နိုင်ငံတဝန်း စစ်ကောင်စီထံ စစ်မှုထမ်းစုဆောင်းခံရသူ နှစ်သောင်းကျော်ရှိလာ

စစ်ကောင်စီသည် ပြည်သူ့စစ်များစုဆောင်းရာတွင် ငွေကြေးဖြင့် ငှားရမ်းခြင်းနှင့် အတင်းအဓမ္မဖမ်းဆီးခေါ် ဆောင်ခြင်းနည်းလမ်းကို အဓိကထား အသုံးပြုခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

By Admin 20 Oct 2024

ကျိုင်းတုံ တတက(၁၁)တွင် အပတ်စဉ် ၅ အတွက် စစ်မှုထမ်း စုဆောင်းခံရသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ- MOI)
ကျိုင်းတုံ တတက(၁၁)တွင် အပတ်စဉ် ၅ အတွက် စစ်မှုထမ်း စုဆောင်းခံရသူများကို တွေ့ရစဉ်။ (ဓာတ်ပုံ- MOI)

DMG ၊ အောက်တိုဘာ ၂၀

မြန်မာနိုင်ငံတဝန်းတွင် စစ်ကောင်စီထံ ပြည်သူ့စစ်မှုထမ်းစုဆောင်းခံရသူ အရေအတွက်မှာ နှစ်သောင်းကျော်အထိ ရှိလာကြောင်း လွတ်လပ်သော သုတေသနအဖွဲ့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ ( Burma Affairs & Conflict Study)၏ အောက်တိုဘာ ၁၉ ရက်နေ့ထုတ် အစီရင်ခံစာအရ သိရသည်။

စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် (၁) တွင် သင်တန်းသား ၅,၀၀၀ ခန့်၊ ကျန်အပတ်စဉ်များတွင် ၄,၀၀၀ ကျော်စုဆောင်းခဲ့ပြီး သင်တန်းအပတ်စဉ် ၁ မှ ၅ အထိ စုဆောင်ခံရသူ စုစုပေါင်း ဦးရေ ၂၁,၀၀၀ ထက်မနည်းရှိခဲ့သည်။

စစ်ကောင်စီသည် ပြည်သူ့စစ်များစုဆောင်းရာတွင် ငွေကြေးဖြင့် ငှားရမ်းခြင်းနှင့် အတင်းအဓမ္မဖမ်းဆီးခေါ် ဆောင်ခြင်းနည်းလမ်းကို အဓိကထား အသုံးပြုခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

" စစ်ကောင်စီဟာ အရင်ကလို မဲနှိက်ရွေးချယ်ခြင်းများ မလုပ်တော့ဘဲ စာရင်းပါသည်ဟုပြောကာ ရပ်ကွက်လူကြီး၊ စစ်တပ်၊ ရဲ၊ လဝကများနှင့်အတူ ရပ်ကွက်အတွင်း လူငယ်များကို လာရောက် ခေါ်ဆောင်သွားခဲ့တယ် " ဟု BACS က ဆိုသည်။

ထို့အတူ စစ်ကောင်စီသည် ၎င်းထိန်းချုပ်ရာဒေသတွင် သင်တန်းကျောင်းပေါင်း ၂၃ ကျောင်း ဖွင့်လှစ်ထားပြီး ရှမ်းပြည်နယ်တွင် ၇ ကျောင်း၊ မန္တလေးတွင် ၄ ကျောင်း၊ မွန်၊ စစ်ကိုင်း၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတို့တွင် ၂ ကျောင်းစီနှင့် မကွေးနှင့် တနင်္သာရီတွင် ၁ ကျောင်းစီ ဖွင့်လှစ်ထားခြင်းဖြစ်သည်။

စစ်မှုထမ်းစတင်စုဆောင်းစဉ်တွင် သင်တန်းဆင်းပြီးပါက မိမိရပ်ကွက်ဒေသ၌ လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့များတွင်သာ တာဝန်ထမ်းဆောင်ရမည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။ သို့သော်လည်း လက်တွေ့တွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များနှင့် ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံရပြီး သေဆုံးသူများလည်း ရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

ထို့အတူ စစ်ကောင်စီသည် စစ်သင်တန်း အမှတ်စဥ် (၁) နှင့် (၂) သင်တန်းသား စုဆောင်းရာတွင် လွယ်ကူခဲ့သော်လည်း ကျန်အပတ်စဥ်များတွင် အတင်းအဓမ္မ ဖမ်းဆီးပြီး စုဆောင်းခံရခြင်း၊ ငွေကြေးဖြင့် ငှားရမ်းပြီး လူစားထိုးခြင်းများလည်းရှိကြောင်း သိရသည်။ 

လက်ရှိတွင် စစ်မှုထမ်းခေါ်ခြင်းကို ငွေကြေးအဆင်ပြေနေသူများထက် ငွေကြေးချို့တဲ့သည့် အခြေခံလူတန်းစားများက အဓိက ကြုံတွေ့နေရပြီး စစ်မှုထမ်းခေါပြီး ရှေ့တန်းတွင် အိမ်ထောင်ရှင်အမျိုးသားများ သေဆုံးရလျှင် ကျန်ရစ်သူမိသားစုမှာ လူမှုစီးပွားအခြေနေ ပျက်ယွင်းလာကြောင်း BACS ၏ အစီရင်ခံစာက ဆိုသည်။

အလားတူ စစ်ကောင်စီသည် ရခိုင်ပြည်က မွတ်ဆလင်များကိုလည်း စစ်မှုထမ်းဆောင်ရန် အတင်းအဓမ္မ ခေါ်ယူခဲ့ပြီး ရခိုင်စစ်မြေပြင်၌ တိုက်ခိုင်းကာ သတင်းအစန မကြားသူများ ရှိနေသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

" ပထမ တစ်ခေါက်တုန်းက စစ်သင်တန်းတက်ဖို့ အခေါ် ခံရသူတွေ၊ ရှေ့တန်းကို ပါသွားလို့ သေလား၊ရှင်လား မသိရသေးတဲ့သူတွေလည်း အများကြီးရှိတယ်။ ဆိုတော့ နေရာတိုင်းမှာလည်း တိုက်ပွဲဖြစ်လာတဲ့အခါ ရှေ့တန်း စစ်မြေပြင်ကို အပို့ခံရမှာကိုလည်း မိသားစုဝင်တွေက စိုးရိမ်နေကြတယ် " ဟု ရခိုင်ပြည်၊ စစ်တွေမြို့နယ်မှ စစ်မှုထမ်းခေါ်ခံရသူ မွတ်ဆလင်တစ်ဦး၏ မိခင်တစ်ဦးက‌ ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် ထိန်းချုပ်နယ်မြေများစွာ ဆုံးရှုံးလာသဖြင့် သတ်မှတ်ထားသည့် အရေအတွက် ပြည့်မှီအောင် စစ်မှုထမ်းစုဆောင်းရာတွင် ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသများကိုသာ အဓိကပစ်မှတ်ထား လုပ်ဆောင်နေသည်။

ဆုံးရှုံးသွားသည့် နယ်မြေများကို ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရန် စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေဖြင့် လူအင်အားဖြည့်တင်းနေသဖြင့် နိုင်ငံအနှံ့တိုက်ပွဲများ ပြင်းထန်လာအုံးမည်ဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်များက သုံးသပ်နေကြသည်။

" ဒီစစ်မှုထမ်းနဲ့ စစ်အင်အားဖြည့်တင်းတာဟာ ဆုံးရှုံးနယ်မြေတွေကို စစ်ကောင်စီက ပြန်တိုက်ဖို့ လုပ်နေတာ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံတဝန်းတိုက်ပွဲတွေကတော့ ဆက်လက်ပြင်းထန်လာအုံးမှာကို မြင်ရတယ် " ဟု စစ်ရေးအခြေအနေကို စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတဝန်းတွင် စစ်ကောင်စီ၏ စစ်မှုထမ်း ဉပဒေနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရန် လိုအပ်နေပြီး တိမ်းရှောင်ရာတွင်လည်း အမှန်တကယ် ချိတ်ဆက်ကူညီပေးမည့် အဖွဲ့အစည်းများ လိုအပ်နေကြောင်း BACS အစီရင်ခံစာတွင် ဖော်ပြထားသည်။