ဗဟိုအာရှအစည်းအဝေးတွင် သမ္မတပူတင် အီရန်သမ္မတနှင့် တွေ့ဆုံ

အီရန်သမ္မတ ပီဇက်ရှ်ဒီယန်သည် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို တန်ပြန်ရန်အတွက် ၎င်း၏ နိုင်ငံကို ရုရှားနှင့် ပို၍ နက်နက်ရှိုင်းရှိုင်းဆက်ဆံရန် ပြီးခဲ့သည့်လကပင် ကတိထားရှိခဲ့သည်။

By Admin 12 Oct 2024

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်က တာ့ခ်မင်နစ္စတန်နိုင်ငံ၊ အက်ရှ်ဂါဘတ်တွင် ကျင်းပခဲ့သော တာ့ခ်မင်နစ္စတန် ကဗျာဆရာနှင့် ဒဿနပညာရှင် မတ်ဂျ်တိုင်းဂူလီ ဖရာဂျီ မွေးဖွားခြင်း နှစ် ၃၀၀ ပြည့် အထိမ်းအမှတ် ယဉ်ကျေးမှုဖိုရမ်တွင် ရုရှားသမ္မတ ပူတင်နှင့် အီရန်သမ္မတ ပီဇက်ရှ်ဒီယန်တို့ တွေ့ဆုံစဉ်။  (ဓာတ်ပုံ - Reuters)

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တာ့ခ်မင်နစ္စတန်နိုင်ငံတွင် လွန်ခဲ့သော အောက်တိုဘာလ ၁၁ ရက်က အီရန်သမ္မတ မာဆူးဒ် ပီဇက်ရှ်ဒီယန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းတွေ့ဆုံမှုတွင် ခေါင်းဆောင် နှစ်ဦးက ၎င်းတို့နိုင်ငံများ၏ စီးပွားရေးဆက်သွယ်မှု တိုးတက်ကြီးထွားလာမှုများနှင့် ကမ္ဘာ့ရေးရာများ အပေါ်တွင် တူညီသောအမြင် ထားရှိနိုင်မှုများကို ချီးကျူးပြောကြားခဲ့ကြကာ အမေရိကန်ကမူ ယခုတွေ့ဆုံမှုကို စိုးရိမ်ပူပန်မှုဖြင့် ရှုမြင်သုံးသပ်ထားကြောင်း Reuters က ဖော်ပြထားသည်။

ယူကရိန်းတွင် တိုက်ခိုက်နေသော ရုရှား၏စစ်ပွဲကို ဝါရှင်တန်နှင့် ဥရောပသမဂ္ဂတို့နှင့် မတူကွဲပြားစွာ အီရန်က ဆန့်ကျင်ဘက် ရပ်တည်ထားပြီး မာနထောင်လွှားကာ ကိုယ်ကျိုးစီးပွားကို ဦးတည်သော အနောက်အုပ်စုကို ဆန့်ကျင်ရန်အတွက် ပိုမိုကျယ်ပြန့်သော ဖြစ်တည်မှုအဖြစ် ကမ္ဘာလုံးဆိုင်ရာအရှေ့ခြမ်းနှင့် ကမ္ဘာလုံးဆိုင်ရာတောင်ဘက်ခြမ်း ဆက်ဆံရေးကို ရုရှားသမ္မတ ပူတင်က ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်လိုလျက်ရှိသည်။

သမ္မတ ပူတင် ခေါင်းဆောင်နေသော ရုရှားနိုင်ငံ ကာဇန်မြို့တွင် အောက်တိုဘာလ ၂၂ ရက်မှ အောက်တိုဘာလ ၂၄ ရက်အထိ BRICS ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပမည်ဖြစ်ပြီး ၎င်း၏နိုင်ငံသို့ တရားဝင်အလည်အပတ်ခရီး လာရောက်ရန် ရုရှားသမ္မတ ပူတင်က အီရန်သမ္မတ ပီဇက်ရှ်ဒီယန်ကို ဖိတ်ခေါ်ခဲ့သည့်အပေါ် အီရန်ခေါင်းဆောင်ဘက်ကလည်း လက်ခံခဲ့ကြောင်း ရုရှားနိုင်ငံပိုင် RIA သတင်းဌာနက ဖော်ပြထားသည်။

အီရန်သမ္မတ ပီဇက်ရှ်ဒီယန်သည် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို တန်ပြန်ရန်အတွက် ၎င်း၏ နိုင်ငံကို ရုရှားနှင့် ပို၍ နက်နက်ရှိုင်းရှိုင်းဆက်ဆံရန် ပြီးခဲ့သည့်လကပင် ကတိထားရှိခဲ့သည်။

ရုရှားနှင့် အီရန် နှစ်နိုင်ငံလုံးက မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံမှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် နီးစပ်နေပြီဟု ပြောကြားထားပြီး ယခုလနှောင်းပိုင်းတွင် ရုရှားနိုင်ငံ၌ ကျင်းပရန်ရှိနေသော BRICS ထိပ်သီးအစည်းအဝေး၌ ယင်းလုပ်ငန်းစဉ်ကို အပြီးသတ်နိုင်ရန် မျှော်လင့်ထားကြောင်း အီရန်သမ္မတ ပီဇက်ရှ်ဒီယန်က သောကြာနေ့တွင် ပြောကြားခဲ့သည်။