ကိုလိုနီအဆိပ်သင့်နေတဲ့ မြန်မာ့ဒီမိုကရေစီ

ကိုလိုနီစနစ်ကို စတင်ခဲ့တဲ့ နိုင်ငံတွေဆုတ်ခွာ သွားခဲ့ကြပေမယ့် ကိုလိုနီစနစ်ဟာ ကိုလိုနီပြုကျင့်ခံခဲ့ကြတဲ့ နိုင်ငံတွေမှာ အမြစ်တွယ်ကျန်ရစ် ကျင့်သုံးနေကြဆဲ ဖြစ်တယ်လို့ဆိုရပါမယ်။ နိုင်ငံအတွင်း နိုင်ငံသား အချင်းချင်း မျိုးနွယ်စုတွေကြား ခွဲခြားထားတာ၊ ပညာရေး၊ ကျန်းမာရေးတွေ ကန့်သတ်ထားတာ စီးပွားရေးကို ချိုးနှိမ်ထားတာ၊ အစိုးရ အဆက်ဆက် ကိုလိုနီဥပဒေတွေကို ဆက်လက် ဆုတ်ကိုင် ကျင့်သုံးထားကြတာ အပါအဝင် လူမျိုးစုတွေကို နိုင်ငံရေးတန်းတူ အခွင့်အရေးမပေးတာ၊ လူနည်းစုတွေရဲ့ယဉ်ကျေးမှု၊ ဓလေ့တွေကို နိုင်ငံရေးအရ အသိအမှတ်ပြုဖို့ ငြင်းဆန်ထားကြတာတွေ အားလုံးဟာ ကိုလိုနီအမွေတွေကို နိုင်ငံတွေမှာ လက်ခံကျန်ရစ် ကျင့်သုံးနေကြဆဲ ဖြစ်တာကိုတွေ့ရပါတယ်။

By မင်းထီး 27 Dec 2020



မင်းထီး | DMG

ကွန်ဖျူးရှပ်ရဲ့ သီအိုရီအဆိုအမိန့် တစ်ခုရှိပါတယ်။ “ကောင်းမွန်သောအမူအကျင့်များ တိုင်းပြည်အနှံ့ပျံ့နှံ့ လွှမ်းမိုးနေသည့်အခါ ရဲရဲဝံ့ဝံ့ ပြောဆိုပြီး ရဲရဲဝံ့ဝံ့ လုပ်ကိုင်ပါ။ အဆိုပါအမူအကျင့်များ ပျောက်ဆုံးပျက်စီးနေသည့် အခါ ရဲရဲဝံ့ဝံ့ လုပ်ကိုင်ပြီး နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ ပြောဆိုပါ” လို့ ကွန်းဖျူးရှပ်ကဆိုပါတယ်။

နိုင်ငံတစ်ခုရဲ့ ကောင်းမွန်တဲ့ အမူအကျင့်ဆိုတာ နိုင်ငံမှာ ကျင့်သုံးအုပ်ချုပ်တဲ့ နိုင်ငံရေးအုပ်ချုပ်ပုံစနစ်နဲ့ အစိုးရ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံကို လေ့လာတဲ့အခါမှာ အဲဒီနိုင်ငံကို ဘယ်လိုနိုင်ငံရေးစနစ်နဲ့ အုပ်ချုပ်သလဲဆိုတာကို ယေဘုယျအားဖြင့်ကြည့်တတ်ကြတယ်။ လက်ရှိကမ္ဘာမှာ နိုင်ငံအများစုက ဒီမိုကရေစီစနစ်ကို ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်တစ်ခုအဖြစ် ရှု့မြင်လာကြပြီး ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းမှာ ပြောင်းလဲကျင့်သုံးလာခဲ့ကြတာကို တွေ့ရပြီး လူမျိုးစုတွေနဲ့ နယ်မြေဒေသတွေရဲ့ ကြင်အင်လက္ခဏာတွေ၊ နိုင်ငံရေးအရ အခွင့်အရေးတွေ ညီမျှစေဖို့အတွက် ဒီမိုကရေစီအနှစ်သာရတွေ၊ စံနှုန်းတွေကို ပိုပြီးထင်ဟတ်စေရေးအတွက် ဖယ်ဒရာယ်စနစ်ကိုပါ ထည့်သွင်းရောနှောပြီး ကျင်သုံးကြတာကို တွေ့ရမှာပါ။

နိုင်ငံရေးစနစ်တစ်ခုကို ကျင့်သုံးကြတဲ့အခါ အရေးအကြီးဆုံးဖြစ်တဲ့ ပြည်သူနဲ့အစိုးရကြားက သဘောတူစာချုပ်လို့ ဆိုနိုင်တဲ့ “ဖွဲ့စည်းပုံအခြေခံဥပဒေ” က နိုင်ငံတစ်နိုင်ငံရဲ့ အသက်သွေးကြော ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူနဲ့အစိုးရကြားက တာဝန်ခွဲဝေခြင်း ကတိကဝတ်ဖြစ်သလို အစိုးရနဲ့ပြည်သူကြားက အပြန်အလှန်တာဝန်ခံခြင်း၊ တာဝန်ယူခြင်းလည်းဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရင် ဒီမိုကရေစီရဲ့ အနှစ်သာရသဘောတရားစံနှုန်းတွေကို လက်ခံလိုက်နာရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဖြစ်ဖို့ လိုပါတယ်။ စနစ်တိုင်းမှာ အားနည်းချက်ရှိတယ်ဆိုတာ မငြင်းနိုင်ပေမယ့် အခြေခံကျင့်သုံးနေတဲ့ စနစ်ရဲ့ သဘောတရားတွေ၊ စံနှုန်းတွေကို အုပ်ချုပ်သူတွေ ကိုယ်တိုင်ကျင့်သုံးဖို့ ငြင်းပယ်နေပြီဆိုရင်၊ နိုင်ငံရဲ့ အရေးအကြီးဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါဝင်တဲ့ အချက်တွေဟာ စနစ်တစ်ခုရဲ့ စံနှုန်းတွေနဲ့ လွဲချော်နေပြီဆိုရင် နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ သဘောထားကွဲလွဲမှုတွေဘက်ကို ဦးတည်သွားတတ်ပါတယ်။

နိုင်ငံတွေဟာ သမိုင်းအဆက်ဆက် မတူကွဲပြားခြင်းတွေ အနိုင်ကျင့်မှုတွေ ဆိုဝါးတဲ့သွေးထွက်သံယိုဖြစ်မှုတွေနဲ့ တောက်လျှောက် ဖြတ်သန်းခဲ့ကြသလို လူမျိုးနွယ်စုများကြား၊ ဘာသာရေးအယူအဆများကြား၊ ယဉ်ကျေးမှု အယူအဆများကြား၊ အသားအရောင်ခွဲခြားမှုတွေကြားက သွေးထွက်သံယို ပဋိပက္ခတွေဟာ ဒီနေ့ထိ မကုန်ဆုံးနိုင်သေးသလို အစိုးရတွေဟာ အဆုံးသတ်ဖို့ငြင်းဆန်နေကြဆဲလို့တောင် ဆိုနိုင်ပါတယ်။ လူရှိနေ၍ ပဋိပက္ခရှိတယ်ဆိုတာ မှန်ကန်တဲ့ အယူအဆတစ်ခုလို ဖြစ်နေဆဲပါ။ ၁၉၁၄ မှ ၁၉၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြီးကျယ်ဆုံးသောသမိုင်းမှာ မမေ့နိုင်ကြတော့တဲ့ ပထမကမ္ဘာစစ်နဲ့ နောက် (၂၁) နှစ်အကြာမှာ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ဒုတိယ ကမ္ဘာစစ်ကြီးဖြစ်ရခြင်း အကြောင်းရင်းကို ပြန်ကြည့်ရင် အောက်ပါ အချက် လေးချက်ကို ပညာရှင်တွေ ကောက်ချက်ချခဲ့ကြပါတယ်။

၁ ။ ကိုလိုနီနယ်မြေများ အပြိုင်အဆိုင်ရှာဖွေလာကြခြင်း
၂။ အမျိုးသားရေးဝါဒ ပြင်းထန်လာခြင်း
၃။ မဟာမိတ်အုပ်စုများ အပြိုင်အဆိုင်ဖွဲ့စည်းလာကြခြင်း
၄။ လက်နက်များ အပြိုင်အဆိုင် တပ်ဆင်လာကြခြင်း - တို့ကြောင့်လို့ ဆိုပါတယ်။

ကိုလိုနီဝါဒကို ကျင့်သုံးခြင်း

ကိုလိုနီဝါဒဆိုတာ နိုင်ငံများကို လက်အောက်ခံအဖြစ် သွတ်သွင်းစည်းရုံးခြင်းနဲ့ လူသားမျိုးနွယ်စုများကို ဖိနှိပ် ခေါင်းပုံဖြတ်ခြင်းလို့ တစ်လုံးတည်း အဓိပ္ပါယ်ဖွင့်ဆိုရမှာဖြစ်တယ်။ ကိုလိုနီ နိုင်ငံတွေဟာ နိုင်ငံတွေကို ပုံစံမျိုးစုံနဲ့ သွတ်သွင်းခဲ့ကြတာကိုတွေ့ရမှာပါ။ စစ်တိုက်တာ၊ ဝယ်ယူတာ၊ လှဲလှယ်တာ၊ ပြည်တွင်းရေးကို စွတ်ဖက်တာ၊ ဩဇာဖြန့်တာ၊ သာသနာပြုတာ စတဲ့ အားလုံးသောအရာတွေ ပါဝင်တာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ကိုလိုနီစနစ်ကို ဗြိတိန်၊ ပြင်သစ်၊ ဒက်ချ်၊ စပိန်၊ ပေါ်တူဂီ စတဲ့ နိုင်ငံတွေက အာရှ၊ တောင်အမေရိက၊ ဥရောပ၊ အာဖရိက စတဲ့ တိုက်ကြီးတွေနဲ့ သမုဒ္ဒရာတစ်လျှောက် ကျင့်သုံးခဲ့ကြပါတယ်။

ကိုလိုနီပြုခြင်းမှာကျတော့ ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမျိုးရေးအရ၊ ဘာသာရေးအရ ဖိနှိပ်မှုတွေအားလုံးကို လုပ်ဆောင်ကြပါတယ်။ နိုင်ငံသားတွေကို ကျွန်ပြုဆက်ဆံတာ အပါအဝင်၊ ကိုလိုနီတွေဟာ သယံဇာတတွေ ထုတ်ယူတာ၊ မြေယာတွေသိမ်းဆည်းတာ၊ ဘာသာရေးတွေ ကန့်သတ်ခံရတာ စတဲ့ ရှုံးနိမ့်သူတွေမှာ ဘာအခွင့်အရေးမှ မရှိနိုင်တဲ့ ပြုမူမျိုးနဲ့ကို ဖိနှိပ်အုပ်ချုပ် ထားတတ်ကြပါတယ်။ ကိုလိုနီပြုခံရတဲ့ နိုင်ငံများက အခြေခံလူတန်းစားတွေ၊ နိုင်ငံသားတွေအဖို့ စိတ်ဝေဒနာတွေပါ ကျန်ရစ်ခဲ့တဲ့အထိ ဆိုးဝါးတဲ့ အုပ်ချုပ်ပုံ စနစ်ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ကိုလိုနီစနစ်ကို ပြိုင်တူ တော်လှန်ပုန်ကန်ခဲ့ကြသလို ကိုလိုနီစနစ်ကို ကမ္ဘာ့နိုင်ငံအများစုက မောင်းထုတ်ခဲ့ကြတယ် ဆိုပေမယ့် နိုင်ငံအစိုးရတွေဟာ သူတို့မကြိုက်ခဲ့တဲ့ ကိုလိုနီအနှစ်သာရကို ကိုယ်တိုင် အုပ်ချုပ်တဲ့အခါ ကျင့်သုံးနေကြဆဲ နှိုက်ခြိုက်နေကြဆဲ ဖြစ်တာကို တွေ့ရပါတယ်။

ကိုလိုနီစနစ်ကို စတင်ခဲ့တဲ့ နိုင်ငံတွေဆုတ်ခွာ သွားခဲ့ကြပေမယ့် ကိုလိုနီစနစ်ဟာ ကိုလိုနီပြုကျင့်ခံခဲ့ကြတဲ့ နိုင်ငံတွေမှာ အမြစ်တွယ်ကျန်ရစ် ကျင့်သုံးနေကြဆဲ ဖြစ်တယ်လို့ဆိုရပါမယ်။ နိုင်ငံအတွင်း နိုင်ငံသား အချင်းချင်း မျိုးနွယ်စုတွေကြား ခွဲခြားထားတာ၊ ပညာရေး၊ ကျန်းမာရေးတွေ ကန့်သတ်ထားတာ စီးပွားရေးကို ချိုးနှိမ်ထားတာ၊ အစိုးရ အဆက်ဆက် ကိုလိုနီဥပဒေတွေကို ဆက်လက် ဆုတ်ကိုင် ကျင့်သုံးထားကြတာ အပါအဝင် လူမျိုးစုတွေကို နိုင်ငံရေးတန်းတူ အခွင့်အရေးမပေးတာ၊ လူနည်းစုတွေရဲ့ယဉ်ကျေးမှု၊ ဓလေ့တွေကို နိုင်ငံရေးအရ အသိအမှတ်ပြုဖို့ ငြင်းဆန်ထားကြတာတွေ အားလုံးဟာ ကိုလိုနီအမွေတွေကို နိုင်ငံတွေမှာ လက်ခံကျန်ရစ် ကျင့်သုံးနေကြဆဲ ဖြစ်တာကိုတွေ့ရပါတယ်။

ဒီနေ့ နိုင်ငံအများစုမှာ ကြုံတွေ့နေရတဲ့ ဘာသာရေးခွဲခြားမှုတွေ၊ လူမျိုးရေးခွဲခြားမှုတွေဟာ ကျန်ရစ်နေဆဲဖြစ်ပြီး တစ်ချို့သော ဒီမိုကရေစီ အရောင်ပြ အုပ်ချုပ်တဲ့ နိုင်ငံအများစုမှာ အသုံးချနေကြဆဲ ဖြစ်ပါတယ်။ နိုင်ငံတွေဟာ ကိုလိုနီအရောင်အသွေး ပါဝင်တဲ့ နိုင်ငံရေးအုပ်ချုပ်ပုံတွေကို နိုင်ငံအတွင်း ကျင့်သုံးမှုတွေ ကမ္ဘာအနှံ့ မြောက်များစွာ ရှိနေဆဲလည်း ဖြစ်နိုင်ပါတယ်။ လူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံတွေမှာ အမျိုးသားရေးဝါဒ အခြေခံ အုပ်ချုပ်မယ်ဆိုရင် အမျိုးသားရေးဝါဒက မတူညီတဲ့ လူမျိုးစုတွေကြား အားပြိုင်မှုတွေ ဖြစ်လာမှာဖြစ်တယ်။ ဒါကြောင့်လည်း တစ်ဦးချင်းအခွင့်အရေးကို အခြေခံတဲ့ ဒီမိုကရေစီကို ကျင်သုံးဖို့ လိုအပ်လာတယ်ဆိုတာကို ကမ္ဘာ့နိုင်ငံအများစုက လက်ခံလာကြတာဖြစ်ပါတယ်။

ကမ္ဘာ့နိုင်များထဲက မြန်မာနိုင်ငံဟာ (၁၉၄၇) ပင်လုံသဘောတူညီချက်ကို အခြခံကာ ကိုလိုနီ ဗြိတိသျှ ဆီကနေ လွတ်လပ်ရေးကို (၁၉၄၈) မှာ ရယူခဲ့ကြတယ်ဆိုတာ အားလုံးသိကြမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူမျိုးပေါင်းစုံနဲ့ အယူအဆများစွာရှိနေသလို မတူညီတဲ့ ပထဝီတွေ၊ ဓလေ့ထုံးတမ်းတွေ၊ ဘာသာရေး ကိုးကွယ်မှုတွေ ရှိနေကြဆဲဖြစ်ပါတယ်။ (၁၉၄၇) ခုနှစ်မှာ လွတ်လပ်ရေးအတွက် လက်မှတ်ရေးထိုးခဲ့ကြတဲ့ ပင်လုံအခြေခံမူကို ကျင့်သုံးဖို့ မြန်မာနိုင်ငံအစိုးရ အဆက်ဆက် ငြင်းဆန်ခဲ့ကြတဲ့အတွက် နိုင်ငံအတွင်း လက်နက်ကိုင်တော်လှန်ရေးဟာလည်း မြန်မာ့လွတ်လပ်ရေးနဲ့အတူ စတင်လာခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကချင်၊ ရှမ်း၊ ချင်း၊ ကရင်နီတွေက လွတ်လပ်ရေးကာလမှာ ပူးပေါင်းခဲ့ကြသလို ရခိုင်နဲ့ မွန်ကတော့ ဗမာလူမျိုးတွေကြီးစိုးတဲ့ ဗမာနိုင်ငံမှာ ခေါတ်ပြိုင်ပဒေသရာဇ် ကတည်းက စစ်ရှုံးခံခဲ့ကြတဲ့ ကိုယ်ပိုင်ဘုရင့်နိုင်ငံတွေ ဖြစ်ပါတယ်။ ရခိုင်နိုင်ငံဟာ ဗမာပဒေသရာဇ်နိုင်ငံထံမှာ စစ်ရှုံးခဲ့ပြီး ရာစုနှစ်ထက်ဝက်လောက် အရောက်မှာ ဗမာနိုင်ငံ ဗြိတိသျှကိုလိုနီထံမှာ ပဒေသရာဇ်စနစ်ကို အဆုံးသတ်ခဲ့ရပါတယ်။ ရခိုင်ကလည်း ဗြိတိသျှ လက်အောက်မှာ ဗမာနဲ့အတူပါဝင်ခဲ့ပြီး ပြည်မဒေသအဖြစ် အင်္ဂလိပ် လက်အောက်မှာ နှစ်ပေါင်းတစ်ရာကျော် ကိုလိုနီပြုကျင့် ခံနေခဲ့ကြရပါတယ်။

အင်္ဂလိပ် ကိုလိုနီခေတ်က ရခိုင်ပြည်ဟာ (စပါးကျီ) ဆန်၊ စပါးအထွက်ဆုံး ဒေသတစ်ခုဖြစ်သလို အင်္ဂလန်နိုင်ငံနဲ့ ရခိုင်ပြည်မြို့တော် စစ်တွေကို တိုက်ရိုက်လေကြောင်းလိုင်းတွေ ပြေးဆွဲခဲ့တဲ့အတွက် ရခိုင်ပြည်ဟာ ခရီးသွားမြို့တော်တစ်ခုအဖြစ် ထင်ရှားခဲ့တာကို တွေ့ရပါတယ်။ ကိုလိုနီခေတ် ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးဟာ လက်ရှိရခိုင်ပြည်နဲ့ နှိုင်းယှဉ်ဖို့ မသင့်တော်တဲ့အထိ စီးပွားရေး တိုးတက်ခဲ့ဖူးပါတယ်။ ရခိုင်ပြည်နယ်အတွင်း ပုလဲနဲ့ ငါးလုပ်ငန်းတွေ စက်ရုံအလုပ်ရုံတွေ၊ ငါးဖမ်းစက်လှေတွေနဲ့ ဆန်စပါးလုပ်ငန်းအပြင် ပင်လယ်ပြင်ရေငန် ငါးလုပ်ငန်းတွေကိုပါ စနစ်တစ်ကျတည်ဆောက်ခဲ့တဲ့အတွက် ကိုလိုနီခေတ်တစ်လျှောက် ဝင်ငွေကောင်းတဲ့ နယ်မြေဖြစ်ခဲ့သလို ဒေသဖွံ့ဖြိုးမှုနှုန်းမှာလည်း မြင့်နေခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို လွတ်လပ်ရေး ရယူခဲ့ကြပြီးတဲ့နောက် ရခိုင်ပြည်ဟာ မြန်မာနိုင်ငံအတွင်း ပြည်နယ်အဆင့်ကိုတောင် (၁၉၄၇) ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပြဌာန်းမပေးခဲ့ပါဘူး။ မြန်မာနိုင်ငံရေး ခေါင်းဆောင်တွေဟာ ပင်လုံအခြေခံမူကို ငြင်းဆန်ပြီး စတင်အုပ်ချုပ်ခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ ညီညွတ်ရေး ခေါင်းစဉ်ဟာ စတင် ပျောက်ကွယ်ခဲ့ရပြီး ပြည်တွင်းလက်နက်ကိုင်တော်လှန်ရေးကို စတင်ခဲ့ကြပါတယ်။ (၁၉၆၂) မှ ဗိုလ်ချုပ်နေဝင်းက နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီးတဲ့နောက် မြန်မာနိုင်ငံဟာ စစ်တပ် အုပ်ချုပ်ရေးအောက်ကို စတင်ရောက်ရှိခဲ့ပါတယ်။

ဗိုလ်နေဝင်းအစိုးရကနေ ဦးနေဝင်းအစိုးရ အဖြစ်ပြောင်းလဲ အုပ်ချုပ်ဖို့ (၁၉၇၄) မှာ တစ်ပါတီ အုပ်ချုပ်ရေးစနစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုရေးဆွဲခဲ့ပြီး ရခိုင်ဟာ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ခံရပါတယ်။ ရခိုင်လူမျိုးတွေဟာ တန်းတူအခွင့်အရေးတွေ၊ လူမျိုးစုတစ်ခုရဲ့ နိုင်ငံရေးအယူအဆတွေ၊ ဓလေ့ထုံးတမ်းတွေနဲ့ဟာ ယဉ်ကျေးမှုတွေကိုပါ နိုင်ငံရေးအရ မျက်ကွယ်ပြုခံခဲ့ရတဲ့ ရခိုင်ပြည်နယ်ဟာ လွတ်လပ်ရေးခေတ် နောက်ပိုင်းမှာ မြန်မာနိုင်ငံအတွင်း အဆင်းရဲဆုံးနဲ့ ပဋိပက္ခအများဆုံး ပြည်နယ်အဖြစ် ရောက်ရှိသွားခဲ့ပါတယ်။ ပင်လယ်သယံဇာတရော၊ သစ်တောသယံဇာတတွေပါ ပြည့်လျှံနေခဲ့တဲ့ ရခိုင်ပြည်နယ်ဟာ (၁၉၉၀) ခုနှစ် တစ်ပါတီ အစိုးရပြုတ်ကျပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နိုင်ငံအာဏာကို သိမ်းယူခဲ့ပြီးတဲ့နောက်ပိုင်းမှာ သစ်တောတွေကနေ တောင်ကတုန်းအဖြစ် ပြောင်းလဲခဲ့ပြီး ပင်လယ်ရေပြင်တစ်ခုလုံးလည်း ရေပြင်သာ ကျန်တော့တဲ့ အခြေအနေထိကို ဆိုးရွားတဲ့ စီးပွားရေး၊ နိုင်ငံရေးကို ဖြတ်သန်းလာခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအစိုးရ အဆက်ဆက်ဟာ တိုင်းရင်းသားလူမျိုးစုတွေရဲ့ နိုင်ငံရေးယုံကြည်မှုတွေ၊ တန်းတူအခွင့်အရေးတွေနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်တွေကို ပေးအပ်ဖို့ အစိုးရအဆက်ဆက် ငြင်းဆန်နေခဲ့ကြပြီး ယနေ့ထိ ပြည်တွင်းစစ်ကို ရင်ဆိုင် ကြုံတွေ့နေရဆဲ ဖြစ်သလို ကြီးမားတဲ့ ခွဲခြားအုပ်ချုပ်မှုတွေကြား တိုင်းရင်းသားများ ကြုံတွေ့နေရဆဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အပါအဝင် တစ်ခြားပြည်နယ်များက သယံဇာတတွေ ထုတ်ယူရောင်းချခြင်းများကို နှစ်ရှည်လများ ဒေသခံလူထုတွေရဲ့ သဘောထားတွေ ပါဝင်ခွင့်ကို မျက်ကွယ်ပြုကာ အာဏာရှင်ဆန်တဲ့ အပြုအမူများနဲ့ တိုင်းရင်းသား လူမျိုးစုတွေအပေါ် ခေါင်းပုံဖြတ်နေဆဲ ဖြစ်တာကို တွေ့နေရပါတယ်။

တန်းတူအခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ကို အာမခံတဲ့ ဖက်ဒရာယ် ပြည်ထောင်စု တည်ဆောက်ရေး အိမ်မက်ဟာ တိုင်ရင်းသားပြည်နယ် လူထုတွေကြား အိမ်မက်အဆင့်နဲ့သာ ဆက်လက် ဖြတ်သန်းနေရဆဲ ဖြစ်တယ်။ မတူညီတဲ့ လူမျိုးစုတွေကြားက ဆင်းရဲမွဲတေမှုနဲ့ ကိုယ်ပိုင်ယုံကြည်ချက် နိုင်ငံရေးတွေ ပျောက်ဆုံးနေတဲ့ နိုင်ငံသားတွေဟာ အမျိုးသားရေးစိတ်ဓာတ်တွေ ပိုမိုပြင်းထန်လာကြပြီး တိုင်းပြည်အပေါ် ချစ်မြတ်နိုးမှုတွေပါ တစ်ဖြည်းဖြည်း ကျဆင်းလာနေတာကို တွေ့ရပါတယ်။ ကိုလိုနီဆန်တဲ့ အတွေးအခေါ်တွေနဲ့ ကိုလိုနီတွေ ရေးဆွဲထားခဲ့တဲ့ ဥပဒေအများစုကို လက်ကိုင်အုပ်ချုပ်နေကြခြင်းဟာ နိုင်ငံအဖို့ မည်သည့်ကောင်းကျိုးမှ ဆက်လက် ဖြစ်ထွန်းလာနိုင်မှာ မဟုတ်ပါဘူး။

ပါတီစုံ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေဟာလည်း တိုင်းရင်းသားလူနည်းစုတွေရဲ့ နိုင်ငံရေးအယူအဆနဲ့ တန်းတူအခွင့်အခွင့်အရေးကို ငြင်းဆန်းထားပြီး ထူးကဲတဲ့ ဗဟိုချုပ်ကိုင်မှုကို ရယူထားကာ လူမျိုးတစ်ခုကသာ နိုင်ငံရေးကိုလွှမ်းမိုးဖို့ အကောင်းဆုံးဖြစ်နေပြီး အစိုးရတွေအနေဖြင့်လည်း ကိုလိုနီပုဒ်မတွေကို အသုံးချကာ တိုင်းရင်းသား လူမျိုးစုတွေရဲ့ နိုင်ငံရေးယုံကြည်ချက်၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုမှုတွေ၊ လွတ်လပ်စွာ သဘောထား ကွဲလွဲမှုတွေကို နိုင်ငံရေးအရ လက်မခံနိုင်သေးတာကို တွေ့ရပါတယ်။ အစိုးရတွေရဲ့ ပြည်သူကို စိတ်ကြိုက်စီမံအုပ်ချုပ်ပုံ ကိုလိုနီ အရောင်အသွေးတွေကို မခွာချနိုင်သေးသရွေ့ တိုင်းရင်းသားပြည်နယ် ဒေသတွေဟာလည်း ယမ်းငွေ့တွေ ထပ်မံလွှမ်းမိုးနေဦးမှာ သေချာပါတယ်။