ပုဂ္ဂလိက ဆေးရုံများ ပိတ်ထား၍ စစ်တွေမြို့ခံများ ကျန်းမာရေးကိစ္စ အခက်တွေ့

" အခုက ကျန်းမာရေးကိစ္စနဲ့ ပတ်သက်လို့ အများကြီး ခက်ခဲတယ်။ ဆေးရုံ၊ ဆေးခန်းတွေလည်း မရှိတော့ဘူး။ ဆေးရုံကြီးမှာလည်း ဆရာဝန် အနည်းငယ်နဲ့ သူနာပြုတွေပဲရှိကြတယ်။ အထူးကုတွေ မရှိကြတော့ဘူး။ ဆိုတော့ အရေးပေါ်ဖြစ်ရင် အသက်သေဆုံးဖို့ပဲ ရှိပါတယ် " ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

By Admin 17 Oct 2024

ပုံစာ - စစ်တွေမြို့တွင်း တစ်နေရာအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်။
ပုံစာ - စစ်တွေမြို့တွင်း တစ်နေရာအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်။

DMG ၊ အောက်တိုဘာ ၁၇

စစ်ကောင်စီ ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၏ မြို့တော် စစ်တွေမြို့တွင် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများ ပိတ်ထားသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် မြို့ခံများမှာ ကျန်းမာရေးကိစ္စနှင့် ပတ်သက်၍ အခက်ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

စစ်တွေမြို့ရှိ အေးငြိမ်း၊ ဇီဝက၊ ထွန်း၊ သဒ္ဓါစသည့် ပုဂ္ဂလိက ဆေးရုံကြီးများအပါအဝင် အခြားကိုယ်ပိုင်ဆေးခန်းများမှာ လုံခြုံရေး၊ ဒေသမတည်ငြိမ်မှုများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားကြသည်ဟု သိရသည်။

ကုတင် ၅၀၀ ဆံ့ စစ်တွေပြည်သူ့ဆေးရုံကြီးတွင်လည်း ဆရာဝန် အလုံအလောက်မရှိတော့ဘဲ သူနာပြု အချို့ ဖြင့်သာ ဆေးကုသပေးနေ၍ အခက်ကြုံတွေ့နေကြရခြင်းဖြစ်သည်။

" အခုက ကျန်းမာရေးကိစ္စနဲ့ ပတ်သက်လို့ အများကြီး ခက်ခဲတယ်။ ဆေးရုံ၊ ဆေးခန်းတွေလည်း မရှိတော့ဘူး။ ဆေးရုံကြီးမှာလည်း ဆရာဝန် အနည်းငယ်နဲ့ သူနာပြုတွေရှိကြတယ်။ အထူးကုတွေ မရှိကြတော့ဘူး။ ဆိုတော့ အရေးပေါ်ဖြစ်ရင် အသက်သေဆုံးဖို့ပဲ ရှိပါတယ် " ဟု စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းအပြင် စစ်တွေမြို့တွင် ဆေးဝါးရှားပါးလာမှုနှင့် ကြုံတွေ့နေရပြီး နာတာရှည်ရောဂါသည်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် လိုအပ်သည့်ဆေးဝါးများမှာ ရှာမရဖြစ်နေကြောင်း ပြောဆိုကြသည်။

နောက်ထပ် စစ်တွေမြို့ခံ အမျိုးသမီးတစ်ဦးက " သူ့မှာ သွေးတိုးလည်းရှိသလို နှလုံးရောဂါလည်း ရှိတယ်။ ပုံမှန်ဆိုရင် ဇီဝက(ဆေးရုံ)ဆေးခန်းမှာ ပြနေတာ။ ပထမတစ် ခေါက်ဖြစ်တုန်းက ဆေးရုံကြီးကို သွားပြခဲ့တယ်။ သူသောက်နေကျ ဆေးမရခဲ့ဘူး။ ကြားထဲမှာ ၁ လလောက် ဆေးပြတ်သွားပြီး အရင် သီတင်းပတ်က အသက်ရှုကျပ် ရောဂါပေါပြီးတော့ သေဆုံးသွားခဲ့ရတယ် " ဟု ပြောသည်။

စစ်တွေမြို့ပေါ်ရပ်ကွက်များ ဖြစ်ကြသော စက်ရုံစု၊ ဓညဝတီ၊ ရွာသာယာ၊ ကုန်တန်း အပါအဝင် ဘုန်းတော်ကြီးကျောင်း အသီးသီး၌ ပြောင်းရွှေ့နေထိုင်သူများမှာ ဝင်ငွေမရှိ၍ နေမကောင်း ဖြစ်လာပါက ဆေးရုံ၊ ဆေးခန်း မသွားနိုင်သည့်အပြင် ဆေးဝယ် မသောက်နိုင်သူများလည်း ရှိသည်ဟု ဆိုသည်။

" ဝင်ငွေမရှိတော့ အကုန်လုံးက ခက်ခဲတယ်။ နည်းနည်းပါးပါးဆိုရင် ဆေးဝယ်မသောက်ပဲ ထားလိုက်တယ်။ နေမကောင်းတာ အများကြီးဖြစ်လာမှပဲ ဆေးဝယ်ပြီး သောက်လိုက်တာပေါ့နော် " ဟု ကုန်တန်းရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်မြောက်ပိုင်းရှိ မြို့များကို အာရက္ခတပ်တော်က သိမ်းပိုက်ပြီးနောက် စစ်တွေမြို့တွင်လည်း တိုက်ပွဲဖြစ် လာမည်ကို စိုးရိမ်၍ မြို့ခံအများစုမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည်။ သို့သော်လည်း မြို့ခံအနည်းစုမှာ လမ်းပန်းဆက်သွယ်ရေး၊ ငွေကြေးနှင့် အခြားအခက်အခဲ အမျိုးမျိုးကြောင့် မြို့တွင်းရှိနေသေးကြောင်း သိရသည်။