တန်းတူရေးမရှိဘဲ ညီညွတ်ရေးကို တည်ဆောက်မတဲ့လား
12 Mar 2020
"NLD ရဲ့ မဲဆွယ်စည်းရုံးရေးကြွေးကြော်သံတွေထဲက တစ်ခုဖြစ်တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆိုတဲ့ အချက်ဟာ ဗမာနဲ့ကျန်တိုင်းရင်းသားတွေကြား ရင်ကြားစေ့ရေးဖြစ်မလာဘဲ NLD နဲ့ တပ်မတော်တို့ရဲ့ ရင်ကြားစေ့ရေး သဘောဆောင်လာတာကိုသာ တွေ့မြင်လာရပါတယ်။"
မြန်မာနိုင်ငံမှာ အုပ်ချုပ်ခဲ့တဲ့ အစိုးရအဆက်ဆက်က အမွေဆက်ခံကျင့်သုံးလာတဲ့ စကားလုံးတွေ ရှိပါတယ်။ ဥပမာ - အမျိုးသားတန်းတူရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး ဆိုတဲ့ စကားလုံးတွေနဲ့ အုပ်ချုပ်သူအဆက်ဆက် တိုင်းရင်းသားတွေကို လိမ်ညာခဲ့ကြတယ်။ ၁၉၆၂ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးကောင်စီ အစိုးရဆိုပြီး ခေါင်းစဉ်တပ်ကတည်းကနေ ၂၀၁၀ မှာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ စစ်တစ်ပိုင်း ဒီမိုကရေစီအစိုးရအထိ တပ်မတော်ကပဲ အုပ်ချုပ်လာတာဖြစ်တယ်။ နာမည်တွေသာ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲခဲ့ကြပေမဲ့ နိုင်ငံရဲ့ထိပ်ပိုင်းတာဝန်တွေကိုတော့ တပ်မတော်ကပဲ စဉ်ဆက်မပြတ် ဆက်ခံလာခဲ့ကြတာပဲဖြစ်ပါတယ်။
၂၀၁၀ မှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရဟာ သန့်ရှင်းတဲ့အစိုးရ၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုဆိုတဲ့ ကြွေးကြော်သံနှင့်အတူ နိုင်ငံတကာက စောင့်ကြည့်လေ့လာနေသူတွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ပြည်တွင်း သတင်းမီဒီယာလွတ်လပ်ခွင့်ကိုလည်း အတန်အသင့် ဖြေလျှော့ခဲ့တာကို တွေ့ရပါတယ်။ "မြို့ပေါ်မှာနေတဲ့ လူငယ်တွေ လက်ပ်တော့ကိုင်နေချိန်မှာ တိုင်းရင်းသားဒေသတွေက ကလေးတွေက လက်နက်ကိုင်နေရတယ်။ သူတို့ကိုလည်း သေနတ်တွေအစား လက်ပ်တော့ကိုင်စေချင်တယ်" လို့ လူသိရှင်ကြား ပြောကြားခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကို ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့တယ်။ လက်ရှိအခြေအနေနဲ့ နှိုင်းယှဉ်ကြည့်ရင် ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အတော်အသင့် အောင်မြင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
စစ်အစိုးရအဆက်ဆက်ကို မယုံကြည်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကလည်း အပြောင်းအလဲတစ်ခု ဖြစ်လာပြီလို့ မြင်ခဲ့ကြပုံပေါ်ပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(Nationwide Cease-fire Agreement) NCA ဟာ ပြည့်စုံလုံလောက်တဲ့ သဘောတူစာချုပ်တစ်ခု မဟုတ်သော်လည်း တဖြည်းဖြည်းချင်း ညှိနှိုင်းပြီးပြုပြင်သွားလို့ ရနိုင်တယ်ဆိုတဲ့အမြင်မျိုး တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တချို့မှာ ရှိခဲ့ကြပုံရပါတယ်။ အဲဒါကြောင့်လည်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ တိုင်းရင်းသားလက်နက်ကိုင် (၈) ဖွဲ့ NCA ကို လက်မှတ်ထိုးခဲ့ကြတယ်။
အဲဒီအချိန်က နိုင်ငံခြားခရီးစဉ်တစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်က “NCA မှာ အားနည်းချက်တွေ ရှိနေသေးတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ အလျင်စလို လက်မှတ်မထိုးကြဘဲ စဉ်းစားချင့်ချိန်စေလိုတယ်” ဆိုတဲ့သဘောမျိုးကို ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း သူအာဏာရလာတဲ့ နောက်ပိုင်းမှာ ဘာမှပြုပြင်ပြောင်းလဲမှုမရှိသေးတဲ့ ဒီ NCA စာချုပ်ကိုပဲ ယုံယုံကြည်ကြည် လက်မှတ်ရေးထိုးကြဖို့ ဖိတ်ခေါ်ပြန်တယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ NCA ကို လက်မှတ်ထိုးမှ အမျိုးသားညီလာခံအဆင့်ကို မြန်မြန်ရောက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို လုပ်ဆောင်နိုင်မယ်လို့ မက်လုံးတွေပေးခဲ့ပြန်တယ်။
ဦးသိန်းစိန် အစပျိုးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံကိုလည်း ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ညီလာခံမျိုး ဖြစ်ရမယ်ဆိုပြီး ၂၁ ရာစု ပင်လုံလို့ ပြောင်းလဲခဲ့ပါတယ်။ သို့သော် တကယ်တမ်း ၂၁ ရာစုပင်လုံကို ကျင်းပဖြစ်တဲ့အခါ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ဒီမိုကရေစီဖက်ဒရယ်ဆိုပြီး တပ်မတော်ရဲ့ နားလှည့်ပါးရိုက်လှည့်ကွက်မှာ NLD လည်း တပ်မတော်ဖက်ကို ရောယောင်ပြီးပါသွားခဲ့တယ်။ NLD ရဲ့ မဲဆွယ်စည်းရုံးရေးကြွေးကြော်သံတွေထဲက တစ်ခုဖြစ်တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆိုတဲ့ အချက်ဟာလည်း ဗမာနှင့် ကျန်တိုင်းရင်းသားများကြား ရင်ကြားစေ့ရေးဖြစ်မလာဘဲ NLD နှင့် တပ်မတော်တို့ရဲ့ ရင်ကြားစေ့ရေး သဘောဆောင်လာတာကိုသာ တွေ့မြင်လာရပါတော့တယ်။
၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ဆိုရင် တပ်မတော်က မပူးပေါင်း မပါဝင်သမျှ ပြင်လို့မရနိုင်ပါ။ NLD ပါတီအနေ နဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်တဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်မပြိုင်ခဲ့တာသာဖြစ်တယ်။ NLD နဲ့အတူ ထိုစဉ်က UNA အဖွဲ့ဝင် တိုင်းရင်းသားပါတီတွေကလည်း NLD ကို ဝန်းရံတဲ့အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို မဝင်ဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို NLD ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါမှာတော့ မဟာမိတ်အဖွဲ့တွေ အငိုက်မိသလို ဖြစ်ခဲ့ကြရတယ်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ NLD ပါတီဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပြတ်အသတ် အနိုင်ရခဲ့တယ်ဆိုပေမဲ့ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှာ သက်ဆိုင်ရာ ဒေသခံ တိုင်းရင်းသားပါတီတွေသာ အနိုင်ရခဲ့ကြတယ်။ အဲဒီလို အနိုင်ရခဲ့တာကြောင့်လည်း ပြည်နယ်တွေမှာ အစိုးရဖွဲ့ခွင့် တောင်းခဲ့ကြတယ်။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တွေကို သမ္မတက တိုက်ရိုက်ခန့်အပ်ရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေသအလိုက် အနိုင်ရပါတီကို အစိုးရဖွဲ့ခွင့် မပေးခဲ့ပါဘူး။
ဒီနေရာမှာ တစ်ခုရှိတာက NLD ဟာ (၁) ၂၀၀၈ ဖွဲ့စည်းပုံကို မကြိုက်၊ ရွေးကောက်ပွဲလည်းမဝင်ဘူး။ (၂) ဖွဲ့စည်းပုံကိုမကြိုက်သော်လည်း လွှတ်တော်ထဲကနေ ပြင်လို့ရသလောက်ပြင်ဖို့ ရွေးကောက်ပွဲဝင်တယ်။ (၃) ရွေးကောက်ပွဲမှာ အနိုင်ရတော့ ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်နယ်အစိုးရကို ပြည်နယ်မှာ အနိုင်ရပါတီက ဖွဲ့ခွင့်မပေးနိုင်ဘူး။ ဆိုတော့ ဖွဲ့စည်းပုံအရ သမ္မတက တိုက်ရိုက်ခန့်အပ်သည်ဆိုဦးတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အနိုင်ရတဲ့ပါတီကလူကိုမှ ခန့်အပ်ရမယ်လို့ မပါရှိပါ။ နိုင်ငံရေးအပေးအယူနဲ့သာ ပြည်နယ်အတွင်း အနိုင်ရသည့်ပါတီက တစ်ဦးဦးကိုခန့်ပြီး မဟာမိတ်ဆက်ဆံရေးသာ ထားရှိခဲ့မယ်ဆိုရင် လက်ရှိရခိုင်ပြည်နယ်မှာ ရင်ဆိုင်နေရတဲ့ အစိုးရနှင့်လွှတ်တော်ကြား အကွဲအပြဲဇာတ်လမ်းဟာလည်း ဒီလောက်အထိ ရှည်လာလိမ့်မယ် မဟုတ်ပါဘူး။
NLD အစိုးရရဲ့ ငါးနှစ်သက်တမ်းဟာ နောက်ဆုံးနှစ်ထဲကို ရောက်လာခဲ့ပြီဆိုပေမဲ့ ရခိုင်ပြည်နယ်မှာ ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်တို့ဟာ အခုအချိန်ထိ သဟဇာတ မကျသေးတာကို မြင်တွေ့ရမှာပါ။ လွှတ်တော်က အတည်ပြုလိုက်တဲ့ အဆိုတွေကို အစိုးရက အကောင်အထည်ဖော်ပေးမှုအပိုင်းမှာ အားနည်းသလို အစိုးရလုပ်ငန်းတွေကိုလည်း လွှတ်တော်က စောင့်ကြည့်နေပြီး လိုအပ်သလို ထိန်းညှိပေးနေတာကြောင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး လုပ်ငန်းတွေဟာလည်း နှောင့်နှေးကြံ့ကြာမှုတွေနဲ့ ရှေ့မဆက်နိုင်တဲ့ အနေအထားကို မြင်တွေ့ကြရမှာပါ။
ပြည်ထောင်စုအဆင့်မှာလည်း ရခိုင်အရေးနဲ့ပတ်သက်တဲ့ အဆိုတွေဟာ ဆွေးနွေးတဲ့အဆင့်ကို ရောက်မလာဘဲ မှတ်တမ်းအဖြစ်နဲ့သာ သိမ်းဆည်းခံလိုက်ရတာတွေလည်း အများကြီးပါ။ အဆိုကို ဆွေးနွေးသည်ဆိုဦးတော့ မဲခွဲဆုံးဖြတ်တိုင်း ရှုံးနေတော့ ဒါဟာလည်း ဒီမိုကရေစီအနိုင်ကျင့်မှုတစ်ခုလားလို့ စဉ်းစားစရာ ဖြစ်လာပါတယ်။
ဒီလိုအခြေအနေတွေပဲ အမြဲတမ်းရင်ဆိုင်လာရတဲ့အခါ ရခိုင်လူထုကြားထဲမှာလည်း နိုင်ငံရေးပါတီတွေဆိုတာ ပြည်သူတွေအတွက် ဘာမှလုပ်မပေးနိုင်ဘူးဆိုတဲ့အမြင်တွေ ကြီးထွားလာပါတော့တယ်။ ဒီလို အမြင်တွေ ကြီးစိုးလာတဲ့ အကျိုးဆက်ကြောင့်ပဲ ဒီနေ့ ရခိုင်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်လာတယ် ဆိုရင်လည်း မမှားပါဘူး။ ဒီပြဿနာရဲ့ အစကတော့ ၂၀၁၄ ရခိုင်အမျိုးသားညီလာခံ (ကျောက်ဖြူ) အပြီးမှာ တစတစ အင်အားကြီးထွားလာနေတဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ကို နိုင်ငံရေးဆွေးနွေးဖက် (Political Dialogue Partner) လို့ အသိအမှတ်မပြုဘဲ လက်နက်ဖြုတ်သိမ်းရေး၊ အပြုတ်တိုက်ရေးဆိုတဲ့ ဆုံးဖြတ်ချက်တွေကြောင့် နှစ်ဖက်ပဋိပက္ခ ကြီးကျယ်လာရခြင်းသာ ဖြစ်တယ်။
အခုဆိုရင် ရခိုင်မှာ တိုက်ပွဲတွေ တစထက်တစ ပိုမိုပြင်းထန်လာနေပါတယ်။ နှစ်ဖက်တပ်ဖွဲ့ဝင်များ အထိအခိုက် အကျအဆုံးများရှိသလို အရပ်သားထိခိုက်သေဆုံးမှုတွေကလည်း နေ့စဉ်နဲ့အမျှ မြင့်တက်လာနေပါတယ်။ ဒီလိုမျိုး တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက် သေဆုံးမှုတွေ ရှိနေတဲ့ကြားက တိုက်ပွဲဖြစ်ပွားရာ ဒေသတွေဖြစ်တဲ့ မြို့နယ် ၉ ခုကို အစိုးရက အင်တာနက်လိုင်း ဖြတ်တောက်လိုက်ပါတယ်။
ဒီလို အင်တာနက်လိုင်းဖြတ်တောက်လိုက်တာဟာ နိုင်ငံတကာလူ့အခွင့်ရေးကြေငြာစာတမ်း အပိုဒ် (၁၉)ပါ “လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟ ဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောင့်အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန် မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှ ဖြန့်ချိခွင့်တို့လည်း ပါဝင်သည်” ဆိုတဲ့ အချက်ကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာရောက်ပါတယ်။ အစိုးရက ရခိုင်ပြည်နယ်တွင် အင်တာနက်ပိတ်ပင်ရခြင်းမှာ အများပြည်သူအကျိုးစီးပွားအတွက်ဖြစ်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားထားပါတယ်။ ယင်းပြောချက်က ၂၀၀၈ ဖွဲ့စည်းပုံအခြေဥပဒေ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများနှင့်တာဝန်များ အခန်းပါ ပုဒ်မ ၃၄၇ မှာ “နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေးရရှိစေရမည်။ ထို့အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်” ဆိုတဲ့ အချက်ကိုလည်း ဖောက်ဖျက်ကျူးလွန်ရာ ရောက်နေတယ်လို့ ပြောရပါလိမ့်မယ်။
နိုင်ငံတစ်နိုင်ငံ၏ အမြင့်ဆုံးဥပဒေမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေသာဖြစ်တယ်လို့ ပြဌာန်းပါလျှက် ဥပဒေနဲ့အညီ ပိတ်ရခြင်းဖြစ်တယ်လို့ ပြောဆိုချက်သည်ပင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖောက်ဖျက်ရာ မရောက်ပေဘူးလားဆိုတဲ့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
အခုလို တိုက်ပွဲဖြစ်ရာဒေသတွေကို အင်တာနက်လိုင်း ဖြတ်တောက်လိုက်တာကြောင့် တိုက်ပွဲကြား ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးလုပ်တဲ့ လုပ်ငန်းတွေမှာ သတင်းအချက်အလက် နောက်ကျတာကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို တိုးပွားစေပါတယ်။ မြန်မာတစ်နိုင်ငံလုံး အင်တာနက်ကို လွတ်လပ်စွာ အသုံးပြုလို့ ရနေချိန်မှာ ရခိုင်ပြည်နယ်က (၈) မြို့နယ်နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တို့မှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ အင်တာနက် ပိတ်ခံထားရတာကြောင့် သူများနှင့်တန်းတူ သတင်းအချက်အလက်တွေကို သိခွင့်မရကြပါဘူး။ ဒါကို ခွဲခြားဆက်ဆံမှုလို့ ဆိုနိုင်ပါတယ်။
နိုင်ငံတစ်ခုအတွင်းမှာ နေထိုင်ကြသူချင်းအတူတူ တန်းတူအခွင့်အရေး မရကြသူတွေဟာ လူ့အခွင့်ရေး ချိုးဖောက်ခံနေရတာသာဖြစ်တယ်လို့ ဆိုရပါမယ်။ ဒီလိုဆိုလျှင် ဥပဒေအရ ပေးထားတဲ့ တန်းတူအခွင့် အရေးဆိုတာ ဘယ်အရာကို ဆိုလိုပါသလဲ။
မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်နဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရ တက်လာပြီး လပိုင်းအကြာမှာပဲ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပါ တယ်။ နောက်ထပ် ကိုးကန့်ဒေသမှာလည်း ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုလို အင်တာနက်ဖြတ်တောက်တာတွေ၊ သတင်းအမှောင်ချတာတွေကို မပြုလုပ်ခဲ့ကြပါဘူး။ အခု ပြည်သူက ရွေးကောက်တင်မြှောက်ထားပါတယ်ဆိုတဲ့ အရပ်သားအစိုးရလက်ထက်မှာမှ သတင်း အချက်အလက်ကို ပိတ်ပင်ဖို့ ကြိုးစားလာတာဟာ စစ်ရေးအခြေအနေတစ်ခုတည်းကြောင့်တော့ မဟုတ်တန်ရာ။ ဒီလို ခွဲခြားဆက်ဆံခံနေရသူတွေရဲ့ ရင်ထဲမှာ အမျိုးသားတန်းတူရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးဆိုတဲ့ လက်သုံးစကားတွေကို ယုံကြည်ရဲပါတော့မလား။
အမှန်တကယ် ထိခိုက်နစ်နာနေသူတွေကို ကူညီစောင့်ရှောက်ပေးရမယ့် တာဝန်ဟာ အစိုးရမှာရှိပါတယ်။ ရခိုင်မှာရှိတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ကြုံတွေ့နေရတဲ့ နောက်တစ်ချက်က အစိုးရက တာဝန်ယူကူညီမှု အားနည်းနေရုံမက စေတနာအလျောက် လာရောက်လှူဒါန်းကြမယ့် အလှူရှင်တွေကိုပါ ကန့်သတ်ချက်အမျိုးမျိုးနဲ့ တားဆီးပိတ်ပင်နေတာကြောင့် စားဝတ်နေရေး အခက်အခဲတွေကို ပိုမိုရင်ဆိုင်နေကြရပါတယ်။ အမိုးအကာမရှိတဲ့ နေရာတွေမှာ နေထိုင်နေကြရပါတယ်။
ဒီအခြေအနေတွေကို အကောင်းဆုံး ကျော်လွှားနိုင်ဖို့ဆိုရင် တစ်ဖက်နဲ့တစ်ဖက် အပြုတ်တိုက်ရေး ဆိုတာထက် တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုတဲ့လမ်းကို လျှောက်ရပါလိမ့်မယ်။ အခုဆိုရင် နှစ်ဖက် တိုက်ပွဲတွေကြားမှာ နေရပ်စွန့်ခွါနေကြရသူတွေ တစ်သိန်းခွဲနီးပါးအထိ ရှိလာနေပြီဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဒီဒုက္ခသည် ပြည်သူတွေကို ရင်ဝယ်သားကဲ့သို့ ချစ်ခင်ပါတယ်ဆိုတာကို ပြသရမယ့် အချိန်ကို ရောက်လာပါပြီ။ ဒီလိုမှမဟုတ်ဘဲ ပိုနေမြဲ ကျားနေမြဲ မသိဟန်ဆောင် မျက်ကွယ်ပြုထားပါက စစ်ဘေးရှောင်များအတွက် ဘဝရပ်တည်ရေး ပိုမိုခက်ခဲလာမှာ ဖြစ်သလို ခွဲခြားဆက်ဆံခံရတယ်ဆိုတဲ့ အမြင်တွေကလည်း ကျယ်ပြန့်လာနိုင်ပါတယ်။
လူတိုင်းရပိုင်ခွင့်ရှိတဲ့ အင်တာနက်သုံးစွဲခွင့်လို သာမန်အသေးအမွှား အခွင့်အရေးကိုတောင် တန်းတူမခံစားရကြဆိုရင် အမျိုးသားညီညွတ်ရေးကို တည်ဆောက်မယ်ဆိုတဲ့ ဦးတည်ချက်အပေါ်မှာလည်း သံသယပွားစိတ်တွေ ဝင်လာနိုင်ပါတယ်။ အဲဒါကြောင့် အမျိုးသားညီညွတ်ရေးကို တည်ဆောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်သာ အမှန်ဆိုရင် နိုင်ငံတဝှမ်းမှာ နေထိုင်ကြတဲ့ လူမျိုးဘာသာမရွေး၊ လူတန်းစားမရွေး ဥပဒေအရ တန်းတူညီမျှတဲ့ အခွင့်အရေးတွေကို ရရှိကြဖို့လိုပါလိမ့်မယ်။
ငြိမ်းချမ်းရေးဆိုတာ လက်နက်ကိုင်ထားသူအချင်းချင်း ငြိမ်းချမ်းမှသာမဟုတ်၊ ပြည်သူတစ်ရပ်လုံးပါ ငြိမ်းချမ်းမှသာ စစ်မှန်တဲ့ငြိမ်းချမ်းရေးလို့ ဆိုရပါလိမ့်မယ်။ ဒီတော့ အမျိုးသားညီညွတ်ရေး တည်ဆောက်ချင်ရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖန်တီးယူရမှာ ဖြစ်သလို စစ်မှန်တဲ့ငြိမ်းချမ်းရေကို ဖန်တီးနိုင်ဖို့ဆိုရင်လည်း တန်းတူညီမျှတဲ့ အခွင့်အရေးကို ပေးရမှာဖြစ်ပါတယ်။
ရမ္မာကျော်စော ရေးသားသည်။