- ရခိုင့်နိုင်ငံရေး အပြောင်းအလဲနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုံရဲ့ အနာဂတ်
- ရခိုင်က စစ်ရှောင်ကလေးများ အာဟာရမလုံလောက်မှုကြောင့် ကျန်းမာရေးချို့ယွင်းလာ
- ဧရာဝတီက ကုန်စည်များကို ရခိုင်သို့ မပို့ရန် စစ်ကောင်စီ ထပ်မံပိတ်ပင်
- ရသေ့တောင်ဒေသခံများ ကျန်းမာရေးပြဿနာ ရင်ဆိုင်နေရ
- သက်ဆင်ရှင်နာဝပ်နှင့် မလေးရှားဝန်ကြီးချုပ်တို့ မြန်မာ့အရေးနှင့် ခရစ်တိုငွေကြေးအကြောင်း ဆွေးနွေး
ရခိုင်တပြည်လုံး ဖုန်းလိုင်း၊ အင်တာနက်လိုင်း လုံးဝ ပြတ်တောက်
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို အပြင်းအထန်ခံနေရသည့် ရခိုင်ဒေသတွင် အောက်တိုဘာ ၁၃ ရက်နေ့မှစ၍ တပြည်လုံးအတိုင်းအတာဖြင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်း လုံးဝပြတ်တောက်သွားကြောင်း သိရသည်။
14 Oct 2024
DMG ၊ အောက်တိုဘာ ၁၄
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို အပြင်းအထန်ခံနေရသည့် ရခိုင်ဒေသတွင် အောက်တိုဘာ ၁၃ ရက်နေ့မှစ၍ တပြည်လုံးအတိုင်းအတာဖြင့် ဖုန်းလိုင်း၊ အင်တာနက်လိုင်း လုံးဝပြတ်တောက်သွားကြောင်း သိရသည်။
တကျော့ပြန်တိုက်ပွဲများ စတင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ ရခိုင်ပြည်မြို့နယ်တိုင်းတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်တောက်နေခဲ့သော်လည်း နေရာကွက်ကျား လိုင်းရရှိသည့် နေရာတချို့ရှိခဲ့သည်။ လက်ရှိတွင် တပြည်လုံးအတိုင်းတာဖြင့် လုံးဝပြတ်တောက်သွားခြင်း ဖြစ်သည်။
“ရခိုင်က မြို့အကုန်လုံးနဲ့ အဆက်အသွယ်မရတော့ဘူး။ မနေ့ကတည်းက ဖုန်းလိုင်းရော၊ အင်တာနက်ရော အကုန်ပြတ်တောက်သွားတာ” ဟု ရန်ကုန်ရောက် ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီထိန်းချုပ်ဆဲဖြစ်သော စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်၊ ဂွမြို့ နယ်တို့တွင် ယခင်က ဆက်သွယ်ရေးလိုင်းများ ရရှိခဲ့သော်လည်း လက်ရှိတွင် ယင်းဒေသများပါ ပြတ်တောက်နေခြင်းဖြစ်သည်။
ဆက်သွယ်ရေးလိုင်းများ လုံးဝ ပြတ်တောက်နေခြင်းကြောင့် အရေးပေါ် ကျန်းမာရေးကိစ္စ၊ လူမှုကူညီရေး လုပ်ငန်းများတွင်လည်း ထိခိုက်မှုများပြားနိုင်ကြောင်း လူမှုကူညီရေးလုပ်ဆောင်သူများက ပြောကြသည်။
“စစ်ဘေးရှောင်တွေနဲ့ ကျနော်တို့နဲ့ အဆက်အသွယ်မရတော့ အကူညီပေးရေးလုပ်ငန်းတွေ နှေးသွားတာပေါ့။ စစ်ရှောင်တွေရဲ့ အကူအညီလိုအပ်ချက်တွေကလည်း စိုးရိမ်စရာ ဖြစ်လာမှာပေါ့” ဟု စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ကုန်ပစ္စည်းများကို ခက်ခက်ခဲခဲ တင်သွင်းနေရသည့်ကာလ၌ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားခြင်းသည် လူထုတရပ်လုံးကို ကြီးမားသည့် စိန်ခေါ်မှုဖြစ်ကြောင်း ပြောဆိုနေကြသည်။
“အခုက စစ်ကောင်စီရဲ့ လေကြောင်းပစ်ခတ်မှုတွေ နေ့စဉ်ရှိနေတော့ သတင်းတွေကို အချိန်နဲ့တပြေးညီ မသိနိုင်တော့ဘူး။ သတင်းအမှားတွေ၊ ပြောစကားတွေက ဒေသအတွင်း အမျိုးမျိုးပျံ့နှံ့လာမှုတွေကလည်း စိုးရိမ်စရာရှိလာမယ်” ဟု လူမှုတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။