- မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
- လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်ကျေးရွာများ တိမ်းရှောင်
- ဧရာဝတီတွင် စစ်ဘေးရှောင်နေသည့် ဂွဒေသခံ ၁၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- ဂွသို့ တင့်ကားအပါအဝင် စစ်ကား အစီး ၂၀ ကျော်ဖြင့် အင်အားဖြည့်တင်း
- တရုတ်ကုမ္ပဏီ AVIC ထံမှ စစ်ကောင်စီ လေယာဉ်အသစ် ၈ စင်း ဝယ်ယူရရှိထား
ဧရာဝတီတွင် စစ်ဘေးရှောင်နေသည့် ဂွဒေသခံ ၁၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး
ဧရာတီတိုင်း၊ ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာတွင် စစ်ဘေးတိမ်းရှောင်နေကြသည့် ရခိုင်ပြည်၊ ဂွမြို့နယ်မှ ဒေသခံ ၁၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
24 Dec 2024
DMG ၊ ဒီဇင်ဘာ ၂၄
ဧရာတီတိုင်း၊ ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာတွင် စစ်ဘေးတိမ်းရှောင်နေကြသည့် ရခိုင်ပြည်၊ ဂွမြို့နယ်မှ ဒေသခံ ၁၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
၎င်းတို့ စစ်ရှောင်နေသည့် နေအိမ်အသီးသီး၌ ရှိနေစဉ် ဒီဇင်ဘာ ၂၂ ရက် ညနေပိုင်းတွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင် အင်အားသုံးဆယ်ခန့် လာရောက်ကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
“စစ်သားနဲ့ ရဲတွေလည်း ပါတယ်။ အင်အားကတော့ သုံးဆယ်လောက်ရှိမယ်။ တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ပြီး ဖမ်းခေါ်သွားတာ။ တချို့ကိုတော့ အေအေနဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းတာလို့ ပြောတယ်” မြောက်စမ်းဒေသခံတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူများမှာ ယနေ့အချိန်ထိ ပြန်လွတ်မြောက်လာခြင်း မရှိသေးသည့်အပြင် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရှိရသေးပေ။
ဒေသတွင်း တိုက်ပွဲများကြောင့် ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့မှ ဒေသခံသောင်းနှင့်ချီမှာ ရခိုင်ဒေသနှင့် ထိစပ်နေသည့် ဧရာဝတီတိုင်းနှင့် ပဲခူးဘက်သို့ ထွက်ပြေးတိမ်းရှောင်ကာ စစ်ဘေးရှောင်နေကြသည်။
ရခိုင်မှ စစ်ဘေးရှောင်များကို စစ်ကောင်စီက စစ်ဆေးဖမ်းဆီးမှုများလာရှိနေသဖြင့် လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်ထိတ်လန့်နေကြသည်။
ပုသိမ်တွင် စစ်ဘေးရှောင်နေသည့် ဂွမြို့မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “စစ်ကောင်စီကတော့ ယောက်ျား၊ မိန်းမ ဆိုပြီး ခွဲမနေတော့ဘူး။ ရခိုင်ကဆိုတာနဲ့ အေအေနဲ့ အဆက်အစပ်ရှိတယ်ဆိုပြီး ဟိုနားမှာဖမ်း၊ ဒီနားမှာဖမ်းဆိုတော့ ကိုယ့်သားသမီးတွေကို အပြင်သိပ်မလွှတ်ရဲဘူး။ ပြောရရင်တော့ ကိုယ်နေတဲ့အိမ်မှာတောင် လုံခြုံတယ်လို့ မခံစားရဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်ကလည်း ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ စောပြာကျေးရွာတွင် စစ်ဘေးတိမ်းရှောင်နေသည့် ဂွဒေသခံ ၅ ဦးကို AA နှင့်ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
ဂွတိုက်ပွဲပြင်းထန်လာချိန်မှစ၍ ဧရာဝတီတွင် စစ်ကောင်စီလုံခြုံရေးတင်းကျပ်ထားပြီး ရခိုင်ဒေသခံများ စစ်ဘေး တိမ်းရှောင်ရာနေရာများတွင် စစ်ဆေးဖမ်းဆီးမှု၊ လမ်းခရီးသွားလာခွင့်ကန့်သတ်လျက်ရှိသည်။
လက်ရှိတွင်လည်း ရေကြည်၊ ကျုံပျော်၊ ချောင်းသာ၊ ရွှေသောင်ယံ စသည့်နေရာများတွင် တိမ်းရှောင်နေကြရသည့် ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီက ဖိအားပေးရွှေ့ပြောင်းခိုင်းထား၍ အခက်ကြုံနေကြရသည်။