အမာရွတ်ကိုယ်စီနှင့် လူသားတွေချင်းမို့

ပြည်တွင်းပြည်ပ မီဒီယာတွေရဲ့ မျက်နှာစာတစ်ခုဖြစ်တဲ့ ရန်ကုန်မြို့လယ်ကောင်မှာတောင်မှ ရက်ရက်စက်စက် နှိမ်နင်းသတ်ဖြတ်မှုတွေကို ကျူးလွန်နေတာကိုကြည့်ရင် ဘယ်မီဒီယာမှ မရှိတဲ့ တောကြိုအုံကြားက တိုင်းရင်းသားကျေးရွာတွေမှာ ဘယ်လောက်ထိ ဆိုးဆိုးရွားရွား ခံစားခဲ့ကြရရှာလေမလဲ။ ဘာကြောင့် တိုင်းရင်းသားတွေ လက်နက်စွဲကိုင်ခဲ့ကြရသလဲဆိုတာကို နားလည်သဘောပေါက်လောက်မယ်ထင်ပါတယ်။

By ရမ္မာကျော်စော 23 May 2021

DMG ၊ မေ ၂၃

(အတွေးအမြင်ဆောင်းပါး)

လမ်းမတွေပေါ်မှာ သွေးအလိမ်းလိမ်းနဲ့ ပိုင်ရှင်မဲ့ဖိနပ်တွေ၊ ဝီစီမှုတ်သံတွေ၊ စစ်ယူနီဖောင်း၊ ရဲယူနီဖောင်းတွေ ဝတ်ပြီး သေနတ်ကြီးတကားကားနဲ့ အမိန့်ပေးအော်ဟစ်သံတွေ၊ ကျယ်လောင်လှတဲ့ သေနတ်သံတွေနဲ့ နေ့စဉ်နဲ့အမျှ သွေးမြေကျနေရတဲ့ မြင်ကွင်းမျိုးတွေကို ရန်ကုန်မြို့လို နေရာမျိုးမှာ မြင်တွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားမိတာ အမှန်ပါ။
သံဆူးကြိုးအတားအဆီးတွေနဲ့ ပြည့်နှက်နေတဲ့ လမ်းမတွေအပြင် လမ်းဆုံ လမ်းထောင့်တွေတိုင်းလိုလိုမှာ လုံခြုံရေး အစောင့်အကြပ်တွေကို တွေ့နေရတာကလည်း လွန်ခဲ့တဲ့ ၂ နှစ်က ရခိုင်ပြည်နယ်က မြို့တွေမှာသာ မြင်တွေ့ခဲ့ဖူးတာပါ။

ဒါပေမဲ့လည်း ဒီလိုမြင်ကွင်းမျိုးတွေက ရန်ကုန်မြို့တစ်ခုတည်းသာမဟုတ်ဘဲ မြန်မာနိုင်ငံရှိ မြို့ကြီးမြို့ငယ် အသွယ်သွယ်မှာ ဖေဖော်ဝါရီလ အစောပိုင်းကတည်းကစတင်ပြီး ခပ်စိပ်စိပ် မြင်တွေ့လာနေရပါတယ်။ သေနတ်သံဆိုတာကိုလည်း လူထုလှုပ်ရှားမှုရှိတဲ့ မြို့နယ်တိုင်းမှာ ကြားဖူးနေကြပါပြီ။ တစ်ချိန်က တောတောင်တွေထဲက သေနတ်သံတွေနဲ့ သံချပ်ကာကားကြီးတွေဟာလည်း တစတစနဲ့ မြို့လယ်ကောင်တွေမှာ  နေရာယူလာတာကိုလည်း တွေ့လာရပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ပြီး စစ်တပ်က နိုင်ငံတော်ရဲ့ အာဏာအရပ်ရပ်ကို သိမ်းယူလိုက်ပြီးတဲ့နောက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ ဆက်တိုက်ဆိုသလို မြို့ကြီးတွေ အတော်များများမှာ ဖြစ်ပေါ်လာခဲ့ကြတာပါ။

အဲဒီလို ဆန့်ကျင်ဆန္ဒပြမှုတွေကို စစ်တပ်နဲ့ ရဲတွေက ဖြိုခွင်း နှိမ်နှင်းခဲ့တာကြောင့် အခုဆိုရင် လူပေါင်း ၁၀၀၀ ထက်မနည်း သေဆုံးခဲ့ကြရပြီလည်းဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘယ်လူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် မတရားသဖြင့် ထိခိုက်သေဆုံးကြရတယ်ဆိုရင် ဒါဟာ ကျနော်တို့ လူသားအားလုံးအတွက် စိတ်ထိခိုက်ကြေကွဲစရာတွေ ဖြစ်ရပါတယ်။ လူသားချင်း စာနာထောက်ထားမှုမှာ အသားအရောင် ဘာသာစကား ခွဲခြားပြီး ခံစားနေစရာမလိုဘူး။

အာရပ်နွေဦးတုန်းက ယီမင်နိုင်ငံရဲ့ လမ်းမတွေပေါ်မှာ သေဆုံးခဲ့ကြသူတွေကို ကြည့်ရင်းနဲ့လည်း ကျနော်တို့တွေ မျက်ရည်ဝဲခဲ့ကြရတာပါပဲ။ အမေရိကမှာ လူမည်းတစ်ယောက်ကို ရဲကပစ်သတ်လိုက်လို့ သေသွားတော့လည်း ကျနော်တို့ ခံစားကြရတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒါတွေဟာ တရားမျှတစွာ သေဆုံးခဲ့ကြတာတွေ မဟုတ်ခဲ့ကြလို့ပဲဖြစ်ပါတယ်။ အာဏာရှိတဲ့သူ၊ လက်နက်အင်အားရှိတဲ့သူတွေက နိုင်ထက်စီးနင်း နှိပ်ကွပ်ခဲ့ကြလို့ သေဆုံးချိန်မတန်ဘဲ သေဆုံးခဲ့ကြရသူတွေကို ကျနော်တို့ အသိအမှတ်ပြုရပါလိမ့်မယ်။ လေးစားတန်ဖိုးထားရပါလိမ့်မယ်။ ဒါသည်ပင် ကျနော်တို့ရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ပိုင်ခွင့် ဖြစ်ပါတယ်။

အမှန်တကယ်တော့ ကျနော်တို့ တိုင်းရင်းသားအများစုရဲ့ ဆန္ဒက လွတ်လပ်ရေး မတိုင်ခင်က သဘောတူညီမှု ရရှိထားခဲ့တဲ့ ပင်လုံကတိကဝတ်ကို အကောင်အထည်ဖော်ပေးဖို့ပဲ ဖြစ်ပါတယ်။ ဖဆပလအစိုးရကပဲဖြစ်ပါစေ၊ အိမ်စောင့်အစိုးရကပဲဖြစ်ပါစေ၊ တော်လှန်ရေးကောင်စီအစိုးရကပဲဖြစ်ပါစေ၊ တစ်ပါတီအာဏာရှင်စနစ်ဖြစ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကောင်စီကပဲဖြစ်ပါစေ၊ နဝတ၊ နအဖ၊ အရပ်သားအသွင်ပြောင်း ဒီမိုကရေစီအစိုးရကပဲဖြစ်ပါစေ နောက်ဆုံး လူထုတင်မြှောက်ခဲ့ပါတယ်ဆိုတဲ့အစိုးရနှင့် လက်ရှိ စစ်ကောင်စီကပဲ ဖြစ်ပါစေ ပင်လုံကတိကဝတ်ကိုသာ အကောင်အထည်ဖော်ပေးနိုင်ခဲ့မယ်ဆိုရင် ပြည်သူတွေ နောက်ထပ် သွေးမြေကျစရာအကြောင်း မရှိတော့ပါဘူး။

ပြည်တွင်းပြည်ပ မီဒီယာတွေရဲ့ မျက်နှာစာတစ်ခုဖြစ်တဲ့ ရန်ကုန်မြို့လယ်ကောင်မှာတောင်မှ ရက်ရက်စက်စက် နှိမ်နင်းသတ်ဖြတ်မှုတွေကို ကျူးလွန်နေတာကိုကြည့်ရင် ဘယ်မီဒီယာမှ မရှိတဲ့ တောကြိုအုံကြားက တိုင်းရင်းသားကျေးရွာတွေမှာ ဘယ်လောက်ထိ ဆိုးဆိုးရွားရွား ခံစားခဲ့ကြရရှာလေမလဲ။ ဘာကြောင့် တိုင်းရင်းသားတွေ လက်နက်စွဲကိုင်ခဲ့ကြရသလဲဆိုတာကို နားလည်သဘောပေါက်လောက်မယ်ထင်ပါတယ်။

လက်ရှိ စစ်တပ်က အာဏာရယူထားမှုဟာ ၁၉၅၈ က ဗိုလ်နေဝင်း လုပ်ခဲ့တဲ့ အိမ်စောင့်အစိုးရပုံစံမျိုးပါပဲ။ တကယ်လို့ နောက်ထပ် ရွေးကောက်ပွဲလုပ်ဖြစ်ခဲ့လို့ သူတို့စိတ်ကြိုက်ပါတီသာ အနိုင်မရခဲ့ဘူးဆိုရင် ၁၉၆၂ မှာလို အာဏာပြန်မသိမ်းဘူးလို့ ဘယ်သူအာမခံနိုင်မလဲ။ သူတို့မှာ နည်းဗျူဟာ အသစ်မရှိပါဘူး။ ဒီပုံစံအတိုင်းပဲ ထပ်တလဲလဲ ကျင့်သုံးနေမှာပါ။
နဝတ လက်ထက်က ဗိုလ်ခင်ညွန့်ရဲ့ လုပ်ကွက်မျိုးတွေကိုလည်း မြင်တွေ့ရနိုင်ပါသေးတယ်။ ၁၉၉၄ ခုနှစ်လောက်ကစပြီး အင်အားကြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်တော်များများကို စည်းရုံးသိမ်းသွင်းခဲ့ကာ လက်နက်နဲ့ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့် ပေးခဲ့သလိုမျိုးလည်း လုပ်လာနိုင်ပါသေးတယ်။
အဲဒီတုန်းကလည်း နဝတ အဖွဲ့က သူတို့ဟာ တရားဝင်အစိုးရတရပ် မဟုတ်တဲ့အတွက် ငြိမ်းချမ်းရေးကိစ္စကို စားပွဲဝိုင်းမှာ ဆွေးနွေးမှာမဟုတ်ဘူး၊ တရားဝင်အစိုးရတက်လာတဲ့အခါမှ အဲဒီကိစ္စကိုဆွေးနွေးပါ၊ လက်ရှိအချိန်မှာတော့ အပစ်အခတ်ရပ်စဲထားမယ်၊ ခင်ဗျားတို့လည်း ကိုယ့်လက်နက်ကိုယ် ကိုင်ထားပါဆိုတဲ့အကွက်မျိုးကို ဖန်တီးပြီး လက်နက်နဲ့ ငြိမ်းချမ်းရေးဆိုပြီး ပြုလုပ်ခဲ့ကြသေးတာပဲ။ အခုလည်း အဲဒီလို ပုံစံမျိုးတွေ မလုပ်လာဘူးလို့ မဆိုနိုင်ပါဘူး။

လွတ်လပ်ရေးနဲ့အတူ မွေးဖွားလာခဲ့တဲ့ ပြည်တွင်းစစ်မှာ ကွန်မြူနစ်ဆိုသူတွေသေခဲ့ရတယ်။ ကရင်၊ ကချင်၊ ရှမ်း၊ ချင်း၊ မွန်၊ ရခိုင်၊ ဗမာနဲ့ ကျန်တဲ့တိုင်းရင်းသားလူမျိုးစုတွေအားလုံးမှာ သွေးမြေကျခဲ့ကြရတယ်။ ဒါတွေကို အဆုံးသတ်ဖို့ဆိုရင်တော့ စားပွဲဝိုင်းမှာထိုင်ပြီး အဖြေရှာနိုင်မှ ဖြစ်ပါလိမ့်မယ်။

နောက်ထပ်မြင်တွေ့လာရတာတွေကလည်း ရင်နင့်စရာကောင်းလှပါတယ်။ ဟိုယခင်တုန်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲဖြစ်တဲ့ နယ်မြေတွေထဲက ရွာသားတွေကို မသင်္ကာလို့ဆိုပြီး ဖမ်းသွားတယ်၊ မနက်ကျတော့ အလောင်းကိုပဲ ပြန်ရတာမျိုး၊ တချို့မှာဆိုရင် အလောင်းကိုတောင် မမြင်လိုက်ရဘဲ ပျောက်ခြင်းမလှ ပျောက်သွားတာမျိုးတွေကို အခုဆို ရန်ကုန်နှင့် မန္တလေးလို မြို့ကြီးတွေမှာတောင် မြင်တွေ့လာပြီ ဖြစ်ပါတယ်။

စစ်အာဏာရှင်တို့သဘာဝအတိုင်း မိမိတို့ အာဏာတည်မြဲရေးအတွက်ပဲ စဉ်းစားဆုံးဖြတ်ပြီး ပြည်သူတွေ ဘယ်လောက်ပဲသေသေ အလေးထားမှာမဟုတ်ပါဘူး။ စစ်အာဏာရှင်ကိုလည်း ပေါင်းစည်းမှု အင်အားနဲ့ပဲ ဖြုတ်ချနိုင်မှာ ဖြစ်ပါတယ်။ တစ်ယောက်တစ်ပေါက် တိုက်နေကြရုံနဲ့ အာဏာရှင်စနစ်ကို ဖြုတ်ချလို့ မရနိုင်ပါဘူး။

ကျနော်တို့ ပြည်သူတွေ စစ်အာဏာရှင်ခေတ်မှာ ဘယ်လိုတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရသလဲ ဆိုတာ ပြန်ပြီး ဆင်ခြင်သုံးသပ်ဖို့ လိုအပ်တယ်။ ကိုယ့်လယ်ကိုယ်လုပ်ပြီး တစ်ဧကကို စပါးဘယ်နှစ်တင်း သွင်းရမယ်ဆိုပြီး ပေါက်ဈေးရဲ့ ငါးပုံတစ်ပုံတောင်မရတဲ့ ဈေနှုန်းနဲ့ တပ်ကို ရောင်းပေးခဲ့ရတာတွေ၊ ကျောင်းသားလူငယ်ကပင်အစ လုပ်အားပေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လမ်းလုပ်၊ဆည်တူး လုပ်ခဲ့ရတာတွေဟာ စစ်အစိုးရလက်ထက်မှာ ကြုံတွေ့ခဲ့ရတာတွေပါ။

စစ်အာဏာသိမ်းခြင်းဟာ နိုင်ငံတဝှမ်းမှာ နေထိုင်နေကြတဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံးကို သက်ရောက်မှု ရှိပါတယ်။ ကိုယ်နဲ့မဆိုင် ကိုယ့်ကို လာမထိသေးလို့ ဘာမှလုပ်စရာမလိုလို့ အသာနေရင်တော့ အသေနာပါလိမ့်မယ်။ ကျနော်တို့တွေဟာ ဒီမိုကရေဆိုတဲ့ခေတ်မှာတောင် လွတ်လပ်မှုအရသာကို အပြည့်အဝ မခံစားခဲ့ကြရသေးပါဘူး။ အခုဆိုရင် ပိုပြီးတော့ ဆိုးရွားလာပါသေးတယ်။ တစ်အိမ်နဲ့တစ်အိမ် တစ်ရွာနဲ့တစ်ရွာ တစ်မြို့နဲ့တစ်မြို့ကို သွားဖို့ကိုတောင် အချိန်အကန့်အသတ်နဲ့ သွားလာနေကြရပါတယ်။ အာဏာသိမ်းထားသူတွေဆီမှာ တရားမျှတမှုကို သွားရှာလို့ မရနိုင်ပါဘူး။ ပြည်သူရဲ့အာဏာဟာ ပြည်သူလက်ထဲကို ပြန်ရောက်မှသာ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ကြပါမယ်။

ကျနော်တို့ဟာ တစ်ပါတီအာဏာရှင်ခေတ်မှာ မွေးဖွားခဲ့ကြတယ်။ နဝတ၊ နအဖ လက်အောက်မှာ သမိုင်းမှန်မဟုတ်တဲ့ သမိုင်းတွေသင်ပြီး ကြီးပြင်းခဲ့ကြရတယ်။ အမှန်တရားတွေကို ဖုံးကွယ်ထားပြီး လုပ်ကြံဖန်တီးထားတဲ့ သွေးထိုးစကားလုံးတွေနဲ့ ဦးနှောက်ကို ဆေးကြောခံထားခဲ့ရတာပါ။ ဥပမာ - တိုင်းရင်းသားလက်နက်ကိုင်လို့ ဆိုလိုက်တာနဲ့ တကယ့်ကို ဆိုးသွမ်းယုတ်မာတဲ့ သူပုန်တွေအဖြစ်ပုံဖော်ပြီး သူတို့ကသာ တိုင်းပြည်ရဲ့ ရန်အသွယ်သွယ်ကို ကာကွယ်ပေးနေတဲ့ သူရဲကောင်းအုပ်စုတွေလို့မြင်အောင် ထင်ယောင်ထင်မှား ပြုလုပ်ခဲ့ကြတယ်။

လက်ရှိအနေအထားမှာတော့ ပြည်မက မြို့တွေ တော်တော်များများမှာ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေကို တွေ့လာရပါတယ်။ တိုင်းရင်းသားဒေသအချို့မှာလည်း ပြင်းပြင်းထန်ထန် ဖြစ်နေတာတွေကိုလည်း တွေ့နေရပါတယ်။ မပါဝင်လာနိုင်သေးတဲ့သူတွေကိုလည်း အပြစ်မမြင်စေချင်ဘူး။ ကျနော်တို့ တိုင်းရင်းတွေအနေနဲ့လည်း အခု ဖြစ်နေတာတွေကို ခံစားနားလည်လို့ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအခြေအနေမျိုးတွေကို ကိုယ်တိုင် ခံစားဖူးခဲ့ကြလို့ပါပဲ။

ကျနော်တို့မှာ နာကြည်းမှုတွေ၊ ခံပြင်းမှုတွေနဲ့အတူ စိတ်ဒဏ်ရာတွေ၊ ခန္ဓာကိုယ်က ဒဏ်ရာတွေဟာ အခုအချိန်အထိ မပျောက်ကြသေးပါဘူး။ အမာရွတ်တွေ ကျန်ရှိနေကြဆဲပါ။ ဒါကြောင့် အမာရွတ်တွေနဲ့ လူသားတွေချင်းမို့ တစ်အုပ်စုကို တစ်အုပ်စုက အပြစ်မမြင်ဘဲ စည်းလုံးခြင်းအင်အားနဲ့ ရှေ့ဆက်နိုင်မှသာ အောင်မြင်မှုပန်းတိုင်ဆီကို အရောက်ချီလှမ်းနိုင်မှာ ဖြစ်ပါတယ်။

ရမ္မာကျော်စော ရေးသားသည်