ဂါဇာဖျက်ဆီးမှုမျိုး လက်ဘနွန်တွင် ထပ်မလုပ်ဖို့ အစ္စရေးကို အမေရိကန် သတိပေး

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက လက်ဘနွန်ကို ပါလက်စတိုင်း နယ်မြေကဲ့သို့ပင် ဖျက်ဆီးခံရမည်ဟု ခြိမ်းခြောက်လိုက်ပြီးသည့်နောက်၌ အမေရိကန်ဘက်က အစ္စရေးကို ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။

By Admin 11 Oct 2024

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က ဘေရွတ်မြို့၌ အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အပျက်အစီးပုံအနီးတွင် ရပ်နေသူတစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ - AP)
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က ဘေရွတ်မြို့၌ အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အပျက်အစီးပုံအနီးတွင် ရပ်နေသူတစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ - AP)

အစ္စရေး၏ အဓိကမဟာမိတ်ဖြစ်သော အမေရိကန်ပြည်ထောင်စုသည် အစ္စရေးကို လက်ဘနွန်၌ ဂါဇာကမ်းမြောင်ကဲ့သို့သော စစ်ရေးအရ အရေးယူခြင်းမျိုး မလုပ်ရန် အောက်တိုဘာလ ၉ ရက်က သတိပေးလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက လက်ဘနွန်ကို ပါလက်စတိုင်း နယ်မြေကဲ့သို့ပင် ဖျက်ဆီးခံရမည်ဟု ခြိမ်းခြောက်လိုက်ပြီးသည့်နောက်၌ အမေရိကန်ဘက်က အစ္စရေးကို ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။

သို့သော် အစ္စရေး၏လက်နက်ကိုင်တပ်ဖွဲ့အကြီးအကဲ ဟာဇီဟာလီဗီက ဟစ်ဇ်ဘိုလာ ပစ်မှတ်များကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေသည့် အစ္စရေး၏ ဆောင်ရွက်ချက်များကို ဆက်လက် လုပ်ဆောင်သွားမည်သာ ဖြစ်ကြောင်း ကတိပြုပြောကြားလိုက်သည်။ စက်တင်ဘာလ ၂၃ ရက်နေ့ကတည်းက စတင်ဆောင်ရွက်ခဲ့သော ယင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် လူပေါင်း ၁,၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီးပြီလည်း ဖြစ်သည်။

အစ္စရေး၏ လက်နက်ကိုင်တပ်ဖွဲ့အကြီးအကဲ ဟာဇီ ဟာလီဗီ က ၎င်းတို့ကို သက်ညှာခွင့်ပေးမည် မဟုတ်သကဲ့သို့ ပြန်လည်ထူထောင်မည့် အခွင့်အရေးလည်း ပေးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက လုပ်ဆောင်ခဲ့သော အီရန်၏ ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်မှုကို အစ္စရေးဘက်က တုံ့ပြန်ရန် အာရုံစူးစိုက်မှုများ ရှိလာခဲ့အပြီးတွင် သီတင်းပတ် ၇ ပတ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ပြည်ထောင်စုသမ္မတ ဂျိုးဘိုင်ဒင်နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု တို့အကြား၌ မျှော်လင့်ထားသည့်အတိုင်းပင် အပြန်အလှန် ဖုန်းခေါ်ဆိုမှုများ ရှိလာခဲ့ကာ ယင်းဖုန်းခေါ်ဆိုမှုများအပြီးတွင် အဆိုပါမှတ်ချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဖုန်းခေါ်ဆိုမှုအတွင်း ဘိုင်ဒင်က နေတန်ယာဟုကို လက်ဘနွန်ရှိ အရပ်သားပြည်သူများ၊ အထူးသဖြင့် လူနေထူထပ်သော ဘေရွတ်မြို့၌ အန္တရာယ်ဖြစ်မှု နည်းပါးအောင် ဆောင်ရွက်ရန် မှာကြားခဲ့သည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။

“လက်ဘနွန်မှာ ဂါဇာကမ်းမြောင်နဲ့ဆင်တူတဲ့ စစ်ရေးလှုပ်ရှားမှုမျိုးကို မလုပ်သင့်ပါဘူး။ ဂါဇာကမ်းမြောင်မှာ ချန်ထားရစ်ခဲ့တဲ့ ရလဒ်မျိုးကို လက်ဘနွန်မှာ ဘာတစ်ခုမှ မချန်ခဲ့သင့်ပါဘူး” ဟု နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် မက်သယူး မီလ်လာက သတင်းထောက်များကို ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုသည် ပြီးခဲ့သည့်အင်္ဂါနေ့က လက်ဘနွန်ပြည်သူများကို ဗီဒီယိုမိန့်ခွန်းပြောကြားခဲ့ပြီး ယင်းဗီဒီယိုမိန့်ခွန်းတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက “ကျွန်တော်တို့တွေ ဂါဇာမှာ မြင်တွေ့နေရတဲ့ ပျက်သုဉ်းမှုတွေနဲ့ ဆင်းရဲဒုက္ခတွေဆီကို ဦးတည်စေမယ့် ရှည်လျားတဲ့စစ်ပွဲရဲ့ ချောက်ထဲကို မကျရောက်ခင်မှာ လက်ဘနွန်ကို ကယ်တင်ဖို့အတွက် ခင်ဗျားတို့မှာ အခွင့်အရေးရှိနေပါတယ်” ဟု ပြောကြားသွားခဲ့သည်။

နေတန်ယာဟုက “ခင်ဗျားတို့နိုင်ငံကို ဟစ်ဇ်ဘိုလာရဲ့လက်ကနေ လွတ်မြောက်အောင် လုပ်ပါ။ ဒါမှပဲ စစ်ပွဲဟာ ပြီးဆုံးသွားနိုင်ပါလိမ့်မယ်” ဟုလည်း လက်ဘနွန်ပြည်သူများကို ထည့်သွင်းပြောကြားခဲ့သည်။