“သံသယ” ခေါင်းစဉ်အောက်မှာ အထိနာနေရတဲ့ လူငယ်တွေ

ရခိုင်စစ်ဆင်ရေးကာလမှာ အစိုးရနှင့် တပ်မတော်ရဲ့ပေါ်လစီနဲ့ လုပ်ရပ်တချို့ဟာ ဒေသခံပြည်သူတွေကို အကာအကွယ်ပေးရာ မရောက်ဘဲ စိတ်ဒဏ်ရာတွေပေးနေသလို ဖြစ်နေတာကို အချိန်မီ ပြင်ဆင်နိုင်ဖို့ လိုပါတယ်။ ခွေးကိုတောင် ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်တတ်တယ်ဆိုတဲ့ စကားပုံ ရှိပါတယ်။ လူတွေဆိုတာကတော့ အထွေအထူးပြောစရာမလို၊ ခံစားချက်ကို...

By ရမ္မာကျော်စော 22 May 2020

ဖြစ်ရိုးဖြစ်စဉ်အရ စစ်ရေးပဋိပက္ခ ဖြစ်ပွားနေတဲ့ဒေသတွေမှာ လူ့အခွင့်ရေးချိုးဖောက်ခံရမှုတွေ၊ အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ဆိုတာကတော့ ရှိနေမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း....

ရမ္မာကျော်စော ရေးသားသည်။

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလကပင် စတင်ပြင်းထန်လာတဲ့ ရခိုင်ဒေသတိုက်ပွဲတွေဟာ ဒီနေ့အချိန်မှာ ပိုမိုပြင်းထန်တဲ့အခြေအနေကို ရောက်ရှိနေပြီး ဒဏ်ရာရ၊ ထိခိုက်၊ သေဆုံးတဲ့ အရပ်သားအရေအတွက်ဟာလည်း တဖြည်းဖြည်း တိုးလာနေတာကို တွေ့မြင်နေရပါတယ်။ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေဟာ ဆိုရင်လည်း မကြားချင်မှအဆုံး နေ့စဉ်ရက်ဆက်ဆိုသလိုပဲ ကြားသိနေရပါတယ်။

လက်ရှိမှာ ရခိုင်လူငယ်အများစုဟာ လမ်းသွားရင်းလည်း စစ်ဆေး၊ ဖမ်းဆီး၊ ထိန်းသိမ်းခံရ။ အိမ်နေရင်းလည်း ဖမ်းဆီးခေါ်ဆောင်ခံရ၊ ညှဉ်းပမ်းနှိပ်စက်ခံရနဲ့ အတော်လေးကို ကျီးလန့်စာစား ဖြစ်နေကြရပါတယ်။ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံရပြီးနောက် သတင်းအစအန ပျောက်ဆုံးသွားတာတွေ၊ အလောင်းကိုပဲ ပြန်တွေ့ရတာတွေ ဆိုတာကလည်း ဒုနဲ့ဒေးပါပဲ။

မေလ ၁၀ ရက်နေ့က ရခိုင်လူငယ်(၅)ဦးကို စစ်ရေယာဉ်တစ်စီးပေါ်မှာ လက်ကို နောက်ပြန်ချည်ထားကာ မျက်နှာကိုအဝတ်နှင့်စည်းပြီး ကန်ကျောက်ရိုက်နှက်စစ်ဆေးနေတဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာခဲ့ပါတယ်။ မေလ ၁၁ ရက်နေ့မှာတော့ အဲဒီလို ရိုက်နှက်စစ်ဆေးနေတဲ့သူတွေဟာ တပ်မတော်သားတွေ ဟုတ်၊ မဟုတ် အတိအကျမသိရသေးဆိုတဲ့ တပ်မတော်ရဲ့တုန့်ပြန်ချက်ကိုပဲ ရခဲ့ကြပါတယ်။

အဲဒီဗွီဒီယိုဖိုင်ဟာ ပြည်ပသတင်းဌာနတွေကတဆင့် လူထုကြား တဖြည်းဖြည်းနဲ့ စိတ်ဝင်စားမှု မြင့်တက်လာပြီးနောက် မေလ ၁၂ ရက်နေ့မှာတော့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဥပဒေနှင့် မလျော်ညီတဲ့ စစ်ဆေးမေးမြန်းမှုများဖြစ်ကြောင်းဖော်ပြပြီး ဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ တပ်မတော်သားများကို စစ်စည်းကမ်းအရ အရေးယူနိုင်ရေးအတွက် စုံစမ်းမှုတွေပြုလုပ်နေတယ်လို့ ဆိုပါတယ်။

သတင်းဌာနတွေရဲ့ဖော်ပြချက်အရ အဲဒီလူငယ်ငါးဦးဟာ ဧပြီလ ၁၅ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာကနေ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရတဲ့ ၃၈ ဦးအနက် ပြန်လည်လွှတ်ပေးတဲ့အထဲမှာ မပါဘဲ ကျန်ခဲ့တဲ့ ငါးဦးဖြစ်တယ်လို့ သိရပါတယ်။ သူတို့ ၅ ဦးကို အမြင့်ဆုံး ထောင်ဒဏ် တစ်သက်ကျခံစေနိုင်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ပုဏ္ဏားကျွန်းမြို့ရဲစခန်းမှာ ဧပြီလ ၂၃ ရက်နေ့က အမှုဖွင့်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အမှုဖွင့်ခံထားရတဲ့ အဲဒီလူငယ် ၅ ဦးကို ဧပြီလ ၂၇ ရက်နေ့မှာ ပုဏ္ဏားကျွန်းရဲစခန်းကနေ စစ်ကားတစ်စီးနဲ့ ခေါ်ထုတ်သွားတာကို မိသားစုဝင်တွေက တွေ့လိုက်ရတယ်လို့ သတင်းဌာနအချို့ကို ပြောဆိုထားပါတယ်။

ဒီနေရာမှာ မေးခွန်းထုတ်စရာဖြစ်လာတာတစ်ခုက အစိုးရက အကြမ်းဖက်အဖွဲ့အစည်းလို့ ကြေငြာထားတဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုနဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ ရဲစခန်းမှာ ချုပ်နှောင်၊ အမှုဖွင့်ပြီးခါမှ တရားရုံးမှာ ရုံးတင်စစ်ဆေးရမဲ့အစား တပ်မတော်စစ်ရေယာဉ်ပေါ်မှာ ရိုက်နှက်စစ်ဆေးပြီး ဝန်ခံခိုင်းတယ်ဆိုတာ မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ဥပဒေတွေထဲက ဘယ်ဥပဒေအရ စစ်ဆေးတာလဲလို့ မေးရမှာဖြစ်ပါတယ်။

ဒါက အခုတလောမှ ပူပူနွေးနွေးပဲ ရှိပါသေးတယ်။ အဲဒီလိုဖြစ်စဉ်တွေဟာ ၂၀၁၉ ခုနှစ်နဲ့ ဒီနှစ် အစောပိုင်းကာလတွေမှာလည်း အနည်းဆုံး ၁၅ မှုထက်မနည်း ဖြစ်ခဲ့တာတွေရှိပါတယ်။ အဲဒီဖြစ်စဉ်တွေမှာဆိုရင် လူသေဆုံးတာတွေ၊ ပျောက်ဆုံးသွားတာတွေတောင် ရှိပါတယ်။

၂၀၁၉ ခုနှစ် မတ်လ ၂ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာ စာသင်ကျောင်းမှာ ခေါ်ယူစစ်ဆေးနေတဲ့ ၂၇၅ ယောက်ထဲက တချို့မှာ တပ်မတော်သားတွေရဲ့လက်ထဲက သေနတ်ကိုလုတယ်လို့ စွပ်စွဲချက်နဲ့ ပစ်ခတ်ခဲ့လို့ အဲဒီနေရာမှာပဲ လူခြောက်ယောက် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ရှစ်ယောက် ဒဏ်ရာရရှိသွားပါတယ်။ အဲဒီ ဒဏ်ရာရသွားတဲ့ လူတွေထဲက နှစ်ဦးဟာလည်း ဆေးကုသမှုခံယူနေရင်း ထပ်မံသေဆုံးခဲ့ရပြန်ပါတယ်။

အဲဒီဖြစ်စဉ်မှာလည်း တပ်မတော်ရဲ့ ထုတ်ပြန်ချက်ဟာ ဒေသခံတွေရဲ့ ပြောကြားချက်တွေနဲ့ ထပ်တူမကျခဲ့ပါဘူး။ ကျေးရွာသားတွေရဲ့ ပြောပြချက်အရ မေလ ၂ ရက်နေ့ နံနက် ၂ နာရီဝန်းကျင် လောက်မှာ စစ်ဆေးဖို့ ခေါ်ယူထားသူတွေထဲက စိတ်မနှံ့သူတစ်ဦးက ထအော်လို့ ပစ်ခတ်ခံရတာလို့ ဆိုပေမဲ့ တပ်မတော်က သေနတ်လုလို့ ပစ်ရပါတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မြန်မာနိုင်ငံ လူ့အခွင့်ရေးကော်မရှင်က လာရောက်စစ်ဆေးတာတွေ ရှိခဲ့ပေမဲ့လည်း အရေးယူတာတွေ လုပ်ဆောင်တာတော့ ဒီနေ့အထိ မတွေ့ရသေးပါဘူး။

ဒါ့အပြင် ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့က ဝေသာလီဘုရားပြုပြင်ရေးမှာ လက်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်နေတဲ့ ကိုဇော်ဝင်းလှိုင် (၂၈ နှစ်) ဟာလည်း ၂၀၁၉ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ နေ့လယ်ထမင်းစားနားချိန်မှာ အခြားလုပ်ဖော်ကိုင်ဖက် ၃ ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီတုန်းက ကိုဇော်ဝင်းလှိုင်အပါအဝင် ၁၀ ဦးကို AA နဲ့ ဆက်စပ်လို့ဆိုပြီး စစ်ဆေးနေရှိတယ်လို့ ထုတ်ပြန်ခဲ့တာရှိပါတယ်။

အဲဒီလို ဖမ်းဆီးစစ်ဆေးနေစဉ် ကာလမှာပဲ မြောက်ဦးမြို့နယ် ပေါက်တောပြင်ရွာသား ကိုနေမျိုးထွန်းရဲ့ ရုပ်အလောင်းကို ဇွန်လ ၂၄ ရက်မှာ တပ်မတော်ကနေ ကျောက်တော်ဆေးရုံကို လာပို့သွားခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် တပ်မတော်ရဲ့ စစ်ကြောရေးလုပ်ငန်းစဉ်တွေမှာ ဥပဒေအတိုင်း ဆောင်ရွက်မှု အားနည်းနေသေးတယ်ဆိုတာကို မီးမောင်းထိုးပြလိုက်သလို ကွက်ကွက်ကွင်းကွင်း မြင်တွေ့နိုင်ပါတယ်။

၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာတော့ တပ်မတော်က ဖမ်းဆီးစစ်ဆေးနေတဲ့ မြောက်ဦးမြို့နယ် ရွှေထွန်းဖြူကျေးရွာနေ ကိုဇော်ဝင်းလှိုင်ဟာ ညှဉ်းပမ်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေကြောင့် စစ်တွေဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း သေဆုံးသွားခဲ့ပါတယ်။

‘‘အမေ ကျနော့်ကို ရေမတိုက်နဲ့တော့။ ကျနော် သိပ်မကြာတော့ဘူး ထင်တယ်။ မကြာခင် သေရတော့မှာပါ။ အထဲက ကလီစာတွေလည်း ကြေမွနေပါပြီ။ အမေ ရေမတိုက်ပါနဲ့တော့။ သား အရမ်းမွန်းကျပ်တယ် အမေ။ အမေ သားသွားတော့မယ်နော်’’ ဆိုတဲ့ ကိုဇော်ဝင်းလှိုင် သူ့အမေကို နောက်ဆုံးမှာခဲ့တဲ့ စကားဟာဆိုရင်လည်း လူမှုကွန်ယက်ပေါ်မှာ တော်တော်လေး လှုပ်ခတ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ မြောင်းဘွေကျေးရွာအနီးမှာ တပ်မတော်ယာဉ် (၁၈)စီးကို AA က တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။ ယင်းတိုက်ပွဲကြောင့် ဘူးတလုံး၊ အမြောက်တောင်၊ လက်သန်းချေ၊ ကျွဲတဲ၊ ရွှေလှံကျေးရွာတွေက ဒေသခံ (၉)ဦး သေဆုံးသွားပြီး (၁၈)ဦး ဒဏ်ရာရရှိသွားကြပါတယ်။

အဲဒီဖြစ်စဉ်မှာ ရွှေလှံကျေးရွာက ဦးထွန်းထွန်းဝင်းအပါအဝင် (၅)ဦးနှင့် အခြားကျေးရွာတွေက (၈)ဦး စုစုပေါင်း (၁၃)ဦးကို တပ်မတော်က ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဲဒီထဲက တချို့ကို နေအိမ်တွေမှာ လာရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မတ်လ (၂)ရက်နေ့မှာတော့ လက်သန်းချေကျေးရွာက ကိုမောင်ကျော်ခိုင်(၃၆ နှစ်) ၊ ကျွဲတဲကျေးရွာက ကိုမောင်သန်းဌေး (၃၉ နှစ်)နှင့် ဘူးတလုံးမွတ်ဆလင်ကျေးရွာက ဟာဘီအာလောင် (၅၂ နှစ်)တို့ရဲ့ သေဆုံးနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ရွှေလံှကျေးရွာက ဦးမောင်စောလှိုင် (၄၇ နှစ်) ရဲ့ ရုပ်အလောင်းကို မတ်လ (၁)ရက်နေ့က တွေ့ရှိခဲ့ပါတယ်။ သူတို့ဟာ တပ်မတော်က ဖမ်းဆီးရာမှာ ပါဝင်သွားသူတွေဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါပေမဲ့လည်း မတ်လ ၃ ရက်နေ့မှာတော့ မြောက်ဦးမြို့နယ်ထဲက မင်္ကာဖွယ်ရာ ၁၄ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ တပ်မတော်ကထုတ်ပြန်ခဲ့ပေမဲ့ သေဆုံးသွားတဲ့သူတွေနဲ့ ပတ်သက်လို့တော့ ဘာမှပြောဆိုထားတာ မတွေ့ရပါဘူး။

သိပ်မကြာသေးခင်ကလည်း ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လိပ်ဆင်းပြင်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် ကိုဇော်ကြီးဟာ ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းမှာ မြောက်ဦးကို ဆိုင်ကယ်ဘီးပြင်ဖို့အတွက် သွားရာမှာ မြို့အဝင် ငွေတောင်ပေါက်တံတားနားမှာရှိနေတဲ့ တပ်မတော်စစ်ဆေးရေး ဂိတ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း နောက်တစ်နေ့ ဧပြီ ၃၀ ရက်နေ့မနက်မှာတော့ သူ့ရဲ့ ရုပ်အလောင်းကိုပဲ မိသားစုဝင်တွေက ပြန်လည်ရရှိခဲ့ပါတယ်။ မြောက်ဦးမြို့ အခြေစိုက် အမှတ်-၃၇၇ တပ်ရင်းကနေ ဖမ်းဆီးခဲ့တာဖြစ်ပြီး တစ်ညအတွင်းမှာ လူအရှင်လတ်လတ်ကနေ အလောင်းဖြစ်သွားခဲ့ရတာပါ။

အဲဒီဖြစ်စဉ်အပေါ်မှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းပြီး စစ်ဆေးနေတဲ့သူတစ်ဦးရှိကြောင်း၊ သူ့ရဲ လက်ကိုင်ဖုန်းထဲမှာ AA နဲ့ ပတ်သက်တဲ့ဗီဒီယိုတွေနဲ့ အဆက်သွယ်တွေကို တွေ့ရှိထားကြောင်း၊ ဖမ်းဆီးစစ်ဆေးခံရသူ သေဆုံးသွားတယ်ဆိုတဲ့သတင်းတော့ မရသေးကြောင်း၊ တကယ်လို့ သေဆုံးခဲ့ရရင်လည်း သေမှုသေခင်းဖွင့်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ဥပဒေကြောင်းအရ ဆက်ပြီးဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေးတယ်ဆိုရင်လည်း အမှုထင်ရှားတယ်ဆိုရင်လည်း တရားစွဲတာတွေ လုပ်ဆောင်မှာ ဖြစ်တယ်လို့ RFA ကို ဖြေကြားထားတာကို တွေ့ရပါတယ်။

အခုလို အရပ်သားတွေ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခံရမှုတွေမှာ ကျူးလွန်တဲ့သူတွေကို အပြစ်ပေး အရေးယူတယ်ဆိုပေမဲ့လည်း ပွင့်လင်းမြင်သာမှုရှိတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ ဥပမာအနေနဲ့ ပြောရရင် ၂၀၁၇ ခုနှစ်က မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာမှာ မွတ်ဆလင်တွေ အစုလိုက် အပြုံလိုက်အသတ်ခံခဲ့ရတဲ့ဖြစ်စဉ်မှာ တပ်မတော်သားတချို့အပါအဝင် ဒေသခံကျောင်းဆရာတစ်ဦးလည်း အရေးယူခြင်း ခံခဲ့ရပါတယ်။ တပ်မတော်သားတွေထဲမှာ အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံခဲ့ရသူတွေ ပါဝင်ခဲ့ပေမဲ့လည်း ၂၀၁၉ နှစ်ကုန်ပိုင်းမှာတော့ အဲဒီဖြစ်စဉ်မှာ ပါဝင်ခဲ့လို့ အရေးယူ ခံထားရတဲ့ တပ်မတော်သားတွေဟာ အကျဉ်းထောင်တွေထဲမှာ မရှိတော့ဘဲ ပါဝင်ပတ်သက်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ဒဏ် ၅ နှစ်ကျခံနေရတဲ့ ကျောင်းဆရာ ကိုအေးထွန်းတစ်ယောက်သာ ထောင်ထဲမှာကျန်ခဲ့တယ်လို့ Development Media Group(DMG) ရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။ ဒီလိုအချက်အလက်တွေကြောင့်လည်း တပ်မတော်က အရေးယူပါတယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေကို လူထုက ယုံကြည်မှုကျဆင်းနေတာလည်း ဖြစ်ပါတယ်။

နောက်ထပ် မရိုးရအောင် ကြားနေရတာတွေက ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေကြတဲ့ အမှုတွေပါ။ မတ်လ ၁၆ ရက်နေ့က ကျောက်တော်မြို့နယ်၊ တင်းမကြီးကျေးရွာက ဦးမောင်ဝင်းစိန်ဟာ မိသားစုနဲ့ ထမင်းအတူစားနေစဉ်မှာပဲ တပ်မ ၁၁ လက်အောက်ခံ တပ်ရင်းတစ်ခုက ဖမ်းဆီးတာကို ခံခဲ့ရပြီး အခု နှစ်လကျော်ကြာတဲ့အထိ ဘယ်နေရာမှာချုပ်ထားသလဲ၊ သေသလားရှင်သလား မသိရတဲ့ အခြေအနေလို့ သူ့ရဲ့ဇနီးဖြစ်သူ ဒေါ်ဝင်းစိန်ဦးက ပြောဆိုထားပါတယ်။

လက်ရှိ ရခိုင်ဒေသမှာ တိုက်ပွဲတွေဟာ တစထက်တစ ပြင်းထန်လာနေသလို အရပ်သားတွေ ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရမှုတွေဟာလည်း တိုးလာနေပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ တစ်လအတွင်းမှာပဲ လူ့အခွင့် အရေးချိုးဖောက်မှုက ၅၈ မှု၊ လက်နက်ကြီးထိမှန် ဒဏ်ရာရတာက ၁၄ မှု၊ သေနတ်ပစ်ခံရပြီး ဒဏ်ရာရတာက ၇ မှု၊ လက်နက်ကြီးထိမှန်လို့ သေဆုံးတာက ၈ ဦး၊ သေနတ်ပစ်ခံရပြီးသေဆုံးတာက ၁၀ ဦး၊ မြေမြှုပ်မိုင်းထိပြီးသေဆုံးတာက ၃ ဦး၊ ညှဉ်းပမ်းနှိပ်စက်ခံရပြီး သေဆုံးတာက ၁ ဦး၊ ဖမ်းဆီးချုပ်နှောင် ခြင်းခံရတာ ၁၁ ဦးနှင့် နေအိမ်မီးလောင်ပျက်စီးမှု ၂ မှု ရှိခဲ့တယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များအစည်းအရုံး(AASYC)က ထုတ်ပြန်ထားပါတယ်။

ဖြစ်ရိုးဖြစ်စဉ်အရ စစ်ရေးပဋိပက္ခ ဖြစ်ပွားနေတဲ့ဒေသတွေမှာ လူ့အခွင့်ရေးချိုးဖောက်ခံရမှုတွေ၊ အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ဆိုတာကတော့ ရှိနေမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပဋိပက္ခဖြစ်ပွားနေတဲ့ နှစ်ဖက်တပ်ဖွဲ့တွေအနေနဲ့ အရပ်သားထိခိုက်သေဆုံးမှုတွေကို နည်းနိုင်သမျှ နည်းအောင် ဆင်ခြင်ကြဖို့လိုပါလိမ့်မယ်။

နောက်တစ်ချက်က စစ်တွေ-ရန်ကုန် အဝေးပြေးကားလမ်းမပေါ်မှာ တပ်မတော်က စစ်ဆေးရေးဂိတ်တွေ တိုးမြှင့်ဖွင့်လှစ်လာတဲ့နောက်ပိုင်း မသင်္ကာဖွယ်ရာဆိုတဲ့ စွပ်စွဲချက်တွေကြားမျာ အသက်ပျောက်သွားခဲ့ရတဲ့ ရခိုင်လူငယ်အရေအတွက် တိုးလာတာပဲဖြစ်ပါတယ်။ သေဆုံးသူရဲ့ မိသားစုတွေနဲ့ ဒေသခံတွေက ဘယ်လိုပဲပြောကြပါစေ တပ်မတော်ထုတ်ပြန်ချက်တွေကို ကြည့်လိုက်ရင်တော့ ပစ်ခတ်ခံရလို့ သေဆုံးသွားသူတိုင်းက AA နဲ့ တနည်းနည်း ဆက်စပ်နေတယ်ဆိုတဲ့ အကြောင်းပြချက်ကတော့ ပါနေတာတွေ့ရပါတယ်။ ခြောက်လှန့်ပစ်ခတ်တယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေနောက်မှာ သေဆုံးသူအများစုကတော့ ဦးခေါင်းလို ပွဲချင်းပြီးသေဆုံးနိုင်တဲ့ နေရာတွေမှာပဲ ကျည်ဆန်ထိမှန်နေတာကလည်း ပြည်သူတွေအနေနဲ့ တပ်မတော်ကို သံသယပွားစရာ ဖြစ်လာနေပါတယ်။ တချို့မှာဆိုရင် ဓားဒဏ်ရာတွေပါ တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဆိုတော့ ရခိုင်လူငယ်တွေဟာ အိမ်နေရင်းလည်း မလုံခြုံ၊ လမ်းသွားရင်းလည်း အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရ၊ ကြောက်လန့်လို့ ထွက်ပြေးပြန်ရင်လည်း ပစ်ခတ်ခံနေရတဲ့ အခြေအနေတွေကို နေ့စဉ်ဆိုသလို ကြုံတွေ့နေရတာပါ။ နဂိုကတည်းကမှ ရခိုင်ပြည်နယ်ဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ နောက်ကျနေပြီး အလုပ်အကိုင် ရှားပါးမှုတွေကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ခွာပြီး အလုပ်လုပ်နေကြရတာပါ။

လက်ရှိအနေအထားမှာတော့ ကုန်းလမ်း၊ ရေလမ်း ဘယ်လမ်းကပဲသွားသွား ရခိုင်လူငယ်တစ်ဦး ဖြစ်နေတာနဲ့ပဲ သံသယနဲ့ စောင့်ကြည့်စစ်ဆေးတာတွေကို ကြုံနေရတဲ့အတွက် သွားရေးလာရေးမှာလည်း အခက်အခဲကြုံနေရပါတယ်။ သွားလာရေးအဆင်မပြေလို့ ကိုယ့်အိမ်မှာကိုယ် နေပြန်တော့လည်း ကျေးရွာတွေကို တပ်မတော်ကဝင်စစ်တဲ့အခါ မသင်္ကာဖွယ်ရာဆိုတဲ့ စွပ်စွဲချက်အောက်မှာ ဖမ်းဆီးတာ၊ ရိုက်နှက်တာတွေကိုလည်း ရံဖန်ရံခါဆိုသလို ကြုံနေကြရပါတယ်။

ရခိုင်စစ်ဆင်ရေးကာလမှာ အစိုးရနှင့် တပ်မတော်ရဲ့ပေါ်လစီနဲ့ လုပ်ရပ်တချို့ဟာ ဒေသခံပြည်သူတွေကို အကာအကွယ်ပေးရာ မရောက်ဘဲ စိတ်ဒဏ်ရာတွေပေးနေသလို ဖြစ်နေတာကို အချိန်မီ ပြင်ဆင်နိုင်ဖို့ လိုပါတယ်။ ခွေးကိုတောင် ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်တတ်တယ်ဆိုတဲ့ စကားပုံ ရှိပါတယ်။ လူတွေဆိုတာကတော့ အထွေအထူးပြောစရာမလို၊ ခံစားချက်ကို ရှေ့တန်းတင်တတ်ကြတာ ဖြစ်ရိုးဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။ ရခိုင်လူငယ်တွေအပေါ်မှာ ယခုပုံစံအတိုင်းပဲ ဆက်လက် ကျင့်သုံးနေမယ်ဆိုရင်တော့ ယုံကြည်မှု တည်ဆောက်ရာမရောက်ဘဲ လူငယ်တွေကို တောထဲလိုက်ထုတ်နေသလိုသာ ဖြစ်နေမယ်ဆိုတာကို သုံးသပ်တင်ပြလိုက်ရပါတယ်။

ရမ္မာကျော်စော

၁၅.၅.၂၀၂၀