ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွက်နေကြောင်း စစ်ခေါင်းဆောင်ပြော

“တပ်မတော်အနေနဲ့ ဂျီနီဗာကွန်ဗင်းရှင်းနဲ့အညီ ဆောင်ရွက်လျက်ရှိတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်” ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ 

By Admin 10 Sep 2024

စက်တင်ဘာ ၉ ရက်တွင် နေပြည်တော်၌ စစ်ခေါင်းဆောင်နှင့် ICRC တာဝန်ရှိသူတို့ တွေ့ဆုံစဉ်။ ဓာတ်ပုံ - CINCDS
စက်တင်ဘာ ၉ ရက်တွင် နေပြည်တော်၌ စစ်ခေါင်းဆောင်နှင့် ICRC တာဝန်ရှိသူတို့ တွေ့ဆုံစဉ်။ ဓာတ်ပုံ - CINCDS

DMG ၊ စက်တင်ဘာ ၁၀ 

စစ်ကောင်စီသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ဥက္ကဌ Mr.Mirjana Spoljaric Egger ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

စက်တင်ဘာ ၉ ရက်နေ့က နေပြည်တော်တွင် စစ်ခေါင်းဆောင်နှင့် ICRC တာဝန်ရှိသူတို့တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က ယင်းသို့ဆွေးနွေးခဲ့ခြင်း ဖြစ်စ်သည်။ 

“တပ်မတော်အနေနဲ့ ဂျီနီဗာကွန်ဗင်းရှင်းနဲ့အညီ ဆောင်ရွက်လျက်ရှိတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်” ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။  

ICRC ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး အကူအညီလိုအပ်နေသည့် ပြည်သူများထံသို့ ထောက်ပံ့မှုများ အမှန်တကယ်ရောက်ရှိစေရေးနှင့် မသက်ဆိုင်သည့် အဖွဲ့အစည်းများထံ မရောက်ရှိစေရေး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ဆိုထားသည်။ 

စစ်ကောင်စီက ဂျီနီဗာကွန်ဗင်းရှင်းနှင့်အညီ ဆောင်ရွက်နေကြောင်း ပြောဆိုနေသော်လည်း မြေပြင်တွင် ၎င်းတို့၏ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုနှင့် နေအိမ်အဆောက်အအုံ ပျက်စီးမှုမှာ နေ့စဉ်နှင့်အမျှ ရှိနေသည်။ 

“စစ်ကောင်စီက သူတို့ကျူးလွန်ထားတဲ့ ကိစ္စတွေကိုပြန်ဖုံးဖို့ အခုလို ပြောနေတာဖြစ်တယ်။ အများကြီးမကြည့်နဲ့ ရခိုင်တိုက်ပွဲကာလတလျှောက်မှာ စစ်ကောင်စီလုပ်သမျှ လုပ်ရပ်တွေအကုန်လုံးက ဂျီနီဗာကွန်ဗင်းရှင်းမှာ ပါတဲ့ အချက်တွေကို ချိုးဖောက်နေတာချည်းပဲဖြစ်တယ်”  ဟု ရခိုင် လူငယ်တစ်ဦးက ပြောသည်။ 

ဂျီနီဗာကွန်ဗင်းရှင်း (အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဓလေ့ထုံးတမ်းဥပဒေ)တွင် ပဋိပက္ခတွင် ပါဝင်သည့် လက်နက်ကိုင်အဖွဲ့များသည် တိုက်ပွဲဝင် စစ်သည်များနှင့် စစ်ရေးဆိုင်ရာ ရည်မှန်းချက်များကိုသာ ဦးတည်တိုက်ခိုက်ရမည်ဖြစ်ပြီး အရပ်သားများ၊ အရပ်ဘက်/ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများနှင့် ဘာသာရေး အဆောက်အအုံများအား ဦးတည်တိုက်ခိုက်ခြင်းမပြုရကြောင်း ပြဌာန်းထားသည်။