တိုက်ပွဲ နယ်မြေကျယ်ပြန့်လာသည့် ဂွတွင် မြို့ကို စွန့်ခွာသူများပြားလာ

ဂွမြို့နယ်အတွင်း ဩဂုတ်လဆန်းပိုင်းက စတင်ခဲ့သည့် တိုက်ပွဲများသည် လက်ရှိတွင် ဂွမြို့နှင့် ၁၀ မိုင်ခန့်အကွာရှိ သဗြုချောင်း၊ ကြွေချိုင်နှင့် တိုင်ကျိုးကျေးရွာများ အနီးအထိ ရောက်ရှိလာသဖြင့် မြို့ခံများမှာ စိုးရိမ်စိတ်ဖြင့် ဘေးလွတ်ရာကို တိမ်းရှောင်လာကြခြင်းဖြစ်သည်။

By Admin 21 Oct 2024

စစ်ဘေးတိမ်းရှောင်နေကြသည့် ဂွဒေသခံများအား ယခု အောက်တိုဘာလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ- KGK
စစ်ဘေးတိမ်းရှောင်နေကြသည့် ဂွဒေသခံများအား ယခု အောက်တိုဘာလအတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ- KGK

DMG ၊ အောက်တိုဘာ ၂၁

ရခိုင်ပြည် တောင်ပိုင်းအဆုံးရှိ ဂွမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲနယ်မြေကျယ်ပြန့်လာပြီးနောက် ဂွမြို့ပေါ်တွင် နေထိုင်သည့် မြို့ခံအများစုမှာ ဧရာဝတီတိုင်းနှင့် ပြည်မဖက်ကို ရွှေ့ပြောင်းတိမ်းရှောင်မှု များပြားလာနေကြောင်း သိရသည်။

ဂွမြို့နယ်အတွင်း ဩဂုတ်လဆန်းပိုင်းက စတင်ခဲ့သည့် တိုက်ပွဲများသည် လက်ရှိတွင် ဂွမြို့နှင့် ၁၀ မိုင်ခန့်အကွာရှိ သဗြုချောင်း၊ ကြွေချိုင်နှင့် တိုင်ကျိုးကျေးရွာများ အနီးအထိ ရောက်ရှိလာသဖြင့် မြို့ခံများမှာ စိုးရိမ်စိတ်ဖြင့် ဘေးလွတ်ရာကို တိမ်းရှောင်လာကြခြင်းဖြစ်သည်။

" ဂွမြို့မှာက လူတွေ သိပ်မရှိကြတော့ဘူး။ အနည်းငယ်လောက်ပဲ အိမ်စောင့်အဖြစ်ရှိတော့တယ်။ အဓိကတော့ တိုက်ပွဲက မြို့နဲ့ နီးစပ်လာတာကြောင့် မြို့ခံအများစုက ကြိုပြီး ဘေးလွတ်ရာကို ရှောင်နေကြတာဖြစ်တယ်" ဟု ဂွမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ ဂွမြို့ပေါ်က ဌာနဆိုင်ရာဝန်ထမ်းများမှာလည်း ဩဂုတ်လမှစကာ ပြည်မဖက်ကို ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ဂွမြို့တွင် စစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရားအားလုံး ရပ်တန့်နေကြောင်း သိရသည်။

လတ်တလော ဂွမြို့နယ်တွင် နေရပ်စွန့်ခွာတိမ်းရှောင်နေကြသူဦးရေမှာ ၃ သောင်းနှင့် အထက်ရှိနေကြောင်း စစ်ရှောင်အရေးကူညီနေသူများထံမှ သိရသည်။ ဂွနှင့် သံတွဲမြို့နယ်ဖက်က စစ်ဘေးရှောင်အများစုမှာ ဧရာဝတီတိုင်း ငသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်၊ ပုသိမ်နှင့် ရန်ကုန်တို့ကို တိမ်းရှောင်နေကြခြင်းဖြစ်သည်။

လက်ရှိတွင် ဂွနှင့် ဧရာဝတီတိုင်း ငသိုင်းချောင်းမြို့အကြားတွင် စစ်ကောင်စီက အင်အားများတိုးချဲ့ ချထားပြီး၊ စစ်ဘေးတိမ်းရှောင်သူများကိုလည်း တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများရှိနေကြောင်း သိရသည်။

ယင်းအပြင် ဂွမြို့နယ်သို့ ဧရာဝတီတိုင်းဖက်က စားနပ်ရိက္ခာနှင့် ဆေးဝါးတင်းသွင်းခွင့်ကို စစ်ကောင်စီက ပိတ်ဆို့ထား၍ ဒေသခံများမှာ စားနပ်ရိက္ခာအပြင် ဆေးဝါးပြတ်လပ်မှုနှင့် ကြုံတွေ့နေကြရသည်။

ဂွမြို့နယ်အတွင်းတိုက်ပွဲများမှာလည်း နေ့စဉ်နှင့်အမျှဖြစ်ပွားနေပြီး စစ်ကောင်စီက စစ်အင်အားတိုးချဲ့မှုများ လုပ်ဆောင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

" ဂွဖက်ကို ရခိုင်ဖက်က စစ်သားတွေပို့လို့ မရတော့တာကြောင့် ဧရာဝတီဖက်က စစ်သားတွေကို ပို့ပြီးတော့ စစ်ကောင်စီက စစ်တိုက်နေကြတာဖြစ်တယ်။ ဧရာဝတီဖက်က လာတဲ့ စစ်သားတွေက နယ်မြေမကျွမ်းတာတွေကြောင့် အကျအရှုံးနဲ့ ထွက်ပြေးနေကြတဲ့ စစ်သားတွေက အများကြီးပဲ" ဟု သူက ဆိုသည်။

ဂွတိုက်ပွဲများအတွင်း စစ်ကောင်စီသည် ကြည်း၊ လေ၊ ရေပူးပေါင်းကာ အလုံးအရင်းဖြင့် အင်းအားဖြည့် တိုက်ခိုက်နေပြီး ကျေးရွာများကိုလည်း ပစ်မှတ်ထားတိုက်ခိုက်နေသဖြင့် အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။

တိုက်ပွဲပြင်းထန်မှုနှင့်အတူ ဂွမြို့အခြေစိုက် ခမရ - ၅၆၂ နှင့် ခမရ - ၅၆၃ တပ်ရင်းများကို အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကွပ်ကဲမှုလက်အောက်တွင် မထားတော့ဘဲ ပုသိမ် အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ် ( နတခ )က တိုက်ရိုက်ကွပ်ကဲနေကြောင်း သိရသည်။