မွတ်ဆလင်ဒုက္ခသည်များအတွက် ရခိုင်ပြည်တွင် ဘေးကင်းဇုန် (Safe Zone) ထားပေးရန် ကုလကို ဘင်္ဂလားဒေ့ရှ် တောင်းဆို

ရခိုင်ပြည်ထဲတွင် မွတ်ဆလင်ဒုက္ခသည်များအတွက် ကုလသမဂ္ဂက ကာကွယ်ပေးမည့် ဘေးကင်းဇုန် (Safe Zone) တစ်နေရာ သတ်မှတ်ပေးရန် ဘင်္ဂလားဒေ့ရှ်က ကုလသမဂ္ဂကို တောင်းဆိုလိုက်သည်။

By Admin 15 Oct 2024

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမက်စ်အင်ဒရူးနှင့် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ မိုဟာမက်ယူနွတ်တို့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့က ဒေါက်တာယူနွတ်၏ ရုံးခန်းတွင် တွေ့ဆုံစဉ်။

အောက်တိုဘာလ ၁၄ ရက်နေ့က ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမက်စ်အင်ဒရူးနှင့် တွေ့ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကြားဖြတ်အစိုးရ အကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ မိုဟာမက်ယူနွတ်က ပြောကြားလိုက်ခြင်း ဖြစ်သည်။

“သူတို့အတွက် အကူအညီရရှိဖို့ ဒါဟာ အကောင်းဆုံးနည်းလမ်း ဖြစ်ပါလိမ့်မယ်” ဟု မိုဟာမက်ယူနွတ်က ပြောကြားခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် သတင်းများတွင် ဖော်ပြထားသည်။

ဤသို့ဆောင်ရွက်ခြင်းဖြင့် ရခိုင်ပြည်မှ ပဋိပက္ခကို ဖြေရှင်းရန်အတွက် ကောင်းမွန်သည့် အစပျိုးမှုတစ်ရပ် ဖြစ်လာနိုင်သလို ဒုက္ခသည် ထောင်ပေါင်းများစွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ထပ်ဝင်လာနေခြင်းကိုလည်း ကာကွယ်နိုင်မည်ဟု ဒေါက်တာယူနွတ်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ အရေအတွက်သည် ၃.၁ သန်းခန့်ရှိသည်ဟု သောမက်စ်အင်ဒရူးက ပြောကြားသည်။ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ရခိုင်ပြည်မှ တိုက်ပွဲများကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲသို့ ဝင်ပြေးလာကြသည့် မွတ်ဆလင်ဒုက္ခသည် အရေအတွက်သည် ၃ သောင်းခန့်ရှိသည်ဟုလည်း အင်ဒရူး၏ ပြောကြားချက်အရ သိရသည်။

ရခိုင်ပြည်တွင်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူများ အရေးနှင့် ပတ်သက်ပြီး အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်လည်း ဒေါက်တာယူနွတ်က သောမက်စ်အင်ဒရူးကို အကြံပြုခဲ့သည်ဟု ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ထိုအပြင် ၎င်းတို့နှစ်ဦး တွေ့ဆုံဆွေးနွေးမှု၌ ဒေါက်တာယူနွတ်က မွတ်ဆလင်ဒုက္ခသည်များ တတိယနိုင်ငံတစ်ခုတွင် ပြည်လည်အခြေချ နေထိုင်နိုင်ရေးအတွက်လည်း ကုလအထူးကိုယ်စားလှယ်ထံမှ အကူအညီများ တောင်းခံခဲ့သည်ဟု သတင်းတွင် ဖော်ပြချက်အရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်ရှိ ဒုက္ခသည်စခန်းများတွင် မွတ်ဆလင်ဒုက္ခသည်စုစုပေါင်း တစ်သန်းကျော်ရှိသည်။