မြောက်ဦး လေကြောင်းတိုက်ခိုက်ခံရမှု လူထိခိုက်မှုမရှိဟု AA ပြော

မြောက်ဦးမြို့ကို အာရက္ခတပ်တော် (AA) က ယခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် သိမ်းပိုက်ထိန်းချုပ်ထားသည်။ ယင်းအချိန်မှစ၍ စစ်ကောင်စီသည် မြောက်ဦးမြို့ကို လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူများမှာ စိုးရိမ်စိတ်ဖြင့် နေထိုင်နေကြရသည်။ 

By Admin 24 May 2024

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် မြောက်ဦးထွေအုပ်ရုံး။ ဓာတ်ပုံ - APM
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် မြောက်ဦးထွေအုပ်ရုံး။ ဓာတ်ပုံ - APM

DMG ၊ မေ ၂၄

ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ခရိုင်ထွေ/အုပ်ရုံးကို ယနေ့နံနက်ပိုင်းအချိန် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုဖြစ်စဉ်တွင် “AA တပ်ဖွဲ့ဝင်များ သေဆုံးသည်ဆိုသည့်သတင်းမှာ အမှားသာဖြစ်ပြီး မြေပြင်တွင် ယင်းသို့မရှိကြောင်း” အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခက DMG ကို ပြောသည်။

စစ်ကောင်စီရုံးဟောင်း ခရိုင်ထွေ/အုပ်ရုံးတွင် မည်သူမျှနေထိုင်ခြင်းမရှိသဖြင့် အဆောက်အအုံများသာ ပျက်စီးပြီး လူထိခိုက်သေဆုံးမှု မရှိကြောင်း ဆိုသည်။

“ဒီနေ့မနက် ၉ နာရီ ၄၀ မိနစ်မှာ မြောက်ဦးမြို့မှာရှိတဲ့ ခရိုင်‌ရုံးကို စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စီးက ရော့ကက်နဲ့တစ်ကြိမ် ပစ်ခတ်ခဲ့တာတော့ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ ဘယ်သူမှ နေထိုင်တာမရှိတဲ့အတွက် ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာမရှိပါဘူး။ အေအေရဲဘော် ၆ ယောက် သေဆုံးတယ်ဆိုတာက အခြေအမြစ်မရှိတဲ့ သတင်းအမှားဖြစ်ပါတယ်။ အဲဒီနေရာမှာ ကျနော်တို့တပ်ဖွဲ့တွေ မရှိပါဘူး ” ဟု ဦးခိုင်သုခက DMG ကို ပြောသည်။ 

မြို့ခံများကလည်း လေကြောင်းပစ်ခတ်မှုအပြီး ထွေအုပ်ရုံးသို့ သွားရောက်ကြည့်ရှုရာတွင် ရုံးပျက်စီးခြင်းသာရှိပြီး လူထိခိုက်သေဆုံးမှုမရှိကြောင်း ပြောကြသည်။ 

“ဗုံးသီးက ထွေအုပ်ရုံးဟောင်းမှာကျပြီး အကုန်ပျက်စီးသွားတယ်။ ပေါက်ကွဲပြီး ခဏအကြာမှာသွားကြည့်တာ၊ ထိခိုက်သေဆုံးတာတွေတော့ မတွေ့ခဲ့ရဘူး” ဟု မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။

မြောက်ဦးမြို့ကို အာရက္ခတပ်တော် (AA) က ယခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင် သိမ်းပိုက်ထိန်းချုပ်ထားသည်။ ယင်းအချိန်မှစ၍ စစ်ကောင်စီသည် မြောက်ဦးမြို့ကို လေကြောင်းဗုံးကြဲမှု ဆက်တိုက်ပြုလုပ်နေပြီး ပြည်သူများမှာ စိုးရိမ်စိတ်ဖြင့် နေထိုင်နေကြရသည်။ 

စစ်ကောင်စီသည် ရခိုင်ဒေသက ဆေးရုံ၊ ဌာနဆိုင်ရာရုံးနှင့် အရပ်သားများနေထိုင်ရာကို လေကြောင်းဖြင့် မကြာခဏလာပစ်လေ့ရှိသဖြင့် ရခိုင်တွင် နေ့စဉ် အရပ်သားထိခိုက် သေဆုံးမှုတိုးလာနေသည်။

ရခိုင်ဒေသတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဧပြီလ ၃၀ ရက်ထိ လေးလတာအတွင်း စစ်ကောင်စီ၏ လေ ကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၁၈၇ ခုနှင့် အကြိမ်ရေ ၄၀၉ ကြိမ်ရှိခဲ့ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့မှ မေလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

ဗီဒီယိုများ