ဒီဇင်ဘာ ၃၁ နှင့် လလည်းကွယ်၊ ပြည်လည်းဆုံး
နောက်တချက်က ဒီဇင်ဘာ ၃၁ အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပရတာဟာ ရခိုင်လူငယ်တွေအနေနဲ့ နှစ်သစ်ကူးနေ့ရက်မှာ သောက်စားမူးယစ်ပျော်ပါးနေကြတာထက် ကိုယ့်ထီးနန်းကျဆုံးတဲ့နေ့တစ်နေ့ ဖြစ်တယ်ဆိုတာကို သတိချပ်စေချင်တဲ့ရည်ရွယ်ချက်ကြောင့်လည်း ဖြစ်ပါတယ်။
31 Dec 2021
DMG ၊ ဒီဇင်ဘာ ၃၁
(ဆောင်းပါး)
ရခိုင့်အချုပ်အခြာအာဏာကျဆုံးခဲ့တာဟာ ဒီနေ့မှာဆိုရင် (၂၃၇)နှစ်ကို ရောက်လာခဲ့ပြီလည်းဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဒီဇင်ဘာ ၃၁ ရက်နေ့ဟာ တကယ့်အချုပ်အခြာအာဏာကျဆုံးတဲ့နေ့လို့ လက်မခံကြသူတွေလည်း ရှိနေတာကို တွေ့နေရပါတယ်။
သမိုင်းမှတ်တမ်းတချို့အရတော့ ၁၇၈၅ ဇန်နဝါရီ ၁ ရက်နေ့မှာ မဟာသမ္မတရာဇာမင်းဟာ မြောက်ဦးထီးနန်းကို စွန့်ခွာရှောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ခရစ်သက္ကရာဇ် ၁၇၈၅ ဇန်နဝါရီလ(၉)ရက်နေ့ ကောဇာသက္ကရာဇ် ၁၁၄၆ ပြာသိုလကွယ်နေ့မှာတော့ ယခုမြေပုံမြို့နယ်ထဲက ကျွန်းသာယာမှာ မဟာသမ္မတရာဇာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ကျနော်လည်း သမိုင်းဆရာတစ်ယောက်မဟုတ်တော့ သမိုင်းနဲ့ဆိုင်တဲ့ကိစ္စတွေကို အငြင်းမပွားလိုပါဘူး။ ဒါပေမဲ့လည်း ဒီနေရာမှာ ထောက်ပြဝေဖန်စရာလေးတွေရှိလာလို့ ထောက်ပြပါရစေ။
တိုင်းပြည်တစ်ပြည်မှာ တိုင်းပြည်ရဲ့ဦးသျှောင်ဖြစ်တဲ့ ရှင်ဘုရင်က ထီးနန်းကိုစွန်ခွါသွားခဲ့ပြီဆိုရင် အချုပ်အခြာအာဏာပိုင်စိုးမှု ရှိပါဦးမလား။ ဘုရင်ကိုမဖမ်းမိသရွှေ့ အချုပ်အချာအာဏာမကျဆုံးသေးဘူးလို့ လက်ခံလို့ရနိုင်ပါဦးမလား။
ဥပမာဆိုကြပါတော့ ၁၉၅၈ ခုနှစ်မှာ ကျူးဘားတော်လှန်ရေးသမား ဖီဒယ်ကက်စထရို ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်လာတဲ့အခါ သမ္မတဘစ်တစ္စတာဟာ မြို့တော်ကိုစွန့်ခွါပြီး အမေရိကကို ထွက်ပြေးခဲ့ပါတယ်။ ဒါဆိုရင် သူ့ကိုမဖမ်းမိသေးသရွှေ့ ဘစ်တစ္စတာအစိုးရမှာ အချုပ်အခြာအာဏာ ရှိသေးတယ်လို့ ယူဆလို့ရနိုင်ပါမလား။
လက်ရှိ ပွင့်လင်းလာတဲ့ခေတ်မှာ ကျင်းပနေကြတဲ့အထိမ်းအမှတ်ပွဲအများစုဟာ ၂၀၀၀ ကျော်ကာလများက ကျောင်းသားလူငယ်အုပ်စုတွေက စတင်ပြီးလုပ်ဆောင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ စစ်တွေ ဆန်ပြဿနာနေ့၊ ဆရာကြီး ဦးဦးသာထွန်းနေ့၊ ဆရာတော် ဦးဥတ္တမနေ့၊ ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ်နေ့များဟာဆိုရင် ကျောင်းလူငယ်တွေက ဦးဆောင်ဖော်ထုတ်ခဲ့တဲ့ နေ့ရက်တွေဖြစ်ပါတယ်။
ယင်းအချိန်က စစ်ထောက်လှမ်းရေး တန်ခိုးထွားချိန်ဖြစ်တာကြောင့် ပြည်တွင်းလှုပ်ရှားမှုတွေမှာ အလွန်ပဲ အန္တရာယ်များလှပါတယ်။ ဆရာတော်ဦးဥတ္တမရုပ်ပုံပါတဲ့ တီရှပ်ကိုဝတ်ဆင်လို့ ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်တွေ ရှိခဲ့ပါတယ်။ ဒီဇင်ဘာ ၃၁ ဆိုရင်လည်း အစိုးရအဆောက်အဦတွေနဲ့၊ လမ်းမတွေပေါ်မှာ မှုတ်ဆေးတွေနဲ့ စာရေးတာ၊ အများပြည်သူမြင်သာတဲ့နေရာတွေမှာ စာတွေလိုက်ကပ်တာမျိုးတွေကို သက်စွန့်ဆံဖျား ပြုလုပ်ခဲ့ကြရတာပါ။ ပြည်ပမှာရှိတဲ့ ကျောင်းသားအင်အားစုတွေကတော့ ဒီလိုအထိမ်းအမှတ်နေ့မျိုးတွေမှာ အခမ်းအနားတွေကျင်းပပြီး သံဃာတော်တွေကို ဆွမ်းကပ်တာမျိုးကို လုပ်ဆောင်ခဲ့ကြပါတယ်။
၂၀၁၀ နောက်ပိုင်း အနည်းငယ်ပွင့်လင်းလာတဲ့ခေတ်ရောက်မှ ပြည်ထဲမှာ ကျင်းပခွင့်ရလာခဲ့တာလည်း ဖြစ်ပါတယ်။ ယင်းမတိုင်ခင်အထိက ကျောင်းသားလူငယ်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့က ခိုးကြောင်ခိုးဝှက်ပုံစံမျိုးနဲ့ ပြည်တွင်းမှာ လှုပ်ရှားဆောင်ရွက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
နောက်တချက်က ဒီဇင်ဘာ ၃၁ အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပရတာဟာ ရခိုင်လူငယ်တွေအနေနဲ့ နှစ်သစ်ကူးနေ့ရက်မှာ သောက်စားမူးယစ်ပျော်ပါးနေကြတာထက် ကိုယ့်ထီးနန်းကျဆုံးတဲ့နေ့တစ်နေ့ ဖြစ်တယ်ဆိုတာကို သတိချပ်စေချင်တဲ့ရည်ရွယ်ချက်ကြောင့်လည်း ဖြစ်ပါတယ်။
လလည်းကွယ် ပြည်လည်းဆုံးဆိုတဲ့ကိစ္စကတော့ ၂၀၁၈ မတိုင်မီအထိ တိတ်ဆိတ်နေခဲ့တာဖြစ်ပြီး ရခိုင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဒေါက်တာအေးမောင်ရဲ့ မြောက်ဦးဟောပြောပွဲကြောင့် လူသိရှင်ကြား ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီခေါင်းစဉ်နဲ့ ဟောပြောမယ့်အစီအစဉ်လည်း အထမမြောက်ခဲ့ဘဲ ဒေသခံလူငယ်ခုနှစ်ဦးသာ အသက်စတေးခဲ့ရပြီး နောက်ထပ်ရှစ်ဦးမှာလည်း ဒဏ်ရာတွေနဲ့ ထောင်ဒဏ်ချမှတ်ခြင်းကို ခံခဲ့ရပါတယ်။
နောက်ပိုင်းမှာတော့ ဒီဇင်ဘာ ၃၁ နဲ့ပတ်သက်ပြီး လက်ခံသူတွေရှိသလို လလည်းကွယ်ပြည်လည်းဆုံးကို လက်ခံလာသူတွေလည်း ရှိနေပါတယ်။
သို့သော် မြန်မာပြက္ခဒိန်ဖြစ်ဖြစ် ရခိုင်ပြည်က္ခဒိန်ပဲဖြစ်ဖြစ် အားနည်းချက်တွေရှိနေတာကြောင့် ပြာသိုလကွယ်နေ့တိုင်းသည် မဟာသမ္မတာရာဇာမင်း ဖမ်းဆီးခံခဲ့ရသည့် ဇန်နဝါရီ ၉ ရက်နဲ့ တထပ်တည်း မကျနိုင်ပါဘူး။
ဆိုတော့ ၁၇၈၅ ဇန်နဝါရီ ၁ ရက်မှာ ထီးနန်းစွန့်ခွါခဲ့တာသာအမှန်ဆိုရင် ဇန်နဝါရီ ၁ ရက်နေ့ကို ပြောင်းလဲသတ်မှတ်ကြမှာလား။ လလည်းကွယ် ပြည်လည်းဆုံးကို လက်ခံထားသူတွေကတော့ ကျွန်ဖြစ်ခံရတာ နောက်ကျချင်ပုံတော့ရပါတယ်။ အနည်းဆုံးတော့ ကျွန်ဖြစ်တာကို ၁ နှစ်လောက် နောက်ဆုတ်ထားချင်ကြတာ ဖြစ်ပါလိမ့်မယ်။
သို့သော်လည်း နိုင်ငံရေး၊ တော်လှန်ရေးအသိုက်အဝန်းကတော့ ဒီဇင်ဘာ ၃၁ ရက်နေ့ကိုသာ ရခိုင့်အချုပ်အခြာအာဏာ ကျဆုံးတဲ့နေ့အဖြစ် သတ်မှတ်ပြုလုပ်နေကြတာကို တွေ့နေရပါတယ်။ တခြားစာပေယဉ်ကျေးမှုဆိုင်ရာအဖွဲ့တွေနဲ့ လူပုဂ္ဂိုလ်တချို့ကတော့ လလည်းကွယ် ပြည်လည်းဆုံးဆိုတဲ့ ပြာသိုလကွယ်နေ့ကိုသာ ရခိုင့်အချုပ်အခြာအာဏာ ကျဆုံးတဲ့နေ့အဖြစ် လက်ခံယုံကြည်နေကြဆဲဖြစ်ပါတယ်။
တချို့ကရှိပါသေးရဲ့ ကျဆုံးတာမဟုတ်ဘူး ကျရှုံးတာသာဖြစ်တယ်ဆိုပြီး ပြောဆိုကြတာတွေရှိပါသေးတယ်။ အမှန်တကယ်က ကျနော်တို့တွေကျဆုံးသွားတာဖြစ်ပါတယ်။ ဘာသာဗေဒဆရာတွေဆိုရင် ပိုပြီးသိကြပါလိမ့်မယ်။ စစ်ပွဲမှာရှုံးသွားတဲ့အတွက် အချုပ်အခြာအာဏာဟာ ကျဆုံးသွားရခြင်းသာဖြစ်ပါတယ်။
အဲဒီမှာလည်း ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံး/ရှုံးနေ့လို့ သုံးတဲ့သူတွေရှိသလို ရခိုင့်အချုပ်အခြာအာဏာကျဆုံးနေ့လို့ သုံးနှုန်းကြတာလည်းရှိပါတယ်။ ရခိုင့်တော်လှန်ရေး အသိုက်အဝန်းမှာတော့ ရခိုင့်အချုပ်အခြာအာဏာကျဆုံးနေ့လို့ သုံးတာကိုသာတွေ့ရပါတယ်။ ဘာကြောင့် အဲဒီစကားလုံးကို သုံးရလဲဆိုတဲ့ရည်ရွယ်ချက်လည်း ရှိပြီးသားဖြစ်ပါတယ်။
အချုပ်အခြာအာဏာသည် ပြည်သူဆီက ဆင်းသက်သည်ဆိုတဲ့ နိုင်ငံရေးသိပ္ပံစကားလုံးနဲ့အညီ ရခိုင်တွေရဲ့ကျဆုံးသွားတဲ့ အချုပ်အခြာအာဏာကို ပြန်ရလိုချင်တဲ့အတွက် သုံးနှုန်းကြတာလည်းဖြစ်ပါတယ်။
တိုင်းပြည်တစ်ခုရဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုဆိုတာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်အနေနဲ့ တိုင်းပြည်ရဲ့နယ်နိမိတ်အားလုံးကို အပြည့်အဝကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်စွမ်း ရှိတာကို ဆိုလိုခြင်းသာဖြစ်ပါတယ်။
အပြည့်အဝမကာကွယ်ပေးနိုင်ရုံမက ထီးနန်းကိုပါစွန်ခွာသွားခဲ့တဲ့ အချိန်မှာတောင် အချုပ်အခြာအာဏာ မကျဆုံးသေးဘူးဆိုတာကို ဘယ်လိုများ လက်ခံယုံကြည်ကြမှာလဲ။
ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်းဖွယ်အထိမ်းအမှတ်ကို ပြုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်က ဘာလဲ။ ကျဆုံးသွားတဲ့ နိုင်ငံတော်အတွက် နှမြောတသတဲ့အနေနဲ့ လုပ်တာသာဖြစ်တဲ့အတွက် ဘယ်နေ့ဘယ်ရက်သာအမှန်လို့ အငြင်းပွားနေကြမဲ့အစား လွန်ခဲ့တဲ့ ၂၃၇ နှစ်က တိုင်းပြည်အတွက် အသက်ပေးကာကွယ်ပေးခဲ့သူများကိုရည်စူးပြီး အလှူအတန်းတွေကိုသာ တတ်နိုင်သလောက် လုပ်ပေးကြတာကသာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
ဆိုတော့ ၁၇၈၄ ဒီဇင်ဘာ ၃၁ မှာပဲကျကျ၊ ၁၇၈၅ ဇန်နဝါရီ ၉ ရက်မှာပဲကျကျ ရခိုင်တို့ရဲအချုပ်အခြာအာဏာ ကျဆုံးသွားတာဟာ ဒီနေ့ဆိုရင် ၂၃၇ နှစ် ရှိသွားပြီလည်းဖြစ်ပါတယ်။ ဒီဇင်ဘာ ၃၁ သမားတွေနဲ့ လလည်းကွယ်ပြည်လည်းဆုံး သမားတွေအနေနဲ့လည်း အငြင်းပွားမနေကြဘဲ အများပြည်သူလက်ခံထားတဲ့ နေ့ရက်ကိုသာ လက်ခံယုံကြည်ပေးကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။
ရမ္မာကျော်စော ရေးသားသည်။