- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
NGO၊ INGO များကို မဖြစ်မနေ မှတ်ပုံတင်ရန် စစ်ကောင်စီအသိပေး
မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် NGO၊ INGO အဖွဲ့များကို မဖြစ်မနေ မှတ်ပုံတင်လျှောက်ရန် စစ်ကောင်စီက ညွှန်ကြားလိုက်သည်။
15 Sep 2023
DMG ၊ စက်တင်ဘာ ၁၅
မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် NGO၊ INGO အဖွဲ့များကို မဖြစ်မနေ မှတ်ပုံတင်လျှောက်ရန် စစ်ကောင်စီက ညွှန်ကြားခဲ့ကြောင်း ယနေ့(စက်တင်ဘာ ၁၅ ရက်)ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။
စက်တင်ဘာ ၁၄ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် NGO၊ INGO များ မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် လွယ်ကူချောမွေ့စေရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတွင် စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျေးလက်ဒေသတွေ၊ နယ်စပ်ဒေသတွေ၊ ဝေးလံခေါင်သီတဲ့ ဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေဆောင်ရွက်ရာမှာ အသင်းအဖွဲ့တွေရဲ့အားကို ရယူရပါတယ်။ အသင်းအဖွဲ့တွေကလည်း ဥပဒေနဲ့အညီ အကူအညီပေးနိုင်ဖို့အတွက် မှတ်ပုံတင်ရေးလုပ်ငန်းစဉ်ကို မဖြစ်မနေဆောင်ရွက်ဖို့ လိုအပ်ပါတယ်” ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြောဆိုခဲ့သည်။
အကူအညီပေးနေသည့် အဖွဲ့အစည်း၊ နိုင်ငံများက NGO၊ INGO များကို အသုံးချပြီး တရားမဝင်ကိစ္စရပ်များအတွက် ထောက်ပံ့မှုများ မဖြစ်စေရန်နှင့် NGO၊ INGO များအနေဖြင့် အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီးက ပြောသည်။
မှတ်ပုံတင်လျှောက်ရာတွင်လည်း သက်ဆိုင်ရာဌာနဆိုင်ရာ၏ ထောက်ခံများရယူရန် လိုအပ်သည်ဟုလည်း ဆိုသည်။ NGO၊ INGO များကို မဖြစ်မနေ မှတ်ပုံလျှောက်ရန် စစ်ကောင်စီက ညွန်ကြားခြင်းမှာ လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပို၍ အခက်ကြုံနိုင်ကြောင်း ရှုမြင်ကြသည်။
လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးနေသည့် NGO၊ INGO အဖွဲ့များနှင့် အခြားသော လူမှုရေး ကူညီရေးအဖွဲ့များမှာ စစ်ကောင်စီထံ မှတ်ပုံတင်ရာ၌ အချိန်ကြန့်ကြာမှုများရှိသည့်အတွက် အခက်အခဲ ဖြစ်ရသည်ဟု ပြောဆိုကြသည်။
“သူတို့(စစ်ကောင်စီ)ဆီမှာ မှတ်ပုံတင်ရင် ဘယ်အချိန်ကျမယ်ဆိုတာ မသိဘူး။ ကျမ အဖွဲ့ဆိုရင် မှတ်ပုံတင်ဖို့ ကြိုးစားနေတာ ၂ နှစ်လောက်ရှိပြီ။ နောက်ပြီး သူတို့ဆီမှာ မှတ်ပုံတင်လိုက်ရင် ပြည်သူတွေ အခက်အခဲဖြစ်နေတဲ့ အချိန်မှာ သွားခွင့်မပြုတာတွေရှိတယ်။ မှတ်ပုံတင်ရှိရင်လည်း TA (ခွင့်ပြုချက်) ရဖို့အတွက် စောင့်ရတဲ့အတွက် အချိန်ကြန့်ကြာမှုတွေ ရှိတယ်” ဟု စစ်တွေမြို့အခြေစိုက် အဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။
ရခိုင်ပြည်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးနေသည့် NGO၊ INGO များနှင့် အရပ်ဖက်အဖွဲ့အစည်းများမှာ စစ်ဆေးရေးဂိတ်အချို့တွင် ကန့်သတ်ခံရခြင်း၊ စစ်ကောင်စီထံမှ ခရီးသွားလာရေး ခွင့်ပြုချက် မရသဖြင့် ရပ်တန့်နေရသည့် အခြေအနေများရှိနေကြောင်း သိရသည်။
ရခိုင်ပြည်တွင် ပြီးခဲ့သည့် မေလ ၁၄ နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူဦးရေ ၁၅ သိန်းကျော်ခန့် နစ်နာထိခိုက်ခဲ့ရသည်။ လက်ရှိတွင် မုန်တိုင်းအလွန် ၄ လကျော် ကြာမြင့်လာပြီ ဖြစ်သော်လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ မရရှိသေးသည့် မုန်တိုင်းသင့်ဒေသများရှိကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်၊ သောင်းဒရားကျေးရွာအုပ်ချုပ်ရေးမှူး ဦးထိန်းသန်းမောင်က “ကျနော်တို့ရွာကိုတော့ WFP က ဆန်တစ်ခါ ထောက်ပံ့တာရှိတယ်။ ကျန်တဲ့ NGO၊ INGO အဖွဲ့အစည်းတွေက မရောက်ဘူး။ ကျနော်တို့ သိရတာက ခွင့်ပြုချက်မရလို့ မလာရဘူးလို့ပြောသံကြားတယ်။ NGO၊ INGO အဖွဲ့တွေကို လွတ်လွတ်လပ်လပ် ကူညီခွင့်ပေးစေချင်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း မြန်မာနိုင်ငံအတွင်းရှိ NGO ၊ INGO အဖွဲ့အစည်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် စနစ်တကျ ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ကြရန် စစ်ကောင်စီဥက္က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားခဲ့သည်။
#R007