ပြည်ပမှပြန်လာသူများတွင် အိုမီခရွန် ကိုဗစ်မျိုးရိုးဗီဇပြောင်း ရောဂါပိုးကူးစက်ခံရမှုများ တွေ့ရှိနေရဆဲဖြစ်

အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုးများတွင် BA.1, BA.2, BA.4, BA.5 မျိုးရိုးကွဲများရှိရာ BA.2 သည် BA.1 ထက် ကူးစက်မှုပိုမြန်သည့်အပြင် ကာကွယ်ဆေးကို ခုခံနိုင်စွမ်းရှိသောကြောင့် အထူးဂရုပြုနေထိုင်ကြရန် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက တိုက်တွန်းထားသည်။

By Admin 10 Feb 2023

ပြည်ပမှပြန်လာသူများတွင် အိုမီခရွန် ကိုဗစ်မျိုးရိုးဗီဇပြောင်း ရောဂါပိုးကူးစက်ခံရမှုများ တွေ့ရှိနေရဆဲဖြစ်

DMG ၊ ဖေဖော်ဝါရီ ၁၀

ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာကြသူများတွင် အိုမီခရွန် ကိုဗစ်မျိုးရိုးဗီဇပြောင်း ရောဂါပိုးကူးစက်ခံရမှုများ တွေ့ရှိနေရဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့က ပြည်ပမှပြန်လာသူများထဲမှ ၉ ဦးတွင် အိုမီခရွန် ကိုဗစ်မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.5 တွေ့ရှိခဲ့ပြီး၊ ၈ ဦးတွင် BA.2 ရောဂါပိုးကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုးများတွင် BA.1, BA.2, BA.4, BA.5 မျိုးရိုးကွဲများရှိရာ BA.2 သည် BA.1 ထက် ကူးစက်မှုပိုမြန်သည့်အပြင် ကာကွယ်ဆေးကို ခုခံနိုင်စွမ်းရှိသောကြောင့် အထူးဂရုပြုနေထိုင်ကြရန် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက တိုက်တွန်းထားသည်။

ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ကျန်းမာရေးမှူး ဒေါက်တာဇော်ဇော်အောင်က “ကိုဗစ်မျိုးရိုးကွဲတွေမှာ BA.1, BA.2, BA.4, BA.5 ဆိုပြီး အမျိုးမျိုးရှိပါတယ်။ တုတ်ကွေးလိုပဲ ညောင်းညာကိုက်ခဲတာ၊ နှာစေး၊ ချောင်းဆိုးတာရယ်၊ အနံ့မရတာတွေရယ်ဖြစ်တယ်။ တခြားကိုဗစ်မျိုးကွဲတွေနဲ့တော့ ရောဂါလက္ခဏာ အထူးအခြား ပြောင်းလဲတာတော့ မရှိပါဘူး။ ဂရုစိုက်ပြီးတော့နေသင့်တာပေါ့။ ရခိုင်ပြည်တွင်းမှာတော့ ကူးစက်မှုမရှိသေးပါဘူး။ ဒါပေမဲ့ ပြည်ပကပြန်လာတဲ့သူတွေမှာတော့ အိုမီခရွန်မျိုးကွဲ ကူးစက်ခံထားရတာတွေ တွေ့ရပါတယ်” ဟု ပြောဆိုသည်။

ကိုဗစ်ရောဂါကာကွယ်ဆေး၊ ထပ်ဆောင်းအားဖြည့်ဆေး(Booster) ထိုးနှံထားခြင်းအားဖြင့် ရောဂါပိုးကူးစက်ခံခဲ့ရပါက ရောဂါပြင်းထန်မှု၊ အသက်သေဆုံးမှုများအား လျော့ချပေးနိုင်သောကြောင့် ကာကွယ်ဆေးများအား အကြိမ်ပြည့်ထိုးနှံထားသင့်ကြောင်းလည်း ပြောဆိုနေကြသည်။

ရခိုင်ပြည်၊ စစ်တွေပြည်သူ့ဆေးရုံကြီးနှင့် တရားသိစုရပ်ကွက်ဓမ္မာရုံတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့များတွင် ကိုဗစ်ကာကွယ်ဆေးများအား ကျန်းမာရေးဌာနမှ အခမဲ့ထိုးနှံပေးနေသည့်အပြင် တခြားသောမြို့နယ်များ၌ ကျန်းမာရေးဌာနများတွင် ကာကွယ်ဆေးများ အခမဲ့ထိုးနှံနေကြောင်း သိရသည်။

“ကာကွယ်ဆေးကတော့ ဘာပဲဖြစ်ဖြစ် အကြိမ်ပြည့်ထိုးနှံထားသင့်ပါတယ်။ ရောဂါကူးစက်ခံခဲ့ရရင်လည်း ကာကွယ်ဆေးထိုးနှံထားတဲ့သူတွေက ရောဂါပြင်းထန်မှုတွေ မတွေ့ရဘူး။ အသက်သေဆုံးတာတွေ မတွေ့ရဘူး။ ဒါပေမဲ့ အခုချိန်မှာက ကာကွယ်ဆေးကို ဂရုတစိုက်ထိုးနှံတာတွေ မတွေ့ရပါဘူး” ဟု ဒေါက်တာဇော်ဇော်အောင်က ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၆ ရက်နေ့အထိ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့သူ စုစုပေါင်း ၆၃၃,၈၄၂ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၄၉၀ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် ကမ္ဘာ့နိုင်ငံအချို့နှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် အိုမီခရွန်ဗီဇပြောင်းမျိုးရိုးကွဲအသစ်များ လျင်မြန်စွာ ကူးစက်မှုရှိနေပြီး ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်နေသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင်းမှ ပြည်သူများအနေဖြင့်လည်း ကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံကာ အထူးဂရုပြုနေထိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

#I005