သုံး၊လေးရက်လောက် လုံးဝ ပြတ်တောက်သွားတယ်။ မနေ့ကမှ မဆိုစလောက်လေး လိုင်းပြန်ရတယ်။ လိုင်းကတော့ လုံးဝမကောင်းဘူး။ တာဝါတိုင်တွေကို မီးပြတ်ချိန် စက်နဲ့လည်ပတ်တယ်။ ဆီကုန်သွားတော့ စက်နဲ့လည်ပတ်လို့ မရတော့ဘူး။ အဲဒါကြောင့် ဖုန်းလိုင်းပြတ်သွားခဲ့တာ” ဟု ပြောသည်။ 

အလားတူ တပ်တောင်မြို့တွင်လည်း ဆက်သွယ်ရေးဖုန်းလိုင်းများ ပြတ်တောက်နေသည်ဟု ဒေသခံများက ပြောသည်။ 

“ဆီထပ်မဖြည့်နိုင်လို့ တာဝါတိုင်တွေ အလုပ်မလုပ်တော့ဘူး။ အဲဒါကြောင့် ဖုန်းလိုင်းတွေ ပြတ်နေတာ” ဟု တပ်တောင်မြို့ခံ တစ်ဦးက ပြောသည်။ 

စစ်ကောင်စီက လမ်းခရီးရေရှည်ပိတ်ထားလျှင် ဖုန်းတာဝါတိုင်များကို မီးစက်ဖြင့် လည်ပတ်နေရသည့် အခြားမြို့နယ်များ၌လည်း ဖုန်းလိုင်းများ ပြတ်တောက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ 

စစ်ကောင်စီက သွားလာခွင့်ကန့်သတ်ထားမှုကြောင့် ရခိုင်က မြို့နယ်အများအပြားတွင် စက်သုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေပြီး နေ့စဉ်လူမှုဘဝ သွားလာလှုပ်ရှားမှုများတွင် အခက်အခဲဖြစ်နေကြသည်။ 

#D004 #DMG

ဗီဒီယိုများ