မြန်မာနိုင်ငံတွင် ချက်ချင်းအပစ်ရပ်ကြရန် အာဆီယံတောင်းဆို

မြန်မာ့အရေး ကူညီဖြေရှင်းရန်အတွက် အာဆီယံအဖွဲ့ကြီးသည် ၂၀၂၁ ခုနှစ်တည်းက ဘုံသဘောတူညီချက် ငါးရပ် ချမှတ်ခဲ့သော်လည်း လက်ရှိအချိန်အထိ မယ်မယ်ရရ အကောင်အထည် မပေါ်သေးပေ။

By Admin 14 Oct 2024

ပုံစာ - လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပသည့် ၁၄ ကြိမ်မြောက် အာဆီယံ-ကုလ ထိပ်သီးညီလာခံသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များ အောက်တိုဘာလ ၁၁ ရက်နေ့က အမှတ်တရ ဓာတ်ပုံရိုက်ယူကြစဉ်။
ပုံစာ - လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပသည့် ၁၄ ကြိမ်မြောက် အာဆီယံ-ကုလ ထိပ်သီးညီလာခံသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များ အောက်တိုဘာလ ၁၁ ရက်နေ့က အမှတ်တရ ဓာတ်ပုံရိုက်ယူကြစဉ်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများ ချက်ချင်း ရပ်တန့်ကြရန်နှင့် ပြည်တွင်းစစ်ကို အဆုံးသတ်ရန်အတွက် အင်အားစုများအားလုံး ပါဝင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ကြရန် အာဆီယံထိပ်သီးညီလာခံက တောင်းဆိုလိုက်သည်။

အဆိုပါညီလာခံကို ပြီးခဲ့သည့် သီတင်းပတ်တွင် ကျင်းပခဲ့ပြီးနောက် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

မြန်မာပြည်တဝန်း ဖြစ်ပွားနေသည့် စစ်ပွဲနှင့် ပတ်သက်၍ အာဆီယံအဖွဲ့ကြီးက "ချက်ချင်း အပစ်ရပ်ကြရန်" တောင်းဆိုပြီး မြန်မာကိုယ်တိုင် ဦးစီးဆောင်ရွက်မည့် "လူသားချင်းစာနာမှု အကူအညီများ ဖြန့်ဝေနိုင်ရေးနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အားလုံးပါဝင်သည့် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်နိုင်ရေးတို့အတွက် အထောက်အကူအဖြစ်စေမည့် အခြေအနေတစ်ရပ်" ဖန်တီးကြရန် အာဆီယံ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဆီယံအဖွဲ့ဝင်ဖြစ်သော မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၌ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံအနှံ့တွင် မြန်မာစစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

လူဦးရေ သန်းပေါင်း ၅၀ ကျော်ရှိသည့် မြန်မာနိုင်ငံတွင် ၁၈.၆ သန်းခန့်သည် စာနာမှုအကူအညီများ လိုအပ်ချက်ရှိသည်ဟု ယူဆရသည်။

မြန်မာ့အရေး ကူညီဖြေရှင်းရန်အတွက် အာဆီယံအဖွဲ့ကြီးသည် ၂၀၂၁ ခုနှစ်တည်းက ဘုံသဘောတူညီချက် ငါးရပ် ချမှတ်ခဲ့သော်လည်း လက်ရှိအချိန်အထိ မယ်မယ်ရရ အကောင်အထည် မပေါ်သေးပေ။

မြန်မာ့အရေးနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံကလည်း အလွတ်သဘော ဆွေးနွေးညှိနှိုင်းပွဲများ ပြုလုပ်ရန် ကမ်းလှမ်းထားသည်။ အဆိုပါ ဆွေးနွေးမှုများကို အာဆီယံအဖွဲ့ကြီးကလည်း အားပေးကြိုဆိုထားပြီး အခြား အာဆီယံနိုင်ငံများလည်း ပါဝင်ဆွေးနွေးကြဖွယ်ရှိကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။