MPT ကို ကြားဖြတ်ထောက်လှမ်းရေးနည်းပညာ ရောင်းချရန် အာဏာမသိမ်းမီတည်းက အစ္စရေးကုမ္ပဏီ လေလံအောင်ခဲ့

မြန်မာကို ကာကွယ်ရေးနည်းပညာများရောင်းချခြင်း  ရပ်တန့်ရန် ၂၀၁၇ ခုနှစ်တည်းက အစ္စရေးတရားရုံးချုပ်က အမိန့်ချမှတ်ခဲ့ပြီးတည်းက ရောင်းချခြင်းမရှိတော့ကြောင်း အစ္စရေးက ပြောကြားထားသော်လည်း...

By Admin 15 Jan 2023

MPT ကို ကြားဖြတ်ထောက်လှမ်းရေးနည်းပညာ ရောင်းချရန် အာဏာမသိမ်းမီတည်းက အစ္စရေးကုမ္ပဏီ လေလံအောင်ခဲ့

ဓာတ်ပုံ - Reuters

MPT ဆက်သွယ်ရေးကုမ္ပဏီအတွက် ကြားဖြတ်ထောက်လှမ်းရေး ဆော့ဖ်ဝဲ ရောင်းချမည့်လေလံကို ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီတည်းက အစ္စရေးဆော့ဖ်ဝဲ ကုမ္ပဏီ Cognyte က အောင်မြင်ခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာကို ကာကွယ်ရေးနည်းပညာများရောင်းချခြင်း  ရပ်တန့်ရန် ၂၀၁၇ ခုနှစ်တည်းက အစ္စရေးတရားရုံးချုပ်က အမိန့်ချမှတ်ခဲ့ပြီးတည်းက ရောင်းချခြင်းမရှိတော့ကြောင်း အစ္စရေးက ပြောကြားထားသော်လည်း ယခုကဲ့သို့ ရောင်းချရန် သဘောတူညီမှု ရှိခဲ့ခြင်း ဖြစ်ကြောင်း တနင်္ဂနွေနေ့က ထွက်ရှိလာသည့် အချက်အလက်များအရ သိရသည်။

တရားရုံးချုပ်မှ တားမြစ်ပေးရန် ဦးဆောင်လှုပ်ရှားခဲ့သူ အစ္စရေး လူ့အခွင့်အရေးရှေ့နေ အီတေးမက်က ဤအချက်အလက်များနှင့် ပတ်သက်၍ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုထားသည်ဟု သတင်းတွင် ဖော်ပြထားသည်။ ယခင် လွှတ်တော်ပြောခွင့်ရပုဂ္ဂိုလ်အပါအဝင် အထင်ကရ တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များနှင့် စာရေးဆရာများ အပါအဝင် စုစုပေါင်း အစ္စရေးနိုင်ငံသား ၆၀ ခန့်ကိုယ်စား ယခုတောင်းဆိုချက်အား တင်ပြခဲ့ခြင်း ဖြစ်သည်။

Cognyte နှင့် အရောင်းအဝယ်ကို ပံ့ပိုးကူညီခဲ့သည့် နောက်ထပ် အမည်မဖော်ပြထားသည့် ကာကွယ်ရေးနှင့် နိုင်ငံခြားရေး အရာရှိများသည် မြန်မာနိုင်ငံရှိ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေးကူညီနေသူများ ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် စွပ်စွဲထားသည်။

Justice for Myanmar အဖွဲ့က ရိုက်တာသတင်းဌာနနှင့် အီတေးမက်တို့ထံသို့ ပေးပို့သော အချက်အလက်များ၌ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် MPT က ပြည်တွင်းအာဏာပိုင်များထံသို့ ပေးပို့ထားသောစာ ပါဝင်သည်။ အဆိုပါစာ၌ Cognyte ကုမ္ပဏီသည် ကြားဖြတ်ထောက်လှမ်းရေး နည်းပညာ ပံ့ပိုးပေးရန် တင်ဒါအောင်မြင်ကြောင်း ဖော်ပြထားပြီး ဝယ်ယူရန်အမှာစာကို ၂၀၂၀ ဒီဇင်ဘာလ ၃၀ ရက်စွဲဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။

အဆိုပါကြားဖြတ် ထောက်လှမ်းရေး နည်းပညာ တပ်ဆင်ထားပါက ဆက်သွယ်ရေးကုမ္ပဏီသည် ဖုန်းခေါ်ဆိုမှုများကို ကြားဖြတ် နားထောင်ခြင်း၊ မက်ဆေ့များ ကြည့်ရှုခြင်း၊ အီးမေးအပါဝင် အင်တာနက် အသုံးပြုမှုများကို စောင့်ကြည့်ခြင်း၊ အသုံးပြုသူ၏ တည်နေရာကို ကြည့်ရှုနိုင်ခြင်းတို့ ပြုလုပ်နိုင်သည်။

MPT သည် Cognyte ၏ နည်းပညာကို စမ်းသပ်အသုံးပြုထားပြီးပြီဟု မြန်မာတွင်အသုံးပြုမည့် ကြားဖြတ်ထောက်လှမ်းရေး အစီအစဉ်နှင့် ဆက်နွယ်နေသူ နှစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်ဟု သတင်းတွင် ဖော်ပြထားသည်။ 

MPT သည် ထောက်လှမ်းရေးနည်းပညာများ အသုံးပြုနေသည်ဟု အဆိုပါလုပ်ငန်းနှင့် တိုက်ရိုက်ဆက်စပ်နေသူ သုံးဦးထံမှ သိထားရကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ သို့သော်လည်း မည်သည့်ကုမ္ပဏီထံမှ ဝယ်ယူထားကြောင်းကိုမူ မဖြေကြားပေ။ Cognyte သည် MPT နှင့် အပြီးသတ်စာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်း ရှိ၊မရှိကို ရိုက်တာသတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သတင်းတွင် ဖော်ပြထားသည်။

အစ္စရေးအခြေစိုက် Cognyte ကုမ္ပဏီသည် ဖေ့စ်ဘုတ်တွင် ၂၀၂၁ ခုနှစ်တည်းက ပိတ်ပင်ခံထားရသည်။ Cognyte သည် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများပေါ်တွင် အကောင့်အတု အများအပြား အသုံးပြုနိုင်အောင် စီစဉ်ထားကြောင်း ဖေ့စ်ဘုတ်ကုမ္ပဏီ Meta ၏ အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။

ဗီဒီယိုများ