ကိုဗစ်မျိုးကွဲသစ်များနှင့် ကာကွယ်ဆေးနပန်းလုံးပွဲ

COVID-19 သည် SARS-CoV-2 ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး လူမှ လူချင်းကူးစက်စေခြင်းဖြစ်သည်။ ဗိုင်းရပ်စ်ပိုး သယ်ဆောင်လာသူတစ်ဦးသည် အခြားသူတစ်ဦးနှင့် အနီးကပ်ထိတွေ့နေရချိန်တွင် နီးကပ်စွာ နေသူများ အကြား ပျံ့နှံ့သွားခြင်းဖြစ်သည်။

By အောငျလငျးဟိနျး (SKY) 08 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၈
(ဆောင်းပါး)

လွန်ခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ တရုတ်နိုင်ငံဝူဟမ်မြို့က စတင်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါသည် ယခုအခါ ကမ္ဘာ့နိုင်ငံအနှံ့အပြားကို ရောက်ရှိခဲ့ပြီးဖြစ်သည်။ ထိုထက်တိတိကျကျဆိုရလျှင် တရုတ်နိုင်ငံ ဟူဘိုင်းပြည်နယ် ဝူဟမ်မြို့မှာ တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ထူးခြားသော အဆုတ်ရောင်ရောဂါသစ်တစ်မျိုးကို စတင်သတိပြုမိခဲ့ကြခြင်းဖြစ်သည်။ ၂၀၁၉ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ဟူဘိုင်းပြည်နယ် ဆေးရုံရှိ အသက်ရှူလမ်းကြောင်း ဌာန၏အကြီးအကဲ၊ ဒေါက်တာ ဇန်ဂျစ်ရှန်က ကြုံတွေ့နေရသည့် ရောဂါလက္ခဏာများ နောက်ကွယ်တွင် ကော်ရိုနာဗိုင်းရပ်စ် အမျိုးအစားအသစ်တစ်မျိုးရှိသည်ဟု သူယုံကြည်ကြောင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အုပ်စုဝင်ရောဂါမျိုးဖြစ်ကြောင်း အာဏာပိုင်များကို သတင်းပို့ခဲ့သည် ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၂၀ ခုနှစ် မတ်လကုန်ပိုင်းမှသာ ကပ်ရောဂါဖြစ်ကြောင်း ကြေငြာခဲ့ခြင်းဖြစ်သည်။

COVID-19 သည် SARS-CoV-2 ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး လူမှ လူချင်းကူးစက်စေခြင်းဖြစ်သည်။ ဗိုင်းရပ်စ်ပိုး သယ်ဆောင်လာသူတစ်ဦးသည် အခြားသူတစ်ဦးနှင့် အနီးကပ်ထိတွေ့နေရချိန်တွင် နီးကပ်စွာ နေသူများ အကြား ပျံ့နှံ့သွားခြင်းဖြစ်သည်။ ကူးစက်ခံရသူ တစ်ဦးချင်းစီ နှာချေမှု၊ ချောင်းဆိုးခြင်း၊ စကားပြောဆိုခြင်းနှင့် လေရှူလေထုတ်လွှတ်သောအခါ ဗိုင်းရပ်စ်ပိုးပျံ့နှံ့သွားစေခဲ့ခြင်းဖြစ်သည်။ ကမ္ဘာပေါ်ရှိ သက်ရှိလူဦးရေ သန်းပေါင်း (၃၀၀) ကျော်ကို ကူးစက်နိုင်အောင်ထိ ကိုဗစ်ဗိုင်းရပ်စ်ပိုးများက မျက်လှည့်ပြသလို လုပ်ပြခဲ့သည်။ Our World in Data အဖွဲ့၏ စစ်တမ်းများအရ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့အထိ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်သူပေါင်း ၃၃၄,၁၀၁,၆၀၇ ဖြစ်ခဲ့ပြီး ၅၅၄,၇၈၆ ယောက် သေဆုံးမှုရှိခဲ့ကြောင်းထုတ်ပြန်ထားခဲ့သည်။

ကမ္ဘာ့တိုက်ကြီး ခုနှစ်တိုက်စလုံး ကိုဗစ်ဗိုင်းရပ်စ်ပိုးများပြင်းထန်ခဲ့သည့် အနေအထားတွင် ကမ္ဘာပေါ်မှာ ကိုဗစ်ပိုးလုံးဝကင်းစင်သည့်နေရာများ ရှိနေသလားလေ့လာကြည့်ဖြစ်သည်။ လူသူအရောက်အကူးနည်းသည့် ကျွန်းစုငယ်လေးများးကိုကော လူမှလူသို့တဆင့်ကူးစက်တတ်သည့် ကိုရိုနာရောဂါပိုးကူးစက်မှုများရှိသလားဟု သိချင်မိသည်။ မကြာသေးခင်က မြေအောက်မီးတောင်ပေါက်ကွဲမှုတွေကြောင့် ဆူနာမီလိူင်းထန်ခဲ့တဲ့ တွန်ဂါကျွန်းအကြောင်း သတင်းတွေမှာ ကြားမိလိုက်ကြမှာပါ။ အဲသည် တွန်ဂါကျွန်းနဲ့ အတော်လေးနီးစပ်သည့် မိုက်ခရိုနီးယားဖယ်ဒရယ် ပြည်နယ်ကျွန်းနိုင်ငံတို့ဆိုရင် ဒီစာကိုရေးသားနေတဲ့အထိ ကိုဗစ်ကူးစက်ခံရသူ စံချိန်တင် တစ်ဦးစီ အသီးသီးရှိခဲ့ပြီး သေဆုံးတာမျိုးတော့ မဖြစ်ခဲ့ပါဘူး။

ထို့နည်းတူစွာ ကုခ်ကျွန်းစုများနိုင်ငံ ကီရီဘာတီနိုင်ငံတွေဆိုရင်လည်းပဲ ကိုဗစ်ကပ်ဘေးစတင်ချိန်ကပင် ဖြစ်ပွါးကူးစက်သူ နှစ်ယောက်အထိ အသီးသီးရှိခဲ့သလို ဆာမိုအာကျွန်းစုထဲမှာ ကိုဗစ်ကူးစက်သူ သုံးယောက်အထိ ရှိခဲ့ကြောင်းသိရသည်။ ကျွန်တော်တို့ကမ္ဘာက သတိမထားခဲ့တဲ့ ကျွန်းစုနိုင်ငံလေးနောက်တစ်ခုဖြစ်တဲ့ ဗန်နျူတု နိုင်ငံဆိုရင် ကိုဗစ်ကူးစက်သူ ခုနှစ်ဦးထိရှိခဲ့ပြီး သေဆုံးသူတစ်ဦးတောင်ရှိခဲ့ပါသည်။ သို့ဖြစ်ရာ ကမ္ဘာပေါ်မှာကိုဗစ်-၁၉ ရောဂါမရှိသည့် နိုင်ငံမရှိသလောက်ဖြစ်သွားပြီ။

ကိုဗစ်ဗိုင်းရပ်စ်ပိုးများ၏ ပုံတူမျိုးပွါးပျံ့နှံ့များသည် တစ်နှစ်နှင့်တစ်နှင့်မတူညီဘဲ တဖြည်းဖြည်း အသွင်ပြောင်းလာသည်။ ယမန်နှစ် တစ်နှစ်လုံး ဒဲလ်တာဗိုင်းရပ်စ်ပိုးများ အသွင်ပြောင်းကာ ကိုဗစ်တတိယလှိုင်းလုံးကို ကမ္ဘာ့နေရာအနှံ့အပြားသို့ ရိုက်ခေတ်စေခဲ့သည်။ ထိုသို့ရိုက်ခတ်မှုများတွင် ကျွန်တော်တို့ဒေသလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဒဲလ်တာမျိုးစိတ်ရောဂါပိုးကြောင့် တတိယလှိုင်းမှာ အိန္ဒိယ၊ ဘရာဇီလ်း၊ မြန်မာ၊ အင်ဒိုနီးရှားတို့ အလူးအလိမ့်ခံခဲ့ရသည်။ မိမိကိုယ်တိုင်တောင် ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီး နောက်တစ်ကြိမ်ကိုစောင့်နေယင်း ကိုဗစ်ပိုးကူးစက်ခံလိုက်ရသည်။ နောက်ဆက်တွဲတွဲက ညအိပ်မပျော်ဖြစ်ခဲ့ရပြီး ခန္စာကိုယ်အားအင်လျော့နည်းကာ စိတ်ပိုင်းဆိုင်ရာနလန်ထဖို့ အချိန်ယူခဲ့ရသည်။ တတိယလှိုင်းလုံး ရိုက်ခေတ်မှုကြောင့် ငယ်သူငယ်ချင်း၊ မိတ်ဆွေအသိုင်းအဝိုင်းတစ်ချို့ကိုလည်း ဆုံးရှုံးလိုက်ရသည်၊၊ မြန်မာနိုင်ငံထဲက အနုပညာရှင်အချို့နှင့် နယ်ပယ်တစ်ချို့က ထင်ရှားကျော်ကြားသည့် ပညာရှင်တစ်ချို့လည်းကိုဗစ် တတိယလှိုင်းထဲတွင် အသက်ပေးလိုက်ရသည်။

မိမိတို့ဒေသတွင်းမှာ ထိုကြားထဲ တိုက်ပွဲများရပ်နေခဲ့လို့သာ တော်ကာကျသည်။ နို့မို့ဆိုမလွယ်။ ရခိုင်ဒေသတွင်း မြောက်ဦး၊ မောင်တော၊ ဂွ၊ သံတွဲ၊ စစ်တွေတို့ အလူးအလိမ့်ခံခဲ့ရသည်။ ယခု စာရေးနေသည့်နေ့ထိ ရခိုင်တစ်ပြည်လုံးမှာ ကိုဗစ်ပိုးကြောင့်သေဆုံးသူပေါင်း (၅၀၁) ဦးရှိခဲ့ပြီး ပိုးစစ်ဆေးလို့ တွေ့ရှိသည့် ကူးစက်ခံရသူပေါင်း (၅၂၅၀) အထိရှိခဲ့ကြောင်းသိရသည်။ ရခိုင်ဒေသတွင်း စစ်တွေမြို့တွင် သေဆုံးသူစုစုပေါင်း (၇၄) ဦးဖြင့် အများဆုံးရှိခဲ့ပြီး တောင်ကုတ်မြို့နှင့် ကျောက်ဖြူမြိုက (၆၅) ဦးနှင့် (၆၃) ဦးအသီးသီးရှိခဲ့ကာ မြေပုံမြို့တွင် လူ(၇) ဦးဖြင့်သာသေဆုံးသူအနည်းဆုံးရှိခဲ့သည်။ သို့ရာတွင် ဂွမြို့နယ်သည် ကူးစက်ခံရသည့် ပိုးတွေ့လူနာအများဆုံး မြို့နယ်ဖြစ်ခဲ့ကာ (၁၁၄၀) ဦးရှိခဲ့သော်လည်း သေဆုံးသူစာရင်းမှာ အများဆုံးဖြစ်သော မြို့သုံးမြို့ထက် ထစ်ဝက်ကျော်ခန့် နည်းပါးသည့် ပမာဏဖြစ်သော (၃၇)ဦးသာရှိခဲ့ခြင်းဖြစ်သည်။

ဆောင်းဦးဝင်စငြိမ်သက်ခဲ့သမျှ အခုဆောင်းနှောင်းခါနီး ကိုဗစ်ပိုးများပြန်လည်ခေါင်းထောင်လာပြန်သည်။ ယခုတစ်ခါ ကိုဗစ်ဗိုင်းရပ်စ်ပိုးများကား ဒဲလ်တာမျိုးစိတ်မဟုတ်ပြန်တော့။ ဗိုင်းရပ်စ်မျိုးကွဲအသစ်ကို အိုမီခရွင်လို့နာမည်ပေးထားသည်။ ကူးစက်မြန်နုန်းမြင့်မားပြင်းထန်လွန်သော အိုမီခရွင်မျိုးစိပ်ကိုတော့ တောင်အာဖရိကနိုင်ငံ ဘော့စ်ဝါနာနိုင်ငံမှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် စတင်တွေ့ရှိခဲ့ပြီး ဤမျိုးစိပ်သစ်မှာ တစ်ကမ္ဘာလုံးကိုမင်းမူခဲ့သော ယခင်ဒလ်တာဗိုင်းရပ်စ်မျိုး၏ ဝမ်းကွဲညီအစ်ကို ဆိုလျှင်လည်းမမှားပေ။ ယခုအခါ နိုင်ငံပေါင်း ၇၀ ကျော်တွင် ရှိနေပါသည်။ ကမ္ဘာလိူင်းလုံးသစ်ကို ဖြစ်ပေါ်စေဖို့ လမ်းကြောင်းပေါ်မှာ ရှိနေပြီဖြစ်သည်။

ကူးစက်မြန်ပြင်းထန်လှသော အိုမီခရွင်မျိုးကွဲဗိုင်းရပ်စ်များသည် ကမ္ဘာ့ကူးစက်ရောဂါများ၏ တစ်ဝက်ခန့်ကို နေရာယူထားလိုက်ပြီဖြစ်သည်။ သို့သော်အိုမီခရွင်ဆိုသည်မှာ SARS-CoV-2 coronavirus ဗိုင်းရပ်စ်နှင့် ဆက်စပ်နေသည့် မျိုးရိုးများစွာအားလွှမ်းခြုံခေါ်ဝေါ်ခြင်းဖြစ်ပြီး လူသိများသော ဘီအေ-၁ BA.1 မျိုးကွဲတစ်မျိုးပင်ဖြစ်သည်။ ယခုအခါ အထူးသဖြင့် အာရှတိုက်နှင့် ဥရောပတိုက်အတွင်း ကိုရိုနာကိုဗစ်ရောဂါ ကူးစက်နုန်းမြင့်မားလျှက်ရှိပြီး ဘီအေ-၂ BA.2 ဟုခေါ်သော နောက်ထပ်မျိုးစိပ်သစ်တစ်ခု၏ မောင်းနှင်အားဖြစ်ကြောင်း အစီရင်ခံစာများအရသိရသည်။ BA.2 သည် ယခင် ကွဲပြားမှုများထက်ပို၍ ကူးစက်နှုန်းမြန်နိုင်ပုံပေါ်သော်လည်း၊ ၎င်းသည် ပိုမိုပြင်းထန်သည်ဟု အကြံပြုရန် တိကျသော အချက်အလက်များ မရှိသေးချေ။ သို့ဖြစ်ရာ ယခုအသစ်ပေါ်ထွက်လာသည့် မျိုးကွဲသစ်သည် ဘယ်လောက်များ စိုးရိမ်ဖို့ကောင်းသလဲ ဆိုသည်ကို မေးစရာဖြစ်လာသည်။ သို့ရာတွင် ရခိုင်ဒေသအတွင်း အိုမီခရွင်ပိုးလုံးဝမတွေ့ရသေးကြောင်း ဆိုထားသည်။

လတ်တလောတွင် နာစီး၊ ချောင်းဆိုး၊ အအေးမိသူများပတ်ဝန်းကျင်တွင် တွေ့နေရကြောင်းလည်း သိရသည်။ ကိုဗစ်တတိယလှိုင်းထန်ခါက ပြင်းထန်ခဲ့သော ဒလ်တာပိုးနှင့် မတူကွဲပြားသည့် ရောဂါလက္ခဏာတချို့ကိုလည်း တွေ့ရသည်။ အနံ့မပျောက်ခြင်းနှင့် ကမ္ဘာတစ်ဝှမ်းက အိုမီခရွင်ပိုးတွေ့ကူးစက်သူမျာသည် ဆေးရုံတက်ကုသခံယူမှု နည်းပါးအောင်ထိ ပြင်းထန်မှုနှေးကွေးသည်ဟု ဆိုထားသည်။ သို့ရာတွင် ကိုဗစ်ရောဂါသည် အထင်သေးလို့မရကြောင်း ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားသည့်တိုင် ပြန်လည်တွေ့ရှိမှုများက သက်သေပြနေသည်။ ထို့ကြောင့် အမေရိကန်အပါအဝင် အနောက်နိုင်ငံတချို့တွင် ဘိုစတာဟုခေါ်သော တတိယလုံးမြောက် ကိုဗစ်ကာကွယ်ဆေးကိုထိုးဖို့ အသည်းအသန်တိုက်တွန်းနေကြသည်။ မိမိတို့ဆီမှာတော့ ကာကွယ်ဆေး လုံးဝမထိုးရသေးသည့် လူများရှိနေသေးသည်။ ကာကွယ်ဆေးထိုးထားသည့်သူများလည်း မပေါ့ဖို့လိုသည်။ ကမ္ဘာကြီးမှာ ခေတ်အဆက်ဆက်ကပင် ကာကွယ်ဆေးကန့်ကွက်သည့်သူများ အစဉ်အဆက်ရှိလာခဲ့ခြင်းဖြစ်သည်။ တကယ်တော့ကမ္ဘာကြီးအတွင်း (ကာကွယ်ဆေးဆန့်ကျင်ရေး) ဗက်စ်ဆန့်ကျင်ရေးလှုပ်ရှားမှုက ပေါ်ထွန်းခဲ့ပြီး ဝက်သက်ရောဂါနှင့် ပိုလီယိုကဲ့သို့သော ကာကွယ်ဆေးထိုးခြင်းမှ တိုက်ဖျက်ဆန့်ကျင်ရေးများကြီးစိုးမှုကြောင်း တိုက်ဖျက်ထားခဲ့သော ထို ရောဂါများစွာကို ပြန်လည်ဖြစ်ပေါ်စေခဲ့သည့် သာဓကများရှိခဲ့သည်။

နိုင်ငံကြီးများတွင် အခုအချိန်ထိ ကာကွယ်ဆေးကို ဆန့်ကျင်သည့်လုပ်ရှားမှုများရှိနေဆဲဖြစ်ပြီး တလောက ကမ္ဘာ့တင်းနစ်အကျော်အမော် ဆားဘီးယားနိုင်ငံသား ဂျိုးကိုဗစ် တစ်ယေက် နာမည်ကြီးဩစတြေးလျ အိုးပန်းတင်းနစ်ပြိုင်ပွဲအတွက် ကာကွယ်ဆေးမထိုးထားခြင်းကြောင့် ပြည်ဝင်ခွင့်မရခဲ့ဘဲ နယ်နှင်ခြင်းခံခဲ့ရသည်။ စိတ်ဝင်စားစရာကောင်းသည်က တိုက်တိုက်ဆိုင်ဆိုင် သူ့နာမည်က ဂျိုးကိုဗစ် ဖြစ်နေသည်။ နောက်ထပ် ကမ္ဘာ့နိုင်ငံအချို့မှာ ကိုဗစ်နှင့်ပက်သက်သည့်ဖြစ်စဉ်တစ်ချို့ စိတ်ဝင်စားစရာတွေ့နေရသည်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ဝန်ကြီးအိမ်ရာ ကမ္ဘာကျော် ဒေါင်းနင်းလမ်း နေအိမ်မှာ လေဒ့်ဒေါင်းပါတီ တစ်ခုကို ကျင်းပခဲ့ခြင်းကြောင်း ဝေဖန်ခံနေရသည်။ အထူးသဖြင့် ထုံးစံအတိုင်း အတိုက်အခံ ကင်ဆင်ဘေးတစ် ပါတီဝင်များနှင့် နိုင်ငံပိုင်မီဒီယာများစွာက ဝေဖန်နေကြသည်။

ထူးခြားသည်က အသက်ခုနှစ် နှစ်အရွယ်ကလေးငယ် မိန်းကလေးငယ်တစ်ယောက်က ပြီးခဲ့သည့် နှစ်နှစ်တာကာလအတွင်း မွေးနေ့ပါတီ လုံးဝမကျင်းဖြစ်ခဲ့သည့် သူမကိုစာနာသင့်ကြောင်း ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကို ပညာသားပါပါ စာတစ်စောင်ပေးပို့လိုက်ခြင်းဖြစ်သည်။ သူမရေးသည့်စာထဲတွင် ဝန်ကြီးချုပ်ကို နောက်ထပ်ပညာပေးထားသည့် စာကြောင်းလေးကိုသဘောကျမိသည်။ ‘Next time follow the rules’ ဆိုသည့် ‘နောက်တစ်ခါတော့ စည်းကမ်းကိုလိုက်နာပါ ဝန်ကြီးချုပ်ရှင့်’ ဆိုသည့်စာသားလေးပင်ဖြစ်သည်။ သူတို့လိုနိုင်ငံကြီးများမှာလည်း ရွှေသမင်တာထွက်ပုံကအတူတူပါလားလို့ တွေးဖြစ်မိသည်။ တစ်ခါ ပေါ်တီဂီနိုင်ငံတွင် သီးသန့်စောင့်ကြည့်ခံနေရသူများအား ရွေးကောက်ပွဲကို ကိုယ်တိုင်ကိုယ်ကျမဲရုံများသို့သွားကာ မဲထည့်ခိုင်းသည့်ဖြစ်စဉ်သည်ထူးခြားနေသည်။

ဂရိနိုင်ငံမှာတော့ ကိုဗစ်ကာကွယ်ဆေးမထိုးထားတဲ့ အသက် (၆၀) ကျော် အသက်အရွယ်တွေကို တော့ ဒဏ်ကြေးငွေပြစ်ဒဏ်ချဖို့လုပ်ဆောင်တော့မှာပါ။ နေ့စဉ် ကိုဗစ်ကူးစက်မှုတွေ တစ်ဟုန်ထိုးစံချိန်တင်မြင့်တက်နေတဲ့ ချက်နိုင်ငံမှာ အစိုးရအနေနဲ့ ကိုဗစ်ကာကွယ်ဆေးမထိုးမနေရတဲ့ အသက်ခြောက်ဆယ်ကျော်တွေနဲ့ အရေးပါတဲ့ ပရိုဖက်ချန်နလ်ပညာရှင်တွေ ကိုချမှတ်ထားတဲ့ကိုဗစ်ကာကွယ် ဆေးထိုးခြင်းဆိုင်ရာ ဥပဒေတစ်ရပ်ကိုပြန်လည်ဖျက်သိမ်းပေးခဲ့သည်။ ဩစတြီးယား ၊ ဆလိုဗေးနီးယား နှင့် ခရိုအေးရှား တို့ က လည်း နေ့စဉ် ကူးစက် မှု အသစ်တွေ စံချိန်တင်ခဲ့ပြီး ၊ ကိုဗစ်ပထမလှိုင်းကို အလူးအလိမ့်ခံခဲ့ရသော အီတလီနိုင်ငံမှာတော့ကိုဗစ်ရောဂါပိုး ဖြစ်ပွားမှုအသစ်နဲ့ သေဆုံးမှုတွေ ကျဆင်းလာခဲ့သည်။

ဇီးရိုးကိုဗစ်ပေါ်လစီကိုကျင့်သုံးနေသည့် တရုတ်နိုင်ငံသည် ကိုဗစ်အသစ် ကူးစက်မှုများအကြား ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို ကျင်းပနေခြင်းဖြစ်သည်။ မြို့တော်ဘေဂျင်းက အိုလံပစ်ဘာဘဲလ် ဟုအမည်ပေးထားသည့် နယ်နမိတ်အတွင်းကမ္ဘာ့နိုင်ငံအသီးသီးက အိုလံပစ်ပြိုင်ပွဲဝင်အားကစားသမားများ၊ ကျန်းမာရေးအရာရှိများ၊ စေတနာ့ဝန်ထမ်းများ၊ သယ်ယူထောက်ပို့တာဝန်ခံများ၊ အားကစားဆိုင်ရာအရာရှိများအား နယ်နမိတ် အပိုင်းခြားသတ်မှတ်ထားသည့်နေရာတွင် သီးသန့်နေရာဖန်တီးထားပြီး ဒေသခံများနှင့်ရောယှက် ထိတွေ့မှုမရှိစေဘဲ ၂၁ ရက်ကြာပြိုင်ပွဲအပြီး မြို့အပြင်ဖက်ကိုတောင်ဝင်ခွင့်မပေးထားဘဲ နေအိမ်ပြန်ရသည့်စနစ်ဖြစ်သည်။ မဟာညာဏ်ကြီးရှင်တရုတ်အာဏာပိုင်များ၏ အစီအစဉ်ကားထူးခြားပိရိလှပါသည်။ သို့သော် ပရိတ်သတ်မပါဘဲ ကျင်းပသည့် အဆိုပါဆောင်းရာသီအိုလံပစ်ကို နိုင်ငံရေးကို ဘေးဖယ်ကာ ကမ္ဘာ့အင်အားကြီးနိုင်ငံများမှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်လျှက်ရှိနေပါသည်။

တကယ်တော့ ကိုဗစ် ၁၉ ရောဂါများကို မကူးစက်အောင်ရှောင်ရှားဖို့ နည်းလမ်းများစွာကို သိရှိကြပြီးဖြစ်နေကြလိမ့်မည်။ အရေးကြီးဆုံးက ကာကွယ်ဆေးထိုးထားရန် လိုအပ်နေပြီး ကမ္ဘာကြီး၏ပြသနာတစ်ခုက ကာကွယ်ဆေးမထိုးဘဲ တစွပ်ထိုးငြင်းဆန်နေသူများနေပြီး မိမိတို့ဒေသတွင်းပြသနာက ကာကွယ်ဆေးမလောက်ငှခြင်းပင်ဖြစ်သည်။
ကမ္ဘာကြီးမှာ ဗိုင်းရပ်စ်ပိုးကို ခုခံကာကွယ်ရန် ဆန္ဒမရှိသူများစွာနှင့် ၎င်းကိုဆန့်ကျင်သည့် ကာကွယ်ဆေးထိုးရန်နှင့် ဆေးဝါးကုသရန် မတတ်နိုင်သော သူတို့ လမ်းဆုံးဖို့မဖြစ်နိုင်သလို ကိုဗစ်ကူးစက်ပျံ့နှံ့မှုများကလည်း အဆုံးသတ်ရန်မဖြစ်နိုင်သေးချေ။

အောင်လင်းဟိန်း SKY ရေးသားသည်။

ဗီဒီယိုများ