မြန်မာရေတပ်က ပစ်ခတ်သဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ

အောက်တိုဘာလ ၁၀ ရက် နေ့လယ် ၃ နာရီခန့်၌ ဘင်္ဂလားဒေ့ရှ်ပိုင် အုန်းကျွန်း၊ တက်ကနာနှင့် မြန်မာရေပိုင်နက်တို့ ဆုံရာအနီး ရေပြင်တွင် ငါးဖမ်းနေသော လှေ ၆ စီးခန့်အထိ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

By Admin 11 Oct 2024

အောက်တိုဘာလ ၁၀ ရက်နေ့က မြန်မာရေတပ်၏ ပစ်ပတ်မှုကြောင့် သေဆုံးသွားသူ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား အူစမန်၏ ကျန်ရစ်သူမိသားစု။ ဓာတ်ပုံ - Dhaka Tribune
အောက်တိုဘာလ ၁၀ ရက်နေ့က မြန်မာရေတပ်၏ ပစ်ပတ်မှုကြောင့် သေဆုံးသွားသူ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား အူစမန်၏ ကျန်ရစ်သူမိသားစု။ ဓာတ်ပုံ - Dhaka Tribune

စိန့်မာတင်ကျွန်းခေါ် အုန်းကျွန်းအနီး ကမ်းလွန်ရေပြင်ရှိ ငါးဖမ်းလှေများကို မြန်မာရေတပ်က ပစ်ခတ်သဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။

အောက်တိုဘာလ ၁၀ ရက် နေ့လယ် ၃ နာရီခန့်၌ ဘင်္ဂလားဒေ့ရှ်ပိုင် အုန်းကျွန်း၊ တက်ကနာနှင့် မြန်မာရေပိုင်နက်တို့ ဆုံရာအနီး ရေပြင်တွင် ငါးဖမ်းနေသော လှေ ၆ စီးခန့်အထိ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

ပစ်ခတ်ခံရသော စက်လှေများအနက် တစ်စီး၏ ပိုင်ရှင်ဖြစ်သော စိုင်ဖူဆိုသူက ၎င်းတို့၏လှေများ ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်အတွင်း၌ ငါးဖမ်းနေစဉ် ရေစီးပြင်းသဖြင့် လှေ ၆ စီးသည် မြန်မာရေပိုင်နက်တွင်းသို့ ရောက်ရှိသွားကြောင်း၊ နေ့လယ် ၂ နာရီခွဲဝန်းကျင်၌ မြန်မာရေတပ်က ရုတ်ခြည်းရောက်လာပြီး ၎င်းတို့ကို သတိမပေးဘဲ ချက်ချင်း ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဖြေကြားကြောင်း ဒေလီစတား သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

စိုင်ဖူ၏ စက်လှေပေါ်၌ ရှိနေသူ လေးဦးကို ပစ်ခတ်ခံရပြီး ၎င်းတို့အနက်မှ အသက် ၆၀ ဝန်းကျင်အရွယ် အူစမန်ဂါနီ ဆိုသူမှာ ဒဏ်ရာများဖြင့် ထိုနေရာတွင်ပင် သေဆုံးသွားသည်။

ထို့နောက်တွင် ငါးဖမ်းလှေ ၆ စီးနှင့် လှေများပေါ်၌ ရှိနေသူ ၅၀ ကျော်ခန့်ကို မြန်မာရေတပ်က ခေါ်ယူသွားခဲ့သည်။ မြန်မာရေတပ်နှင့် ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်တို့ ဆက်သွယ်ဆွေးနွေးပြီးနောက် ၎င်းတို့အား ထိုနေ့တွင်ပင် နှစ်သုတ်ခွဲ၍ ပြန်လွှတ်ပေးခဲ့သည်ဟု ပရိုသော်မ်အာလို သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယခုပစ်ခတ်မှုနှင့် ပတ်သက်ပြီး မြန်မာဘက်သို့ တရားဝင်ကန့်ကွက်စာ ပေးပို့ထားကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယနေ့ (အောက်တိုဘာ ၁၁) ထုတ်ပြန်ထားသည်။ မြန်မာအနေဖြင့် ဘင်္ဂလားဒေ့ရှ် ရေပြင်ပိုင်နက်ကို လေးစားလိုက်နာရန်နှင့် နောက်ထပ် ရန်စမှုများ မလုပ်ရန်လည်း သတိပေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၇ ရက်နေ့ကလည်း အာရက္ခတပ်တော်သည် မြန်မာဘက်ခြမ်း ရေပြင်တွင် ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၅ ဦးကို ဖမ်းဆီးခဲ့ပြီး နောက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ထံသို့ ပြန်လွှဲပေးခဲ့သည်။